အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့တာဟာ ဥပဒေအရ အရေးယူခံရနိုင်တယ်လို့ CCCT အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့ကနေ ဇန်နဝါရီ ၃၁ ရက် မနက် ၁၀ နာရီလောက်မှာ ATOM (အရင် တယ်လီနော) အော်ပရေတာကတဆင့် စာတိုပေးပို့လာတယ်လို့ စစ်ကိုင်းတိုင်းအတွင်း နေထိုင်သူတဦးက ပြောပါတယ်။
“ဒီနေ့မနက် ၁၀ နာရီလောက်မှာ ATOM (တယ်လီနော) ကနေ အကြမ်းဖက်အဖွဲ့တွေကို ထောက်ပံ့ရင် အရေးယူခံရနိုင်တယ်ဆိုတဲ့စာတို မက်ဆေ့ချ်ဝင်လာတယ်ဗျ။ ဒါ သူတို့လက်အောက်မှာရှိတဲ့ ဖုန်းအော်ပရေတာတွေကို အသုံးချပြီး ပြည်သူတွေကို ခြိမ်းခြောက်တာပဲဗျ။ သူတို့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့အားပေးတာ အင်အားလျော့ကျသွားအောင် လက်ကိုင်ဖုန်းရှိသူတိုင်းကို အသိပေးတာဖြစ်လို့ သူတို့ ကြောက်နေပြီဆိုတာ ကောက်ချက်ချလို့ ရနေပြီဗျ” လို့ တော်လှန်ရေးနဲ့ နီးစပ်သူတဦးက ဒီဗွီဘီကို ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂ ရက်ကလည်း ATOM ရဲ့ ဝန်ဆောင်မှုတွေကို ပုံမှန်အတိုင်း ဆက်လက်သုံးစွဲနိုင်ဖို့ စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနရဲ့ ညွှန်ကြားချက်နဲ့ လက်ရှိသုံးစွဲနေတဲ့ ATOM ဆင်းကတ်တွေကို အချက်အလက်မှန်ကန်စွာ မှတ်ပုံတင်ထားခြင်းရှိမရှိ စစ်ဆေးဖို့နဲ့ မှန်ကန်မှုမရှိပါက ပြန်လည်ပြင်ဆင် မှတ်ပုံတင်ဖို့ အသိပေး အကြောင်းကြားခဲ့ပါတယ်။
စစ်ကိုင်းတိုင်းအတွင်း MPT နဲ့ Telenor (ATOM) ကိုသာ အသုံးများပြီး တခြားဖုန်းဆင်းကတ် အသုံးပြုသူနည်းပါးကာ အခုလို စာတို မက်ဆေ့ချ်ပေးပို့ခြင်း ရှိမရှိကိုတော့ မသိရှိရဘဲ MPT က မက်ဆေ့ချ်မဝင်သေးတော့ မသိရသေးဘူးလို့ သုံးစွဲသူတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက် စစ်ကိုင်းတိုင်းအတွင်း ဆက်သွယ်ရေး အော်ပရေတာတွေက ဖုန်းလိုင်း၊ အင်တာနက်လိုင်းတွေကို မကြာခဏ ဖွင့်လိုက်၊ ပိတ်လိုက်လုပ်ကာ စစ်ကောင်စီစစ်ကြောင်းထိုးရင် ဖုန်းလိုင်းတွေဖြတ်ထားပြီး စစ်ကြောင်းထိုးသလို အင်တာနက်လိုင်းလည်း အသုံးပြုလို့မရဘဲ သတင်းစီးဆင်းမှု နှေးကွေးရပ်တန့်အောင် ပြုလုပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
သုံးစွဲသူ အမျိုးသမီးငယ်တဦးက “တနေရာရာမှာ တိုက်ပွဲဖြစ်ပြီဆို ဖုန်းလိုင်းဖြတ်တော့တာပဲ၊ သူတို့လုပ်တတ်တာလည်း ဒါပဲရှိတယ်” လို့ ပြောပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ CRPH၊ PDF တွေကို ထောက်ပံ့ကူညီတာတွေ ရပ်တန့်ဖို့၊ တော်လှန်ရေးအရှိန် တားဆီးနိုင်ဖို့ ရည်ရွယ်ပြီး မက်ဆေ့ချ် ပေးပို့ခဲ့တာ ဖြစ်နိုင်တယ်လို့ ဒေသခံပြည်သူတဦးက ဆိုပါတယ်။
