နိုင်ကွက်ကိုင်လျက်၊
အပိုင်နှက်
ချုပ်ကွက်မိသတည်း။ ။
မြန်မာက တရုတ်ကို ချုပ်ကွက်နဲ့နိုင်
အောင်လအန်ဆန်းက တရုတ်ဖိုက်တာကို အနိုင်ရခဲ့တယ်။ အမေရိကန်နိုင်ငံမှာ ကျင်းပတဲ့ One Championship မစ်ဒယ်လ်ဝိတ်တန်း သိုင်းပေါင်းစုံ MMA ယှဥ်ပြိုင်ထိုးသတ်ပွဲမှာ တရုတ်နိုင်ငံက ဖန်ရောင်းကို မြန်မာ့စပါးအုံး အောင်လအန်ဆန်းက ဒုတိယအချီ ၄၇ စက္ကန့်အတွင်းမှာပဲ အနိုင်ရခဲ့ပါတယ်။ ဖန်ရောင်းက အောင်လကို လှဲချပြီး အနိုင်ယူဖို့ ကြိုးပမ်းပေမဲ့ အောင်လက ဖန်ရောင်းရဲ့လည်ပင်းကို အမြန်ချုပ်နိုင်ခဲ့တဲ့အတွက် အဲဒီ “ချုပ်ကွက်” အောက်မှာ ဖန်ရောင်းက အရှုံးပေးခဲ့ရပါတယ်။ ပွဲအပြီးမှာ အောင်လက သူ မြန်မာပြည်က ဖြစ်ကြောင်းနဲ့ မြန်မာပြည်အတွက် ဆုတောင်းပေးကြဖို့ ပြောသွားခဲ့ပါတယ်။
ဒါက ဘီဘီစီမြန်မာပိုင်း သတင်းပါ။ မြန်မာကစားသမားက တရုတ်ကစားသမားကို ချုပ်ကွက်နဲ့ နိုင်လိုက်တာ။
တရုတ်က မြန်မာကို ချုပ်ကွက်နဲ့နိုင်
တရုတ်နိုင်ငံက မြန်မာကို နိုင်နေတာ ၁၉၈၈ ကတည်းကပါ။ ၈၈၈၈ အရေးတော်ပုံကြီးအပြီး ကမ္ဘာ့အသိုင်းအဝိုင်းက ဆန်ရှင်တွေလုပ်တော့ နဝတ နအဖ စစ်အစိုးရဟာ တရားအားထုတ် တရုတ်အားထားခဲ့ကြရပေတာပါ့။ ၃၅ နှစ်ကြာပါပြီ။ စီးပွားရေးအရ၊ သံတမန်ရေးအရ (ဗီတိုသုံးကန့်ကွက်ပေးတာမျိုး) တရုတ်ဟာ မြန်မာစစ်အုပ်စုကို ကူပေးတယ်။ ဒီတော့ စစ်အာဏာရှင်တွေဟာလည်း တရုတ်ခိုင်းသမျှ ခေါင်းညိတ်ကြရတော့တယ်။ တရုတ်စီမံကိန်းတွေ၊ တရုတ်ပရောဂျက်၊ တရုတ်ကုမ္ပဏီတွေ၊ တရုတ်လုပ်ငန်းတွေ မြန်မာပြည်မှာ လက်ညှိုးထိုးမလွဲပေါ့။ မြန်မာပြည်က အကျိုးအမြတ်နည်းနည်းပဲရ၊ တရုတ်က အများကြီးရ ရင်နာစရာပါ့။ တရုတ်က မြန်မာကို ချုပ်ကွက်ရှိတာကိုး။
စစ်အာဏာရှင်ချုပ်ကွက် နိုင်ငံရေးပျက်
မြန်မာ့နိုင်ငံရေးခေါင်းဆောင်တွေ၊ ပါတီဦးဆောင်သူတွေ၊ တိုင်းရင်းသားခေါင်းဆောင်တွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ တက်ကြွလှုပ်ရှားသူတွေထဲက တချို့တချို့သောသူတွေဟာ နှစ်ပေါင်းများစွာ သူတို့မွေးလာတဲ့ကြက် တရက်တည်းမှာ ရိုက်သတ် ချက်စားလိုက်ကြတယ်။ ဒီလို