close

BGF တပ်

close

August 5, 2022

ဖာပွန်မြို့နယ်တွင် BGF တပ်က အရပ်သားပြည်သူ ၁ ဦးကို သတ်ဖြတ်

ကေအန်ယူ၊ ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၅ နယ်မြေ၊ ဖာပွန်မြို့နယ်၊ ကတိုင်တိကျေးရွာအုပ်စု၊ ကုလားကုန်းရွာ ဒေသခံပြည်သူတဦးကို စစ်ကောင်စီလက်အောက်ခံ BGF တပ်ဖွဲ့ဝင်တွေက ဩဂုတ် ၁ ရက် ည ၉ နာရီလောက် သတ်ဖြတ်ပြီး ယွန်းစလင်းမြစ်အတွင်း စွန့်ပစ်ခဲ့တယ်လို့ ကေအန်ယူက သတင်းထုတ်ပြန်ပါတယ်။

ကတိုင်တိကျေးရွာအခြေစိုက်၊ အမှတ် ၁၀၁၃ နယ်ခြားစောင့် (BGF) တပ်ရင်းက ဗိုလ်လှကြိုင်ဦးစီးတဲ့အဖွဲ့က ကုလားကုန်းရွာသား အိတမန် (၃၅ နှစ်) ကို ဖမ်းဆီးကာ အကြောင်းမဲ့သတ်ဖြတ်ပြီးနောက် မူးယစ်သောက်စားရမ်းကားတဲ့အတွက် သတ်ဖြတ်ခဲ့တာဆိုပြီး BGF တပ်ဘက်က တဖက်သတ်စွပ်စွဲ အပြစ်ပုံချပြောဆိုခဲ့တယ်လို့ ဆိုပါတယ်။

အဆိုပါသတ်ဖြတ်ခံခဲ့ရတဲ့ အိတမန်နဲ့ပတ်သက်ပြီး မိသားစုဝင်တွေကို အသိပေး အကြောင်းကြားတာမရှိဘဲ ရုပ်အလောင်းကို ပွယ်လိုကလိုး (ယွန်းစလင်းမြစ်)အတွင်း စွန့်ပစ်ခဲ့ပါတယ်။

ဇူလိုင် ၃၁ ရက် ည ၁၀ နာရီလောက်က မထောအခြေစိုက် တောင်ပိုင်းတိုင်း စစ်ဌာနချုပ်လက်အောက်ခံ စကခ ၈၊ ခမရ ၄၀၇ ပူးပေါင်းတပ်တွေက မူတြော်ခရိုင်၊ ဒွယ်လိုးမြို့နယ်၊ မထောကျေးရွာအုပ်စုအတွင်းက သာမစူလော်ကျေးရွာအတွင်းကို အမြောက်လက်နက်ကြီး ၉ လုံး တမင်ရည်ရွယ်ပစ်ခတ်ခဲ့သလို ဃော်ကလါးကျေးရွာအတွင်းကိုပါ လက်နက်ကြီး ၇ လုံးပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ စကခ ၈ လက်အောက်ခံ၊ ခမရ ၄၀၇ နဲ့ အမှတ် ၁၀၁၃ နယ်ခြားစောင့်တပ်(BGF)တပ်ဖွဲ့ဝင်တွေဟာ အပြစ်မဲ့အရပ်သားပြည်သူတွေကို နည်းမျိုးစုံနဲ့ အကြပ်ကိုင်ကာ ဖိအားပေးခြိမ်းခြောက်နေတယ်လို့ ဆိုပါတယ်။

ဇူလိုင်လအတွင်း တပ်မဟာ ၅၊ ဖာပွန်(မူတြော်)ခရိုင်မှာ စစ်ကောင်စီတပ်၊ BGF တပ်တွေနဲ့ KNLA တပ်တို့ တိုက်ပွဲပေါင်း ၁၁၀ ကြိမ်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်နဲ့ BGF ပူးပေါင်းတပ်ဘက်က ဗိုလ်ကြီး ၁ ဦးအပါအဝင် သေဆုံးသူ ၈၈ ဦးရှိပြီး၊ တပ်ရင်းမှူးတစ်ဦးနဲ့ တပ်ကြပ်ကြီး ၁ ဦး အပါအဝင် ၅၇ ဦးဒဏ်ရာရရှိခဲ့ပါတယ်။

ဒါ့အပြင် စစ်ကောင်စီရဲ့ ထောက်ပံ့ပို့ဆောင်ရေးမြင်းလား ၈ ကောင် သေဆုံးပြီး ၅ ယောက် ထိခိုက်ဒဏ်ရာရခဲ့သလို လက်နက်ခဲယမ်း သယ်ဆောင်လာတဲ့ စစ်ကား ၁ စီးကို ဖျက်ဆီးနိုင်ခဲ့ပါတယ်။

နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး အများအပြားအသုံးပြုခဲ့သလို အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာကျေးရွာတွေအတွင်းကို အကြောင်းမဲ့ရည်ရွယ်ပစ်ခတ်ခဲ့တဲ့အတွက် အပြစ်မဲ့အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ BGF-နယ်ခြားစောင့်တပ်တွေဟာ ဖာပွန်(မူတြော်)ခရိုင်က မြို့နယ် ၃ မြို့နယ်အတွင်းကို နယ်မြေကျော်ဝင်ရောက်လာပြီး အပြစ်မဲ့ပြည်သူတွေရဲ့ လယ်ယာ၊ ဥယျာဉ်ခြံမြေနဲ့ လုပ်ငန်းခွင်အတွင်းကို အမြောက်လက်နက်ကြီးကျည် ၆၇ လုံး ပစ်ချခဲ့တယ်လို့ ကေအန်ယူက ထုတ်ပြန်ပါတယ်။

9 hours Ago

December 10, 2021

BGF တပ်က ဒေသခံပြည်သူပိုင်ပစ္စည်းများ အဓမ္မခြိမ်းခြောက်ယူ

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၊ ကျုံခနကျေးရွာအုပ်စု ကေအန်ယူ တပ်မဟာ ၁ ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်(BGF)တပ်က ဒေသခံပြည်သူတွေဆီကနေ ဝက်တကောင်းနဲ့ ကား ၅ စီးစာ သစ်တွေကို အတင်းအဓမ္မ ခြိမ်းခြောက်တောင်းယူခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီဇင်ဘာလ ၆ ရက်က ညောင်ကုန်းကျေးရွာအဝင်မှာ တပ်စခန်းချပြီး ဂိတ်စွဲထားတဲ့ BGF ၁၀၁၄ တပ်ရင်းက တပ်ဖွဲ့ဝင်တွေက ကျုံခနကျေးနယ်အုပ်စု တံတားဦးကျေးရွာ၊ ညောင်ကုန်းကျေးရွာ၊ ရှောက်ကုန်းကျေးရွာ၊ ကျုံခနကျေးရွာတွေက ဒေသခံပြည်သူတွေထံကနေ ပိဿာချိန် ၅၀ ရှိတဲ့ ဝက်တစ်ကောင်နဲ့ စခန်းပြန်လည်ပြုပြင်ဖို့အတွက် ခြောက်ဘီးယာဉ်နဲ့ သစ်ကား ၅ စီးကို အတင်းအဓမ္မ ခြိမ်းခြောက်တောင်းယူခဲ့တာပါ။

တံတားဦးကျေးရွာသားတစ်ဦးက”ကျေးရွာအုပ်စုအတွင်းက ရွာတွေအကုန်းလုံးပေးရတာ။ အခုလို ကာလမှာ ဘာအလုပ်အကိုင်မှ အဆင်မပြေတဲ့အချိန် ဒေသခံတွေဆီကို အတင်းခြိမ်းခြောက်ပြီး စားစရာနဲ့ သစ်တွေတောင်းတာက အကြမ်းဖက်ဓာပြပဲလို ပြောချင်တယ်။ စကစရဲ့ စရိုက်အတိုင်းပဲ။ သူတို့ကိုယ်တိုင် သစ်သွားခုတ်လေ။ ဒီလိုတော့ သေမှာကြောက်လို့ ဖြစ်မယ်”လို့ ပြောပါတယ်။

အဆိုပါ ညောင်ကုန်း(BGF)စခန်းကို BGF- ၁၀၁၄ တပ်ရင်း၊ တပ်ခွဲ  ၂ တပ်ခွဲမှူး ဗိုလ်တင်ဝင်းရဲ့ တပည့် မိုးဟိန်းနဲ့ ဖားကနူတို့က ဦးဆောင်ပြီး စခန်းကိုတာဝန်ယူထားတာလို့ တာဝန်ရှိသူက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ BGF တပ်တွေဟာ ကေအန်ယူထိန်းချုပ်မြေအတွင်း ကျူးကျော်ဝင်ရောက်ပြီး ဒေသခံပြည်သူတွေအပေါ် လူ့အခွင့်အရေးအကြိမ်ကြိမ် ချိုးဖောက်တာတွေ၊ လယ်ယာ၊ ဥယျာဥ်ခြံမြေ၊ လုပ်ကိုင်စားသောက်ရာနေရာတွေနဲ့ ကျေးရွာတွေအတွင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေရှိတယ်လို့ ကေအန်ယူက  ထုတ်ပြန်ထားပါတယ်။

8 months Ago
Up