close

Blacklist

close

March 15, 2023

စစ်အုပ်စုပိုင် ဂန္ဓမာ Wholesale အပါအဝင် လုပ်ငန်း ၅ ခုကို အမည်ပျက်စာရင်းထပ်သွင်း၊ စုစုပေါင်း ၂၀၀ ကျော်ရှိလာ

မြန်မာအကြမ်းဖက်စစ်အုပ်စုပိုင် စီးပွားရေးလုပ်ငန်းတခုဖြစ်တဲ့ ဂန္ဓမာ wholesale အပါအဝင် လုပ်ငန်း ၅ ခုကို ယူကေအခြေစိုက် ဘားမားကမ်ပိန်းအဖွဲ့က ထပ်မံအမည်ပျက်စာရင်းသွင်းလိုက်ပြီးနောက်မှာ အမည်ပျက်စာရင်းသွင်းခံထားတဲ့ လုပ်ငန်းပေါင်း ၂၁၂ ခုထိ ရှိလာပါတယ်။

အဆိုပါ လုပ်ငန်း ၅ ခုထဲမှာတော့ ဂန္ဓမာ wholesale နဲ့အတူ နေပြည်တော် Wholesale ၊ ပုသိမ်မြို့က The Angel Bistro ၊ ရန်ကုန်မြို့က Five Star Compound (Yangon) ၊ Five Star Port နဲ့ Thateka Wharf (Yangon) တို့လည်း ပါဝင်နေတာ ဖြစ်ပါတယ်။

အဆိုပါ ကုမ္ပဏီလုပ်ငန်း ၂၀၀ ကျော်ထဲမှာ အများစုကတော့ အကြမ်းဖက်စစ်တပ်နဲ့ စီးပွားရေးချိတ်ဆက်မှု၊ လက်နက်၊ ဒါမှမဟုတ် တခြားစစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့တဲ့ လုပ်ငန်းတွေ ဖြစ်ပြီးတော့ စစ်အုပ်စု ရဲ့ ကြီးမားကျယ်ပြန့်တဲ့ စီးပွားရေးအင်ပါယာ ထုတ်ကုန်တွေ၊ အမှတ်တံဆိပ်တွေကို လူတစ်ဦးချင်း၊ ကုမ္ပဏီတွေ၊ အဖွဲ့အစည်းတွေနဲ့ အစိုးရတွေအနေနဲ့ အဆိုပါကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူခြင်းကနေ ရှောင်ရှားနိုင်စေဖို့ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

မြန်မာစစ်တပ်ပိုင်နဲ့ ထိန်းချုပ်ကုမ္ပဏီတွေဟာ မြန်မာစစ်တပ်အတွက် အရေးကြီးတဲ့ ၀င်ငွေရင်းမြစ်တွေဖြစ်ကာ သူတို့ဆီက ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ဝယ်ယူခြင်းက စစ်အုပ်စုရဲ့၀င်ငွေကို တိုးမြင့်စေပြီး ဒီငွေတွေကို သူတို့ရဲ့ စစ်ဆင်ရေးအတွက် ရန်ပုံငွေ၊ စစ်ရေးစွမ်းရည်ကို တည်ဆောက်ဖို့နဲ့ သူတို့ကျူးလွန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေအတွက် အသုံးပြုနေကြတာ ဖြစ်ပါတယ်။

ဘားမားကမ်ပိန်းအဖွဲ့ရဲ့ ဒါရိုက်တာ မာ့ခ်ဖန်မနာက “ဒီစာရင်းဟာ မြန်မာနိုင်ငံက ပြည်သူတွေကို စစ်တပ်ကို ငွေကြေးထောက်ပံ့တာကို ရှောင်ရှားနိုင်စေပြီး လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ငွေကြေး ထောက်ပံ့ခြင်းမပြုကြောင်း သေချာစေဖို့ သံရုံးတွေ၊ ကုမ္ပဏီတွေနဲ့ ကုလသမဂ္ဂအေဂျင်စီတွေအနေနဲ့ အသုံးပြုသင့်ပါတယ်။ မြန်မာနိုင်ငံက သံရုံးတွေ၊ အကူအညီပေးရေးဆိုင်ရာ အလှူရှင်တွေ အားလုံးအနေနဲ့လည်း စစ်အုပ်စုနဲ့ ဆက်စပ်ကုမ္ပဏီတွေဆီကနေ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေကို မဝယ်ရဘူးဆိုတဲ့ မူဝါဒတွေ ရှိသင့်တယ်။” လို့ ပြောပါတယ်။