ရိုက်သတ်ချက်စားထားတာ ဘယ့်ကလောက် ကြာခဲ့ကြပြီလည်းတော့ မသိပါ။ နွေဦးတော်လှန်ရေးမှာ ဖားလား ငါးလား ကွဲကွဲပြားပြား သိလာရတာပါ။ ဘုံရန်သူ စစ်တပ်ကို တပ်ပေါင်းစုနဲ့ ညီညီညာညာ ဝိုင်းတိုက်ကြပါမယ်လို့ ကတိတွေ အကြိမ်ကြိမ် ရှိခဲ့ကြပြီးသားလေ။ သို့သော် ဒီနွေဦး ပွဲမှာတော့ တိုင်းရင်းသားပေါင်းစုံ၊ လူမျိုးစုံ၊ အယူဝါဒစုံ၊ ကိုးကွယ်ရာမတူ ဘာသာဝင်အသီးသီးက နည်းလမ်းမျိုးစုံနဲ့ တိုက်ပွဲဝင်နေချိန်မှာ သူတို့တတွေ မပါလာကြတော့ဘူး။ တချို့က တသီးပုဂ္ဂလပုံစံနဲ့၊ တချို့က အဖွဲ့လိုက်၊ တချို့က ခွဲထွက်ပြီး စစ်ဘောကို မသိမသာတမျိုး သိသိသာသာတမျိုးနဲ့တောင် မ နေကြပြီ။ ဒါတွေ ဖြစ်ရတာကလည်း ချုပ်ကွက်ပါပဲ။ စစ်အာဏာရှင်ချုပ်ကွက်၊ စစ်ကောင်စီချုပ်ကွက်။
စီးပွားရေးချုပ်ကွက် လောဘတက် အပျက်အပျက် နှာခေါင်းသွေးထွက်
တချိန်က လူမျိုးစုအရေး၊ ဒီမိုကရေစီအရေး၊ ကျောင်းသားအရေး၊ ဝါဒအရေး၊ ဘာသာရေး ရဲရဲတောက် သူရဲကောင်း ခေါင်းဆောင်များဟာ အခုတော့ စစ်တပ်ကပေးတဲ့ စီးပွားရေးလုပ်ခွင့်၊ လမ်းပရောဂျက်ပါမစ်၊ တံတားပရောဂျက်ပါမစ်၊ ကားပါမစ်၊ တိုက်ခန်း၊ အိမ်ရာ၊ မြေကွက်၊ ငွေကြေးအထောက်အပံ့၊ လုပ်ပိုင်ခွင့်၊ ရပိုင်ခွင့်တွေကြား နွံနစ်သလို နစ်နေကြတာ သိသူတွေ သိကြပါရဲ့။ မသိသူများ လေ့လာထားကြပါ။ စစ်အာဏာရှင်ရဲ့ စီးပွားရေးချုပ်ကွက် သူတို့အကုန်ပျက်။ ဒါကြောင့် ကွယ်လွန်သူ KNU ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးမြက ပြောခဲ့တာပေါ့။ “ရန်သူနဲ့ စေ့စပ်ဆွေးနွေးထားတဲ့သူတွေဟာ ဝှေးသင်းထားတဲ့ နွားသိုးတွေလိုပဲ။ မျိုးလည်းမပွားတော့ဘူး၊ ဝှေ့လည်း မဝှေ့တော့ဘူး၊ ရုန်းလည်း မရုန်းတော့ဘူး။ ဝတော့ ဝလာတယ်။” ဆိုတာလေ။ စစ်အုပ်စုရဲ့ စီးပွားရေးချုပ်ကွက်။ နွားသိုးဝှေးသင်း ချုပ်ကွက်။
ကိုယ်တွေ့ချုပ်ကွက် ရင်ဖွင့်ချက်များ
