မြန်မာ-ထိုင်းနယ်စပ်မှာ Bitcoin အွန်လိုင်းငွေကြေးလုပ်ငန်းအယောင်ပြပြီး အင်တာနက်ကနေ ဝန်ထမ်းတွေကို ဖြားယောင်ခေါ်ယူ အဓမ္မခိုင်းစေကာ လူကုန်ကူးမှုတွေရှိနေတဲ့ အကြောင်း ဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားရေးရာဌာနက နိုဝင်ဘာ ၂၃ ရက်မှာ ထုတ်ပြန် သတိပေးလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ ကာလတို အလုပ်ရမယ်ဆိုပြီး အွန်လိုင်းကနေခေါ်နေတဲ့ အလုပ်တွေဟာ လက်တွေ့မှာ အဓမ္မခိုင်းစေနေတဲ့ အလုပ်တွေဖြစ်ပြီး အဲဒီနေရာဟာ လူကုန်ကူးတဲ့ အချက်အချာနေရာသာဖြစ်တယ်လို့ ရွှေ့ပြောင်းလုပ်သားရေးရာဌာန အတွင်းရေးမှူး ဆူဆန်အိုပယ်ရဲ့ သတိပေးပြောဆိုချက်ကို ကိုးကားပြီး ဖိလစ်ပိုင်အခြေစိုက် အင်ကွာရာ သတင်းမှာ ဖော်ပြပါတယ်။
တရုတ်နိုင်ငံသားတွေ ဦးဆောင်ပြီး မြန်မာ-ထိုင်းနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့နယ်ထဲမှာ မြန်မာနိုင်ငံပိုင်နက်ထဲ အခြေစိုက်လှုပ်ရှားနေတဲ့ Call Center အမည်ခံ အလုပ်ထဲမှာ ခိုင်းစေခံခဲ့ရသူတွေနဲ့ တွေ့ဆုံပြီးနောက်မှာ အခုလိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။
သူတို့ကို ကွန်ပျူတာအချက်အလက်ပြုစုထိန်းသိမ်းသူ၊ ဖောက်သည်ဝန်ဆောင်မှုပေးသူ၊ နည်းပညာပိုင်းဆိုင်ရာအကူအညီပေးသူအစရှိတဲ့ လုပ်ငန်းခေါင်းစဉ်တွေနဲ့ ထိုင်းနိုင်ငံမှာ တစ်လလျှင် ဖိလစ်ပိုင်ပီဆိုငွေ ၄၀၀၀၀ (အမေရိကန်ဒေါ်လာ ၇၀၀ ခန့်) ရမယ်ဆိုကာ ဖေ့စ်ဘွတ်ခ်ကနေတဆင့် ဆက်သွယ်ခေါ်ယူခဲ့တာဖြစ်တယ်လို့ လိမ်လည်ခေါ်ယူခိုင်းစေခံခဲ့ရသူတွေက ပြောပါတယ်။
နောက်ဆုံးမှာတော့ သူတို့ဟာ ခြေကျင်တစ်သွယ်၊ ကားတစ်သွယ်နဲ့ ရှစ်နာရီကြာအောင် သွားခဲ့ရတဲ့ မြန်မာနယ်စွန်နယ်ဖျားက Techno Park) ကို ပို့ဆောင်ခံခဲ့ကြရပါတယ်။ အဲဒီနောက် သူတို့ကို လေးဘက်လေးတန်ကာရံထားတဲ့ အလုပ်ခန်းထဲမှာ တရုတ်လိုရေးထားတဲ့ လမ်းညွှန်ချက်တွေအတိုင်း Google Translate နဲ့ ဘာသာပြန်ပြီး လိုက်လုပ်ပေးခဲ့ရတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် ကြင်ဖော်ရှာတဲ့ website တွေ၊ application တွေနဲ့ လူမှုကွန်ရက်တွေကိုအသုံးပြုပြီး bitcoin ဝယ်ယူရင်းနှီးမြှုပ်နှံဖို့ အလားအလာရှိသူတွေကို ရှာဖွေကာ ချစ်သူရည်းစား ဆက်ဆံရေး ရရှိအောင်လုပ်ဖို့ သူတို့ကိုခိုင်းစေခဲ့တယ်လို့ အဓမ္မခိုင်းစေခံခဲ့ရသူတွေကပြောပါတယ်။
ဖိလစ်ပိုင် လွှတ်တော်အမတ် ရီဆာဟွန်တီဗာရိုစ်ရဲ့ ရုံးအဖွဲ့၊ ဖိလစ်ပိုင်ရွှေ့ပြောင်းလုပ်သားရေးရာဌာနရုံးအဖွဲ့နဲ့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးရုံးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ကာ လူကုန်ကူးခံခဲ့ရသူ ၁၂ ဦးကို ကယ်တင်နိုင်ခဲ့ပြီးနောက်မှာ လူကုန်ကူးလုပ်ငန်းအကြောင်းကို သိရှိခဲ့ကြတာဖြစ်ပါတယ်။
လူကုန်ကူးခံခဲ့ရသူတွေထဲက တစ်ယောက်နဲ့ လွှတ်တော်အမတ်ရီဆာရဲ့ ရုံးကဝန်ထမ်းတစ်ယောက် အဆက်အသွယ်ရရှိခဲ့ပြီးနောက်မှာအခုလို ကယ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။
ကယ်တင်ခံထားရတဲ့ ၁၂ ဦးကို ညတွင်းချင်း လိုအပ်တဲ့အကူအညီတွေပေးဖို့နဲ့ ဖိလစ်ပိုင်နိုင်ငံ မြို့တော် မနီလာကနေတဆင့် သူတို့နေရပ်ကို ပြန်လည်ပို့ဆောင်ဖို့အတွက် ဖိလစ်ပိုင် ရွှေ့ပြောင်းလုပ်သားရေးရာဌာနရဲ့ လက်အောက်ခံ နိုင်ငံခြားလုပ်သားရေးရာစီမံခန့်ခွဲရေးရုံးကို ဌာနရဲ့ အတွင်းရေးမှူး အိုပယ်က လမ်းညွှန်ချက်ပေးထားတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လူကုန်ကူးခံရမှုကနေ ပြန်လည်ကယ်တင်နိုင်ခဲ့တဲ့ ၁၂ ဦးလုံးကို ရွှေ့ပြောင်းလုပ်သာရေးရာဌာနက ဖိလစ်ပိုင် ပီဆိုငွေ ၁၀,၀၀၀ စီထောက်ပံ့ပေးထားတယ်လို့ ဖိလစ်ပိုင်အခြေစိုက် အင်ကွာရာ သတင်းမှာ ဖော်ပြထားပါတယ်။
Ref- Inquirer.net
အမေရိကန်ဒေါ်လာ ၃ ဒသမ ၆ ဘီလီယံတန် ဘစ်ကွိုင် ဒစ်ဂျစ်တယ်ငွေကြေး အကြီးဆုံး ခိုးယူမှုကို ဖော်ထုတ်လိုက်ပြီလို့ အမေရိကန်တရားရေးဌာနက ဖေဖော်ဝါရီ ၈ ရက်မှာ ပြောပါတယ်။
သမိုင်းမှာ စံချိန်တင်လောက်တဲ့ ခိုးယူမှုဟာ ငွေကြေးခဝါချမှုနဲ့ ဖမ်းဆီးခံရတဲ့ ဇနီးမောင်နှံ အဖွဲ့နဲ့ရော ဒစ်ဂျစ်တယ် ငွေကြေးဖလှယ်ရေးကုမ္ပဏီ ဘစ်ဖိနက်ဇ်ကို ၂၀၁၆ တုန်းက ဆိုင်ဘာ ဖောက်ထွင်းမှုနဲ့ပါ ပတ်သက်နေတယ်လို့ အမေရိကန် တရားရေးဌာနက ပြောပါတယ်။
“နယူးယောက်မြို့ခံ အသက် ၃၀ ကျော်အရွယ် အီလီယာဒတ်ချ် လစ်တန်စတိုင်းနဲ့ ဟိသာမော်ဂန်တို့ ဇနီးမောင်နှံကို အင်္ဂါနေ့မနက်က မန်ဟန်တန်ရပ်ကွက်မှာ ဖမ်းခဲ့တယ်။ သူတို့ဟာ ဒေါ်လာ ၅၀၀ တန် ဝေါမတ်လက်ဆောင်ကတ်ကနေ ရွှေနဲ့ တခြား သင်္ကေတ မပါတဲ့ တိုကင်ပြားတွေလို ပစ္စည်းတွေကို တရားမဝင် ထုတ်လုပ်နေခဲ့တယ်”လို့ အစိုးရရှေ့နေက ပြောပါတယ်။
ဖမ်းဆီးခံ အသက် ၃၁ နှစ်အရွယ် ဟိသာမော်ဂန်ဟာ ရက်ဇယ်ခန်းဆိုတဲ့ နာမည်နဲ့ ရက်ပ် အဆိုတော်အဖြစ် လူသိများတယ်လို့ ဆိုပါတယ်။
ဒါဟာ အမေရိကန်တရားရေးဌာနအနေနဲ့ အကြီးဆုံးဘဏ္ဍာရေး သိမ်းဆည်းရမိတဲ့အမှုပဲလို့ ဒုတိယ အစိုးရရှေ့နေချုပ် လဇ်ဇာမိုနာကိုက ပြောပါတယ်။
ဒစ်ဂျစ်တယ် ငွေကြေးတွေဟာ ရာဇဝတ်သားတွေအတွက် ဘေးကင်းရာ ကောင်းကင်ဘုံ မဟုတ်ဘူးလို့လည်း သူက ကြေညာချက် ထုတ်ပြန် ပြောဆိုပါတယ်။