ဘားမားကမ်ပိန်းအဖွဲ့က အမည်ပျက်စာရင်းသွင်းထားတဲ့ အကြမ်းဖက်စစ်အုပ်စုပိုင် ဆက်စပ်စီးပွားရေးလုပ်ငန်းတွေထဲမှာ  ငွေကြေးနဲ့ ဘဏ်လုပ်ငန်း၊ စီးကရက်အမှတ်တံဆိပ်တွေ၊ အဝတ်အထည်တွေ၊ ဆက်သွယ်ရေး၊ ဆောက်လုပ်ရေး၊ ဖျော်ဖြေရေးနဲ့ ခရီးသွားလုပ်ငန်း၊ စားသောက်ကုန်၊ ကျန်းမာရေးနဲ့ အလှအပဆိုင်ရာ ထုတ်ကုန်တွေ၊ ကျန်းမာရေးဝန်ဆောင်မှုလုပ်ငန်းတွေ၊ ဆေးရုံတွေ၊ စက်မှုဇုန်အိမ်ရာစီမံကိန်းတွေ၊ နိုင်ငံတကာ ကုန်သွယ်မှု၊ ထုတ်လုပ်ရေးလုပ်ငန်း၊ မီဒီယာ၊ လက်လီလုပ်ငန်းတွေ၊ ကုန်သွယ်မှုနဲ့ ပို့ဆောင်ရေးလုပ်ငန်းတွေ စတဲ့ ကဏ္ဍတွေ အသီးသီးက လုပ်ငန်းတွေ ပါဝင်နေတာ ဖြစ်ပါတယ်။အမည်ပျက်စာရင်းသွင်းခံ ကုမ္ပဏီများစာရင်း အပြည့်အစုံကိုတော့ https://burmacampaign.org.uk/media/The-Boycott-List.pdf ဝက်ဆိုက် လင့်ခ်မှာ ကြည့်ရှုနိုင်ပါတယ်။

2 mins Ago

October 24, 2022

FATF က မြန်မာကို အမည်ပျက်စာရင်းသွင်းလိုက်သဖြင့် သွင်းကုန်ထုတ်ကုန်နှင့် ငွေလွှဲလုပ်ငန်းများ ထိခိုက်နိုင်

မြန်မာနိုင်ငံကို နိုင်ငံတကာငွေကြေးခဝါချမှုစောင့်ကြည့်ရေးအဖွဲ့ (FATF) က နာမည်ပျက်စာရင်း သွင်းလိုက်တာကြောင့် ပြည်တွင်းက လုပ်ငန်းရှင်တွေအတွက် သွင်းကုန်ထုတ်ကုန်နဲ့ ငွေလွှဲတာတွေအပေါ် အကြီးအကျယ်ထိခိုက်လာဖို့ ရှိနေပါတယ်။

အခြေခံလူတန်းစားတွေက အလုပ်လက်မဲ့ပြဿနာ၊ ကုန်ဈေးနှုန်းကြီးမြင့်တဲ့ပြဿနာတွေကို အရင်စစ်အာဏာရှင်အစိုးရလက်ထက်ကအတိုင်း ပြန်ပြီးကြုံတွေ့လာရနိုင်တယ်လို့ စီးပွားရေးပညာရှင်တွေက  ခန့်မှန်းပါတယ်။ 

မြန်မာနိုင်ငံကို FATF အဖွဲ့က အောက်တိုဘာ ၂၁ ရက်နေ့မှာ Blacklist နာမည်ပျက်စာရင်း တကျော့ပြန်သွင်းလိုက်တာပါ။