မန္တလေး မစိုးရိမ်တိုက်သစ် အဓိပတိ မဟာနာယကချုပ် ဆရာတော်ကြီး ဦးရာဇဓမ္မာဘိဝံသ ပျံလွန်တော်မမူခင်က ဖူးတွေ့ဖူးတယ်။ အဲ့သည်တုန်းက ခင်ညွန့်ခေတ်ပေါ့။ ဆရာတော်ကြီးဟာ ၁၉၉၁ ခုနှစ် စစ်တပ် သံဃာသတ်မှုကြောင့် ပတ္တနိကုဇ္ဇန သပိတ်ကံဆောင်လို့ ထောင်ကျခဲ့ရတုန်းက အတွေ့အကြုံတွေ ပြန်ပြောပြတယ်။ ဆရာတော်ကြီးဟာ ထောင်ထဲမှာလည်း ဝိနည်းနဲ့အညီပဲ နေတာကို သိက္ခာဖျက်ဆီးချင်တော့ သူ့ကိုချုပ်ထားတဲ့ အခန်းထဲကို မိန်းမလျာ ထောင်သားတယောက် လာထည့်ပေးဖို့ ကြိုးစားတယ်တဲ့။ တကယ်ဆို ထောင်စည်းကမ်းအရ အဲ့သည်လိုအခန်းမှာ ၃ ယောက် ထားရင်ထားတယ်။ မဟုတ်ရင် ၁ ယောက်တည်းပဲ ထားတယ်တဲ့။ ၂ ယောက်မထားဘူး၊ လိင်တူကိစ္စတွေ ဖြစ်ကြမှာစိုးတာတဲ့။ အဲ့သည်လို မိန်းမလျာ လာထည့်တော့ အဝင်မခံဘဲ ကန်ကျောက်ထုတ်ပစ်မှ ကိစ္စအေးသွားသတဲ့။ နိုင်ငံရေးသမားတွေကို အညွန့်ချိုးဖို့ ကြိုးစားတဲ့လုပ်ရပ်ဆိုပြီး ဆရာတော်ကြီးက မိန့်ဖူးတယ်။ “နိုင်ငံရေးသမားတွေကို အောက်လမ်းနည်းသုံး ချုပ်ကွက်ပေါ့ကွ။” ဆိုပြီး ဆရာတော်ကြီးက မိန့်ခဲ့ဖူးတာပါ။
အောက်လမ်းချုပ်ကွက်
နောက်တယောက်ကတော့ ရန်ကြီးအောင်စိန်ဝင်းလို့ ထင်ရှားတဲ့ ကျွန်းပြန်ကြီးတဦး၊ သူက တကသ ဒုဥက္ကဋ္ဌလည်း လုပ်ခဲ့ဖူးတဲ့ ကျောင်းသားခေါင်းဆောင်။ သံမဏိလိုမာသူ နိုင်ငံရေးသမားကြီး၊ သူက လူပျိုကြီး။ သူ့ကို အင်းစိန်ထောင်မှာ တယောက်တည်း အခန်းထဲမှာ ထားတုန်းကလည်း သူ့အခန်းထဲကို မိန်းမလျာ လာထည့်ဖူးတယ်။ သူက အဝင်လာမခံဘဲ မောင်းထုတ်ပစ်မှ ထောင်ဝန်ထမ်းတွေက မိန်းမလျာကို မသွင်းတော့တာ။ သမိုင်းရှိတဲ့ နိုင်ငံရေးသမားကြီးတွေကို မိန်းမလျာချုပ်ကွက်နဲ့ သမိုင်းကွေးအောင် လုပ်မည့်အကြံ။
မြှုပ်ထားတဲ့ စစ်ထောက်လှမ်းရေးချုပ်ကွက်
အခုအခါ ဥက္ကဋ္ဌ ဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ခေါင်းဆောင်က ပြောတယ်။ သူတို့အဖွဲ့ ငြိမ်းချမ်းရေးဆွေးနွေးဖို့ သွားတော့ တည်းခိုဆောင်မှာ နေရာချထားတာက ခင်ညွန့်ထောက်လှမ်းရေးကတဲ့။ ခေါင်းဆောင် ၅ ယောက် သွားတာကို သီးသန့် ၅ ခန်းမှာထားတယ်တဲ့၊ တခန်းနဲ့တခန်းက ဝေးတယ်တဲ့။ ညဆို အခန်းထဲကို စစ်ထောက်လှမ်းရေးတွေကလာပြီး အရက်ယူမလား၊ ဘာစားချင်သလဲ။ စော်လေးတွေ လိုချင်သလား လာ လာ မေးသတဲ့။ ဘာမှမလိုဘူး ပြောတာတောင်မှ ကောင်မလေးတွေ ခေါ်လာပြီး အခန်းထဲ အတင်းထည့်တာတဲ့။ ထွက်ပြေးရတာပေါ့တဲ့။ ငြိမ်းချမ်းရေးဆွေးနွေးပွဲ သွားတဲ့ ကိုယ့်ခေါင်းဆောင် ငါးယောက်ကို ပြန်စုပြီး ၃ ရက်လုံးလုံး တခန်းထဲမှာပဲ စုအိပ်ခဲ့ရတာတဲ့။ ဒါမှမဟုတ်ရင် ကောင်မလေးတွေ အခန်းထဲ တိတ်တိတ်ကလေး လာထားပြီး ဓာတ်ပုံ ဗီဒီယို မှတ်တမ်းတွေ ယူသွားမှာ ကြောက်ရသတဲ့။ သူ့အတွေ့အကြုံ ကြားခဲ့ရတာပါ။ တိတ်တိတ်ကလေး သူကလေးတွေကို အခန်းထဲလာထည့်ပြီး အချုပ်ခံခဲ့ရသူခေါင်းဆောင် ဘယ်နှစ်ယောက်များ ရှိခဲ့မည်လဲ။ ကောင်မလေးချုပ်ကွက်က အောင်လ ချုပ်ကွက်လိုမျိုးလားပေါ့။ ကောင်မလေးချုပ်ကွက် သုံးသလို ကောင်လေးချုပ်ကွက်လည်း ရှိနိုင်သတဲ့။
ချုပ်ကွက်မျိုးစုံ သုံးထားပုံမှာ အာဏာသိမ်းနိုင်ခဲ့ခြင်းလား
ခေါင်းဆောင်ဆိုသူများအား ထိုထိုချုပ်ကွက်များနဲ့ စစ်ထောက်လှမ်းရေးမှတ်တမ်းများနဲ့ စီးပွားရေး လူမှုရေး ငွေပေး လူပေး အထက်လမ်း အောက်လမ်း ချုပ်ကွက်မျိုးစုံနဲ့ ချုပ်ထားပြီးမှ အပီချုပ်နိုင်ပြီဆိုမှ စစ်အာဏာသိမ်းရဲခဲ့ပုံ ရပါတယ်။ ဒါကြောင့်လည်း စစ်ခေါင်းဆောင်များ မလုပ်ရဲတာ မရှိဘူးလို့ ပြောထွက်ခဲ့တာပါ့။ ချုပ်ကွက်တွေကောင်းပါရဲ့။ ဒါပေမဲ့။
စစ်အာဏာအတွက် နိဂုံးချုပ်ကွက်
တရုတ်ကစားသမား ဖန်ရောင်းက အောင်လအန်ဆန်းကို ပြေးပြီး ချုပ်တာပါပဲ။ အောင်လ ပက်လက်လန်သွားခဲ့တယ်။ ဒါပေမဲ့ အောင်လက ပက်လက်အနေအထားကပဲ တရုတ်ရဲ့ လည်ပင်းကို ပြန်ချုပ်မိသွားတော့ တရုတ်က ကြမ်းပြင်ကို လက်နဲ့ပုတ်ပြီး အရှုံးပေးသွားရတယ်နော်။ အခုလည်း စစ်အာဏာရှင်တွေက ချုပ်ကွက်မျိုးစုံနဲ့ ချုပ်နေတာပါပဲ။ ဒါပေမဲ့ နွေဦးတော်လှန်ရေး တိုက်ပွဲဝင်သူတွေမှာလည်း စစ်အာဏာရှင်တွေကို ပြန်ချုပ်မယ့် ချုပ်ကွက်နည်းသစ်တွေ မရှိဘူးလို့ ဘယ်သူပြောနိုင်မလဲ။ မရိုးသားသော ယုတ်မာသော ရက်စက်သော ကောက်ကျစ်သော မုသာဝါဒအားကြီးသော သော သော သော စစ်အာဏာရှင်တွေမှာတောင် သူတို့ဉာဏ်မီသလောက် (ဆရာကြီးသခင်ကိုယ်တော်မှိုင်း စကားနဲ့ ပြောရရင်) သင်းတို့ဉာဏ် တထွာတမိုက်နဲ့ ချုပ်ကွက်တွေ ထုတ်နိုင်သေးရင်။ နွေဦးတိုက်ပွဲ ဝင်နေကြကုန်သော စွန့်စားသော ရဲဝံ့သော စွန့်လွှတ်သော ပညာဉာဏ်ကြီးမားသော ခေတ်မီသော