ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့စ်ဘဇားခရိုင်ထဲက ဒုက္ခသည်စခန်း တခုမှာ မေ ၁ဝ ရက် မနက်အစောပိုင်းက Arakan Rohingya Salvation Army (ARSA) တပ်ဖွဲ့က ထိပ်သီးခေါင်းဆောင်တဦးကို ဘင်္ဂလားဒေ့ရှ်ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအခြေစိုက် Dhaka Tribune သတင်းဌာနက ဖော်ပြထားပါတယ်။
ကော့စ်ဘဇားခရိုင်၊ အိုကီးယားမြို့နယ်ထဲက မြန်မာ-မွတ်ဆလင် ဒုက္ခသည်စခန်း အမှတ် ၁၉ မှာ ARSA ထိပ်ပိုင်းခေါင်းဆောင်တဦးဖြစ်တဲ့ အသက် ၃၂ နှစ်အရွယ်ရှိ ဟာဖက်ဂျူဘာယာ ဆိုသူကို ဖမ်းဆီးရမိခဲ့တာပါ။
ဘင်္ဂလားဒေ့ရှ် ထောက်လှမ်းရေးတပ်ဖွဲ့တွေရဲ့ သတင်းပေးချက်အရ ARSA ထိပ်ပိုင်းခေါင်းဆောင်တဦး ဒုက္ခသည်စခန်းမှာ ရောက်ရှိနေကြောင်း သိရတဲ့အတွက် သွားရောက်ဖမ်းဆီးရာကနေ သေနတ် ၄ လက်၊ ကျည်ဆန် ၃၂ တောင့်၊ စကားပြောစက် ၂ လုံးနဲ့အတူ ဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့ ဘင်္ဂလားဒေ့ရှ်ရဲအရာရှိ ဖာရွတ်အာမက်က နေ့လယ်ပိုင်းမှာ ဒေသတွင်းမီဒီယာတွေကို ပြောပါတယ်။
ဟာဖက်ဂျူဘာယာကို ရဲတပ်ဖွဲ့က စစ်ဆေးချက်အရ ARSA ခေါင်းဆောင်တဦးလို့ ထွက်ဆိုခဲ့ကာ မြန်မာနိုင်ငံတွင်းက ဝေးလံပြီး တောင်ထူထပ်တဲ့ ARSA စခန်းတခုမှာ ခြောက်လကြာ စစ်သင်တန်းတက်ခဲ့ပြီး မိသားစုဝင်တွေနဲ့ ပြန်လည်တွေ့ဆုံဖို့အတွက် မကြာသေးတဲ့ အချိန်အတွင်းကပဲ ဒုက္ခသည်စခန်းကို ပြန်ရောက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
အဆိုပါ ဖမ်းဆီးရမိတဲ့ ARSA ထိပ်သီးခေါင်းဆောင်တဦးဖြစ်သူ ဟာဖက်ဂျူဘာယာကို တရားဥပဒေအရ ပြစ်ဒဏ်ပေးနိုင်ဖို့ အိုကီးယားစခန်းကို ပို့ဆောင်သွားမယ်လို့ ဖော်ပြထားပါတယ်။
source - Dhaka Tribune / Photo-ဘင်္ဂလားဒေ့ရှ်တပ်ဖွဲ့ဝင်တချို့
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်နယ်ခြား မှတ်တိုင်အမှတ် ၃၀ နဲ့ ၃၅ ကြား Zero Line အနီးရှိ ဒုက္ခသည်စခန်းမှာ ခိုလှုံနေတဲ့ ARSA အဖွဲ့ဝင် ၄၀ လောက်ကို ဇန်နဝါရီ ၁၈ ရက် ညက ဘင်္ဂလားဒေ့ရှ်(RAB) အထူးတပ်ဖွဲ့နဲ့ RSO တပ်ဖွဲ့တွေ ပူးပေါင်းဖမ်းဆီးလိုက်တယ်လို့ နယ်စပ်နေ ဒုက္ခသည်တွေက ပြောပါတယ်။
ပြီးခဲ့တဲ့ရက်ဖြစ်ပွားခဲ့တဲ့ ရိုဟင်ဂျာလက်နက်ကိုင် ၂ ဖွဲ့ရဲ့ တိုက်ပွဲအပြီး နေအိမ်တွေစခန်းမီးရှို့ခံရလို့ မြန်မာဘက်ကို ထွက်ပြေးခိုလှုံလာတဲ့ ဒုက္ခသည် ၅၀၀ ကျော်ကိုလည်း ဇန်နဝါရီ ၁၉ ရက်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ပြန်ပို့ခဲ့တယ်လို့လည်း ဆိုပါတယ်။
Zero line တွင်နေထိုင်တဲ့ ဒီမာမတ်က "မနေ့က တိုက်ပွဲမှာ RSO အဖွဲ့က ၃ ဦး အထိ ကျဆုံး ခဲ့တယ်။ ARSA တပ်ဖွဲဝင် ၄၀ လောက်ကို ဘင်္ဂလားအစိုးရရဲ့အထူးတပ်ဖွဲ့ RAB က ဖမ်းသွားတယ်။ မြန်မာဘက်ကို ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို မြန်မာဘက်က ဘင်္ဂလားဘက်ကို ပြန်ပို့ခဲ့တယ်" လို့ပြောပါတယ်။
မြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ ဇန်နဝါရီ ၁၈ ရက် မနက်က အာရကန်ရိုဟင်ဂျာကယ်တင်ရေးတပ်မတော် (ARSA)နဲ့ ရိုဟင်ဂျာသွေးစည်းညီညွတ်ရေးအဖွဲ့(RSO)တို့ အကြားတိုက်ပွဲဖြစ်ပွားပြီး အနည်းဆုံး ၁ ဦးသေဆုံးပြီး ၂ ဦး ဒဏ်ရာရခဲ့တာပါ။
ဒါ့အပြင် Zero Line အနီးရှိဒုက္ခသည်စခန်းကို ARSA အဖွဲ့တွေမီးရှို့ခဲ့လို့ ဒုက္ခသည်နေအိမ်တွေ မီးလောင်ပြီး ရိုဟင်ဂျာဒုက္ခသည် ၅၀၀ လောက်မြန်မာဘက်သို့ ထွက်ပြေးလာကြတာ ဖြစ်ပါတယ်။
ရိုဟင်ဂျာဒုက္ခသည်တဦးက “ဒီကနေ့မှာတော့ ဒုက္ခသည်အားလုံးကို ဘင်္ဂလားဒေ့ရှ်ဘက်ကို မောင်းထုတ်ကြတယ်။ ကျနော်တို့က မြန်မာဘက်က ထွက်ပြေးလာကြသူတွေလေ ပြန်လည် လက်ခံရေး လုပ်လို့ရနိုင်ပါတယ်”လို့ ပြောပါတယ်။
ရခိုင်ပြည်နယ်မှာ ၂၀၁၇ ခုနှစ်က ARSA အဖွဲ့ကို အကြောင်းပြုပြီး စစ်တပ်က နယ်မြေ ရှင်းလင်းရေး လုပ်ဆောင်ခဲ့တာကြောင့် ရိုဟင်ဂျာ ၆ သိန်းလောက် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးခဲ့ရပြီး နှစ်နိုင်ငံနယ်စပ်မျဥ်းမှာ နေထိုင်နေကြတာဖြစ်ပါတယ်။