close

AYA ဘဏ်ခွဲ

close

September 3, 2022

လှိုင်မြို့နယ် AYA ဘဏ်ခွဲကို ဝင်ရောက်ဓားပြတိုက်သူ ဖမ်းမိ

ရန်ကုန်၊ လှိုင်မြို့နယ်၊ ပြည်လမ်းရှိ AYA ဘဏ်ခွဲကို  ဝင်ရောက်ဓားပြတိုက်ခဲ့တဲ့ အမျိုးသားတယောက်ကို  စက်တင်ဘာ ၂ ရက် ညနေပိုင်းမှာ စစ်ကောင်စီတပ်တွေက ရိုက်နှက် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

လှိုင်မြို့နယ် အမှတ် ၁၀ ရပ်ကွက်၊ ပြည်လမ်းရှိ AYA ဘဏ်ခွဲ ၂၆ ကို စက်တင်ဘာ ၂  ရက် နေ့လယ် ၂ နာရီလောက်မှာ Mask တပ်ထားတဲ့ အမျိုးသား တယောက်ကဝင်ရောက်လာပြီး ဘဏ်ဝန်ထမ်းကို    ဓားထောက်လုယက် ဓားပြတိုက်ခဲ့ရာ ဘဏ်လုံခြုံရေးနဲ့ ငွေလာထုတ်သူတွေ ဝိုင်းဝန်းဖမ်းဆီးခဲ့ရာမှာ  ငွေမပါသွားဘဲ လူလွတ်ထွက်ပြေးသွားခဲ့ပြီး ညနေပိုင်းမှာ စစ်တပ်က ဖမ်းဆီးမိခဲ့တာလို့ဆိုပါတယ်။

လှိုင်မြို့နယ်မှာ နေထိုင်သူတဦးက "ဘဏ်ကို ဓားပြတိုက်တဲ့သူလား၊  ဘာလားတော့ မသိဘူး။ မြကန်သာ ၂ လမ်းမှာ စစ်တပ်က လူတဦးကို ရိုက်နှက် ဖမ်းသွားတယ်။ ရပ်ကွက်က ပြောတာတော့ ဧရာဝတီဘဏ်ကို ဓားပြတိုက်တဲ့ သူတဲ့။”လို့ပြောပါတယ်။

ဖမ်းဆီးရမိသူဟာ လှိုင်မြို့နယ် အမှတ် ၁၃ ရပ်ကွက် သီရိမြိုင် ၈ လမ်းနေ အသက်  ၂၉ အရွယ် ကိုစိုးသီဟဖြစ်ပြီး သူ့ကို လှိုင်မြို့မရဲစခန်းမှာ ချုပ်နှောင်ထားတယ်လို့ အဆိုပါရပ်ကွက်နေသူတဦးက ပြောပါတယ်။

"သူက ဘဏ်ဓားပြတိုက်လား မတိုက်လားတော့ မသိဘူး။ ကျနော်တို့သိတာတော့ သူက အနေ အေးတယ်။ ညနေလေးနာရီကျော်က စစ်တပ်က လာဖမ်းသွားတာ။”

ဖမ်းဆီးရမိသူကို နယ်မြေရဲစခန်းက အမှုဖွင့်ပြီး ဥပဒေအတိုင်း အရေးယူဆောင်ရွက်သွားမယ်လို့ စစ်ကောင်စီ ပြန်ကြားရေးကလည်း သတင်းထုတ်ပြန်ထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်  ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နဲ့တိုင်းဒေသကြီးတချို့က ဘဏ် ဓားပြတိုက်ခံရတဲ့ ဖြစ်စဉ်တွေ ၁၀ ကြိမ်ထက် မနည်းရှိပါတယ်။

လက်ရှိမြန်မာနိုင်ငံတွင်းမှာ  ကျပ်ငွေတန်ဖိုး အဆမတန်ဖောင်းပွ  ပြည်သူတွေ စီးပွားရေးခက်ခဲကျပ်တည်းပြီး အလုပ်ကိုင်ရှားပါးလာမှုနဲ့ အတူ ဓားပြမှု၊ လုယက်မှုနဲ့ ခိုးမှုတွေလည်း တိုးပွားလာနေတာဖြစ်ပါတယ်။ 

3 hours Ago
Up