သော သော သော မြန်မာနိုင်ငံ တိုင်းရင်းသားပေါင်းစုံ မျိုးဆက်သစ် လူငယ်ထု၊ လူမျိုးပေါင်းစုံ ပြည်သူလူထုကြီး တရပ်လုံးကရော စစ်အာဏာရှင်ကို အနိုင်ယူမယ့် တန်ပြန်ချုပ်ကွက်တွေ ဘာကြောင့် မရှိနိုင်ရမည်လဲ။ သမ္မတကြီး ဦးဝင်းမြင့် DVB debate မှာ ပြောခဲ့သလို “ဠင်းတလောက်ကတော့ ငှက်တိုင်းလှပါတယ်။” နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သလို “ဘာရမလဲ သာဝရယ်။” ဆိုတဲ့ စစ်အာဏာရှင်ကို နိုင်မည့် ချုပ်ကွက်တွေ မရှိဘူးလို့ မပြောနိုင်ပါဘူးနော်။ ။
မောင်တူး
၁၉၇၉ ခုနှစ် ဒီဇင်ဘာ ၂၅ ရက် ခရစ္စမတ်နေ့မှာ ဆိုဗီယက်တပ်တွေက တာမက်ဇ်မြို့ကနေတဆင့် အာဖဂန်နစ္စတန်နိုင်ငံထဲကို ဝင်လာခဲ့ကြပြီး ကိုးနှစ်ကျော်ကြာတဲ့ စစ်ပွဲကို အစပျိုးမိသလို ဖြစ်သွားခဲ့တယ်။ အနောက်မီဒီယာတွေက ဝက်ဝံထောင်ချောက်လို့ သုံးနှုန်းသလို အာဖဂန်နိုင်ငံထဲက ဆိုဗီယက်တပ်တွေရဲ့ ဗီယက်နမ်စစ်ပွဲလို့လည်း ခေါ်ဝေါ်ခဲ့ကြပြီး အာဖဂန်ပြည်သူ ငါးသိန်းကျော်ကနေ နှစ်သန်းအတွင်း သေကျေစေခဲ့ပါတယ်။ ဆိုဗီယက်တပ်တွေ ဝင်လာရတဲ့ ရည်ရွယ်ချက်က ဆိုဗီယက်ကို ထောက်ခံတဲ့ အာဖဂန်အစိုးရနဲ့ ခေါင်းဆောင်သစ် ကာမယ်လ်ကို ကာကွယ်ဖို့ရယ်၊ မြို့တွေနဲ့ လမ်းမကြီးတွေကို လုံခြုံရေးယူပြီး ခြောက်လ (သို့) တနှစ်အတွင်း ပြန်ဆုတ်ခွာဖို့ပါပဲ။ ဒါပေမဲ့ ခြေလှမ်းကျွံပြီး ကိုးနှစ်ကျော် ကြာသွားခဲ့တယ်။ အာဖဂန်အစိုးရကို ပုန်ကန်တိုက်ခိုက်နေတဲ့ သူပုန်ပြောက်ကျားများအား ချေမှုန်းရေး ဆိုပေမဲ့ သူပုန်တွေရဲ့ ပြောက်ကျားနည်းဗျူဟာကို မချေဖျက်နိုင်လို့ လှုပ်လေ မြုပ်လေ ဖြစ်ခဲ့ရတယ်။
ဒုတိယကမ္ဘာစစ်က ကျယ်ပြန့်တဲ့ လွင်ပြင်စစ်ပွဲတွေအတွက်သာ မဟာဗျူဟာကျကျ ဖွဲ့စည်းလေ့ကျင့်ထားတဲ့ အာဖဂန်တပ်တွေဟာ ပြောက်ကျားစစ်ကို ဘယ်လို ဖြေရှင်းဖြိုခွဲရမလဲ ဆိုတာ မသိနားမလည်ခဲ့ကြဘူး။ သူပုန်တွေဘက်က ဖော်ဆောင်တဲ့ တိုက်ပွဲအတော်များများကလည်း ကျေးလက်ဒေသကို အခြေခံပြီး ပြောက်ကျားစစ်ဆင်နေခဲ့မှုကြောင့် ဆိုဗီယက်တပ်တွေ အထိနာသထက် နာလာပြီး ခြောက်လ အကြာမှာပဲ တပ်အင်အား တသိန်းကျော်ထိ ဖြန့်ကြက်လာခဲ့ရတယ်။