အခုလို တယ်လီဖုန်းအော်ပရေတာကတဆင့် စာတိုပေးပို့ဖို့ကို ဇန်နဝါရီ ၁၀ ရက်နေ့ကလုပ်တဲ့ စစ်ကောင်စီရဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့ အစည်းအဝေးမှာ စစ်ကောင်စီပြည်ထဲရေးဝန်ကြီးနဲ့ အပေါင်းပါတွေက ဆွေးနွေးဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။
တယ်လီနောအမည်ပြောင်း ATOM ကုမ္ပဏီက ဖုန်းဆင်းမ် ကတ်သုံးသူတွေကို ပြန်လည်မှတ်ပုံတင်ဖို့ အခု ရက်ပိုင်းမှာ စာပို့ အကြောင်းကြားနေပါတယ်။
ATOM ဆင်းမ်ကတ်အသုံးပြုနေသူရဲ့ ကိုယ်ရေးအချက်အလက်တွေကို လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ အချက်အလက်တွေနဲ့ တိုက်ဆိုင်စစ်ဆေးပြီး အချက်အလက် မမှန်ကန်ပါက ပိတ်သိမ်းမယ်လို့ ATOM အော်ပရေတာက ရေးသားပေးပို့လာပါတယ်။
ATOM (ယခင်တယ်လီနော)နဲ့ MPT ဆင်းကတ်သုံးစွဲနေသူ တဦးက "အရင်ကလည်း ဆင်းကတ်မှတ်ပုံ မတင်ထားရင် လိုင်းပိတ်မယ်။ ၂၀၂၀ ခုနှစ် ဧပြီလ နောက်ဆုံးဆိုလို့ မှတ်ပုံတင်ပြီး သုံးနေတာ အခုလည်း ATOM အော်ပရေတာက မှတ်ပုံ တင်ခိုင်းပြန်ပြီ "လို့ ပြောပါတယ်။
လက်ရှိ အသုံးပြုနေတဲ့ ATOM ဆင်းကတ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၁ ရက် နောက်ဆုံးထားပြီး အမည်ပေါက် ပြောင်းလဲပြင်ဆင်တာနဲ့ မှတ်ပုံတင်ကြဖို့ Atom အသိပေးစာပေးပို့နေတယ်လို့ Atom ဆင်းကတ်သုံးစွဲနေသူတွေထံကသိရပါတယ်။
စစ်ကောင်စီလက်အောက်ခံ ဆက်သွယ်ရေးညွှန်ကြားမှု ဦးစီးဌာနကလည်း ဆင်းမ်ကတ်တွေ ပြန်လည်မှတ်ပုံတင်ဖို့ သတိပေးကြေညာချက်တွေ နိုင်ငံပိုင် သတင်းစာကနေ ကြေညာပြီးနောက်မှာ အခုလို တယ်လီဖုန်းဆက်သွယ်ရေး ကုမ္ပဏီတွေလည်း သုံးစွဲသူတွေထံ တိုက်ရိုက် စာပို့ အကြောင်းကြားလာတာပါ။
နော်ဝေအခြေစိုက် တယ်လီနောဆက်သွယ်ရေးလုပ်ငန်းစုက သူ့ရဲ့ တယ်လီနော-မြန်မာ ရှယ်ယာတွေကို လက်ဘနွန်အခြေစိုက် M1 Group ကဝယ်ယူခဲ့ပြီး စစ်ကောင်စီနဲ့ ပတ်သက်ဆက်နွှယ်နေတဲ့ ရွှေဗျိုင်းဖြူစီးပွားရေးလုပ်ငန်းစုထံ လွှဲပြောင်းရောင်းချခဲ့တာပါ။
ဒီလိုရောင်းချခဲ့ရာမှာ တရားဝင် ကြားဖြတ်ဖမ်းယူနိုင်တဲ့ နည်းပညာပါ ပါရှိတဲ့အတွက် သုံးစွဲသူတွေရဲ့ အချက်အလက်တွေ ပေါက်ကြားမယ့်အန္တရာယ်ရှိနိုင်ပြီး မြန်မာစစ်တပ်ကျူးလွန်တဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေမှာ ကြံရာပါတွေဖြစ်စေနိုင်တယ်လို့ Justice for Myanmar က ထောက်ပြ ထားပါတယ်။