ထိုင်းနိုင်ငံက AstraZeneca ကိုဗစ်-၁၉ ကာကွယ်ဆေး ၁ သန်းလှူဒါန်းခဲ့ပြီး ပထမအသုတ်အနေနဲ့ ကာကွယ်ဆေး ၅ သိန်း ရောက်ရှိခဲ့ပြီဖြစ်တယ်လို့ အကြမ်းဖက် စစ်ကောင်စီ ကျန်းမာရေးဝန်ကြီး ဌာနက ထုတ်ပြန်ပါတယ်။
ဒီလှူဒါန်းမှုက ရရှိလာတဲ့ ကာကွယ်ဆေးတွေကိုတော့ နယ်စပ်ဒေသတွေအပါအဝင် ကာကွယ်ဆေး လွှမ်းခြုံမှုနည်းပါးနေသေးတဲ့ ဒေသတွေမှာ ဦးစားပေးထိုးနှံပေးသွားမယ်လို့ ဆိုပါတယ်။
လတ်တလောအချိန်ထိ မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီက တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဦးတည်အုပ်စုတွေအလိုက် ထိုးနှံပေးနေပြီး မတ် ၁၂ ရက်အထိ ကာကွယ်ဆေး ၁ ကြိမ် ထိုးနှံပြီးသူ ၃ ဒသမ ၃ သန်း၊ ၂ ကြိမ် အပြည့်ထိုးနှံပြီးသူ ၂၁ ဒသမ ၄ သန်းနဲ့ စုစုပေါင်း ၂၄ ဒသမ ၇ သန်းကျော်ရှိခဲ့ပြီလို့ ဖော်ပြထားပါတယ်။
ဒါပေမဲ့ မြန်မာပြည်သူတွေကြားမှာတော့ စစ်ကောင်စီကို မယုံကြည်ကြတာမို့ ကာကွယ်ဆေး သွားရောက်ထိုးနှံသူအရေအတွက်ဟာ နည်းပါးတယ်လို့ သိရပါတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင်ကတော့ ၂၀၂၁ နှစ်ကုန်မှာ မြန်မာနိုင်ငံ လူဦးရေရဲ့ ၅၀ ရာ ခိုင်နှုန်းကျော်ကို ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးနိုင်မယ်လို့ ပြောထားတာပါ။
ဒါ့အပြင် လတ်တလော မြန်မာနိုင်ငံမှာ SARS-CoV-2 Variant Omicron (အိုမီခရွန်) ရောဂါ ပိုးတွေ့လူနာအယောက် ၃၅၀ ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
လာမယ့်လထဲမှာ နယ်စပ်ဂိတ်တွေ ပြန်ဖွင့်လှစ်နိုင်ဖို့ ပြင်ဆင်မှုနဲ့အတူ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းအပေါ် မှီခိုနေရတဲ့ ထိုင်းခရိုင် ၁၀ ခုက ပြည်သူတွေကို စတုတ္ထမြောက် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးမယ်လို့ ဆိုပါတယ်။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ အဆိုပါ ခရိုင် ၁၀ ခုထဲက ပြီးခဲ့တဲ့ ၃ လအ တွင်း ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ ကြိမ်ထိုးနှံပြီးတဲ့ ပြည်သူတွေကို AstraZeneca နဲ့ Pfizer ကာကွယ်ဆေးတွေ ထိုးနှံပေးသွားမယ်လို့ ပြောပါတယ်။
အစိုးရ တရားဝင်ကိန်းဂဏန်းအချက်အလက်တွေအရ စတုတ္ထအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံဖို့ မှတ်ပုံတင်ထားသူအရေအတွက် ၈ သိန်းကျော် ရှိနေပြီး အဲဒီထဲမှာ ကျန်းမာရေးလုပ်သားတွေအပါအဝင် ရောဂါကူးစက်နိုင်ခြေမြင့်မားတဲ့ အုပ်စုတွေက အများစုဖြစ်တယ်လို့ ဆိုပါတယ်။