ဆိုဗီယက်တွေဟာ မူဂျာဟစ်ဒင်ပြောက်ကျားတွေကို သမားရိုးကျစစ်တိုက်ခြင်းနဲ့ ချေမှုန်းလို့မရတော့မှန်း သိလာတဲ့အတွက် စစ်ဆင်နည်းနာအသစ်တွေ ဖော်ထုတ် ကျင့်သုံးလာရပါတော့တယ်။
ဆိုဗီယက်တပ်တွေ ကျင့်သုံးခဲ့ရတဲ့ စစ်ဆင်မှုနည်းဗျူဟာတွေက အကြမ်းဖက်စစ်ကောင်စီရဲ့ လက်ရှိ စစ်ဆင်မှုနည်းနာတွေပါပဲ။
၁။ မြေလှန်ဖျက်ဆီးစနစ် ကျင့်သုံးခြင်း
၂။ ရဟတ်ယာဉ်အများအပြား သုံးစွဲခြင်းနှင့် လေတက်အပေါ် မှီခိုလွန်းခြင်း
၃။ အင်အားပြုန်းတီးမှုများစေတဲ့ သမားရိုးကျ စစ်ကြောင်းထိုးမှုမျိုး လျှော့ချပြီး အထူးစစ်ဆင်ရေး အမာခံတပ်စုများ၊ လေကြောင်းချီကွန်မန်ဒိုတပ်စုများနဲ့ သတင်းတိကျမှုအပေါ် အခြေပြု၍ ဝင်ရောက်ရှင်းလင်းခြင်း
၄။ တောင်ပေါ်နှင့် တောတွင်းစစ်ဆင်ရေးကို လေ့ကျင့်လာခြင်းတို့ပဲ ဖြစ်ပါတယ်။
မြေလှန်ဖျက်ဆီးစနစ် ကျင့်သုံးခြင်းဆိုရာမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ကြောင်းတွေဟာ ရောက်လေရာ တွေ့သမျှ မီးရှို့ဖျက်ဆီးပါတယ်။ စိုက်ပျိုးမြေတွေ စပါးပုတ်တွေ မီးရှို့၊ ရေတွင်း အဆိပ်ခတ်တာမျိုး၊ ဆည်မြောင်းတွေကို မိုင်းခွဲ စစ်ရှောင်လူထုကို တော်လှန်ရေးတပ်တွေအနား ရောက်သွားစေပြီး စားဝတ်နေရေး ဘေးကင်းလုံခြုံမှုကအစ တော်လှန်ရေးတပ်တွေက တာဝန်ယူလာရအောင် အကြမ်းဖက်စစ်ကောင်စီက ပြုကျင့်ပါတယ်။ စစ်ဘေးရှောင်လူထုရဲ့ ဝန်အားက တော်လှန်ရေးတပ်တွေအပေါ် ပိလာစေတဲ့အတွက် စစ်ဆင်နိုင်မှု အခက်အခဲများ၊ စစ်ရှောင်လူထုအတွက် သုံးလိုက်ရတဲ့ ငွေကြေးများကြောင့် လက်နက်ခဲယမ်းဝယ်နိုင်မှု လျော့သွားစေတာ စသဖြင့် အကန့်အသတ် ပိုများလာစေပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ နဂိုရှိပြီးသား ရဟတ်ယာဉ်တွေအပြင် ရုရှားနိုင်ငံဆီက KA 28 အမျိုးအစား ရဟတ်ယာဉ် ခြောက်စီးအထိမှာယူတာ၊ တရုတ်နိုင်ငံဆီက FTC 2000G ညစစ်ဆင်ရေးလုပ်နိုင်တဲ့ တိုက်လေယာဉ် အစီး ၄၀ ထိ မှာယူတာ စသဖြင့် လေတပ်အပေါ် မှီခိုလာခြင်း၊ လေတပ်အင်အား ပိုမိုတည်ဆောက်လာခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်ရမှာ ဖြစ်ပါတယ်။ တိုက်ပွဲဖြစ်ပွားရာမှာလည်း လေတပ်အသုံးပြုမှုဟာ မကြုံစဖူးအောင် များပြားမြင့်တက်နေတာ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်ကောင်စီအနေနဲ့ စစ်ဘေးရှောင်လူထု များသထက်များလာ ဒုက္ခသည်စခန်းတွေ မှိုလိုပေါက်လာအောင် သမားရိုးကျ စစ်ကြောင်းထိုးမှုတွေ အင်အားအပြုန်းတီးခံပြီး တနှစ်လောက် လုပ်ခဲ့ရပါတယ်။ သည့်နောက်ပိုင်းမှာတော့ ထိုကဲ့သို့ သမားရိုးကျ စစ်ကြောင်းထိုးမှု တဖြည်းဖြည်း လျှော့ချလာပြီး သတင်းတိကျစွာ ရရှိမှုအပေါ် အခြေခံကာ လေကြောင်းချီစစ်ဆင်ရေးနဲ့ တော်လှန်ရေးတပ်တွေရဲ့ စခန်းပုန်းတွေ၊ ရိက္ခာနဲ့ လက်နက်ခဲယမ်း သိုလှောင်မှုတွေကို ရုတ်တရုတ် အလစ်ဝင်ရောက် တိုက်ခိုက်ချေမှုန်းပါတယ်။ များပြားလာတဲ့ စခန်းဝင်ရောက်စီးနင်းခံရမှု သတင်းတွေက သက်သေခံနေပါတယ်။
အကြမ်းဖက်စစ်ကောင်စီ အနေနဲ့ မြေပြန့်လွင်ပြင်ဒေသအပေါ် ရှုမြင်တဲ့ စစ်ရေးမဟာဗျူဟာကို လေ့လာအကဲခတ်ရင် မြေပြန့်တော်လှန်ရေးအင်အားစုတွေကို တောင်ပေါ်နဲ့ တောတွင်းသို့ မောင်းထုတ်နိုင်ရေးဆိုတာ မြင်သာလာပါတယ်။ ရေနဲ့ငါး ခွဲခြားမရလို့ ငါးတွေကို အသက်ရှူကြပ်အောင်နဲ့ တခြားနေရာသို့ ရွှေ့ပြောင်းသွားစေရေး ဆိုတာ သူတို့အတွက် ၂၀၂၃ ခုနှစ်ရဲ့ စစ်ရေးရည်မှန်းချက် ဖြစ်လာပုံပါပဲ။
သည့်အတွက် ပျူအမာခံဒေသများ တည်ဆောက် လက်နက်တပ်ဆင်လာတာ၊ စစ်ရေးအရ အသက်ရှူပေါက်ရအောင် ရက္ခိုင့်တပ်တော် အေအေနဲ့ အပစ်ရပ် သဘောတူညီမှုယူကာ စစ်မျက်နှာတခုကို ထိန်းထားတာ စသဖြင့် သွက်လက်စွာ အကောင်အထည်ဖော်နေတာကို မြင်ရမှာပဲ ဖြစ်ပါတယ်။
သို့ပေမဲ့ ဆိုဗီယက်တွေရော မူဂျာဟစ်ဒင်တွေရော ဘယ်ဘက်ကမှ မနိုင်ခဲ့သလို အကြမ်းဖက်စစ်ကောင်စီ အနေနဲ့လည်း နွေဉီးတော်လှန်ရေးအင်အားစုတွေအပေါ် အမြစ်ဖြတ် ချေမှုန်းနိုင်ရေးဆိုတာ ခက်ခဲနေဦးမှာပဲ ဖြစ်ပါတယ်။
အဆုံးသတ်မှာတော့ ပြည်သူ့ထောက်ခံအားပေးမှု ရရှိနေတဲ့ တော်လှန်ရေးတပ်တွေဟာ နေပြည်တော်ကို ဝင်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ်ကို တည်ဆောက်နိုင်မလား ဆိုတာကတော့ . . . . . ။
မောင်မိုးမာန်