ဝန်ကြီးဌာနရဲ့ ကနဦးအစီအစဉ်အရ စတုတ္ထအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေးကို ကျန်းမာ ရေးဝန်ထမ်းတွေ၊ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေ၊ ထိခိုက်လွယ်အုပ်စုတွေကိုသာ ထိုးနှံပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် လတ်တလောမှာတော့ ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းအပေါ် မှီခိုနေရတဲ့ ထိုင်းခရိုင်တွေနဲ့ ဆက်စပ်နေတဲ့ ထိခိုက်လွယ်အုပ်စုတွေထဲက စုစုပေါင်းခရိုင် ၁၀ ခုက ပြည်သူတွေကို ထိုးနှံပေးသွားမှာဖြစ်တယ်လို့ ထိုင်းအစိုးရ ပြောရေးဆိုခွင့်ရသူ ရက်ချဒါ ဒနာဒီရက်ခ်က ပြောပါတယ်။
ကမ္ဘာလှည့်ခရီးသွား လုပ်ငန်းနဲ့ ဆက်စပ်နေတဲ့ ခရိုင်တွေထဲမှာတော့ ဖူးခက်၊ ဆူရတ်ဌာနီ၊ ကရာဘိ၊ ဖန်ငခရိုင် ၄ ခုပါဝင်ပြီး ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့ပွားမှုမြင့်တဲ့ ထိခိုက်လွယ်တဲ့ ခရိုင်တွေထဲမှာတော့ ဘန်ကောက်၊ ချွန်ဘူရီ၊ ဆမွတ်ပရာကန်၊ နွန်ထဘူရီ၊ ကန်ချနဘူရီနဲ့ ပထုံဌာနီခရိုင် ၆ ခုပါဝင်နေတာပါ။
ထိုင်းပြည်သူ့ကျန်းမာရေးဝန်ကြီးဌာနကတော့ အဆိုပါ ခရိုင်တွေထဲမှာ နေထိုင်သူ ထိုင်းနိုင်ငံသားတွေနဲ့ နိုင်ငံခြားသား ၂ သန်းခွဲကို ကာကွယ်ဆေး စတုတ္ထအကြိမ် ထိုးနှံပေးနိုင်ဖို့ ရည် ရွယ်ထားတယ်လို့ ဆိုပါတယ်။
ဝန်ကြီးဌာန ထုတ်ပြန်ချက်ထဲမှာတော့ စတုတ္ထအကြိမ် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေး ဖို့ အမျိုးအစား ၂ မျိုးသတ်မှတ်ထားပြီး ပထမတမျိုးကတော့ ပထမ ၂ ကြိမ်ကို Sinovac ကာကွယ်ဆေးထိုးနှံထားပြီး တတိယတကြိမ်ကို AstraZeneca ထိုးနှံထားသူတွေအနေနဲ့ နောက်တကြိမ်ကိုလည်း AstraZeneca ကို ထိုးသင့်တယ်လို့ အကြံပြုထားပါတယ်။
နောက်တမျိုးကတော့ ပထမ ၂ ကြိမ်ကို AstraZeneca ကာကွယ်ဆေးထိုးနှံထားပြီး တတိ ယတကြိမ်ကို Pfizer ထိုးနှံထားသူတွေအနေနဲ့ နောက်တကြိမ်ကိုလည်း Pfizer ကို ထိုးသင့် တယ်လို့ အကြံပြုထားပါတယ်။
ထိုင်းနိုင်ငံတဝန်းမှာတော့ လူဦးရေရဲ့ ၁၇ ရာခိုင်နှုန်းလောက်ဟာ ကိုဗစ်-၁၉ ကာကွယ်ဆေး ၃ ကြိမ်ထိုးပြီးသွားပြီး ၆၉ ရာခိုင်နှုန်းကတော့ အနည်းဆုံး ၂ ကြိမ် ထိုးနှံပြီးဖြစ်တယ်လို့ ဆို ပါတယ်။