FATF က အာဏာရှင်ဦးသန်းရွှေလက်ထက် ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိတစ်ကြိမ်၊ ၂၀၁၁ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်အထိတစ်ကြိမ် နာမည်ပျက်စာရင်းသွင်းခဲ့ပြီး အခုတကြိမ်ကတော့ တတိယအကြိမ် ဖြစ်ပါတယ်။

FATF က ငွေမဲခဝါချမှု၊ အကြမ်းဖက်မှု၊ နိုင်ငံတကာငွေကြေးစီးဆင်းမှုကို ခြိမ်းခြောက်မှု စတဲ့ အချက် ၃ ခုအပေါ်မူတည်ပြီး စောင့်ကြည့် အရေးယူမှုတွေပြုလုပ်တဲ့အဖွဲ့အစည်း ဖြစ်ပါတယ်။

FATF က မြန်မာနိုင်ငံကို နာမည်ပျက်စာရင်းသွင်းလိုက်ပေမဲ့ အရေးယူဆောင်ရွက်တာတွေ ဘယ်တော့ စလုပ်မယ်ဆိုတာကိုတော့ အတိအကျမသိရသေးပါဘူး။ FATF က နာမည်ပျက်စာရင်း သွင်းလိုက်တာကြောင့် မြန်မာငွေနဲ့ နိုင်ငံခြားငွေလဲလှယ်တဲ့ ဈေးကွက်မှာတော့ ကမောက်ကမတွေ ဖြစ်နေပါတယ်။ 

အမေရိကန် တစ်ဒေါ်လာကို ငွေကျပ် ၅၀၀၀ ကျော်အထိ ပါးစပ်ဈေးပေါက်ခဲ့ပေမယ့် လက်တွေ့ အရောင်းအဝယ်တော့ မလုပ်ကြဘဲ စောင့်ကြည့်နေကြတာကို တွေ့ရပါတယ်။ ဒီမတည်ငြိမ်မှုတွေကြောင့် မဖြစ်မနေ ဒေါ်လာဝယ်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်းလုပ်ကိုင်ရမယ့် လုပ်ငန်းရှင်တွေအတွက် ခေါင်းခဲစရာအခြေအနေ ဖြစ်နေပါတယ်။

စီးပွားရေးပညာရှင်တစ်ဦးက “ဒီထက်ပိုပြီးတော့ နိုင်ငံရေးအခြေအနေ မငြိမ်မသက်ဖြစ်လာမယ် ဆိုရင် ထိန်းမရတဲ့ အခြေအနေရောက်သွားလိမ့်မယ် ထင်တယ်။ ခင်ဗျားပဲကြည့် ခင်ဗျားဆီမှာ အဖိုးတန်တဲ့ပစ္စည်းရှိရင် ဗမာငွေနဲ့ မရောင်းရဲတော့ဘူး။ ရောင်းလို့ရှိရင် ခင်ဗျား အလိုလိုနေရင်း ရှုံးနေပြီ။ အဲ့လိုအခြေအနေရောက်နေပြီ လုပ်ငန်းတွေကလည်း ဘာမှလုပ်လို့ အဆင်မပြေလို့ရှိရင် သူတို့လည်း ရပ်ဆိုင်းတန်တာ ရပ်ဆိုင်းရတော့မှာပေါ့။ သူတို့စရိတ်တွေရှိတာကိုး။ လုပ်ငန်းတွေ ရပ်ဆိုင်းသွားလို့ရှိရင် လူရဲ့သဘာဝပေါ့ နဂိုကတည်းက စိုးရိမ်စိတ်ကရှိတယ်။ အဲ့ဒီမှာမှ လုပ်ငန်းတွေ ရပ်ဆိုင်းကုန်လို့ ဟိုပစ္စည်းက ဝယ်မရ ဒီပစ္စည်းက ရှားဆိုရင် ပေါက်ကွဲကုန်မှာပေါ့။ အဲဒါ ထိန်းမရသိမ်းမရတဲ့အခြေအနေပေါ့။ အဲ့ဒါဖြစ်လာမှာပဲ။"လို့ ပြောပါတယ်။

FATF က မြန်မာနိုင်ငံကို နာမည်ပျက်စာရင်းသွင်းလိုက်ပေမယ့် မြောက်ကိုရီးယားနဲ့ အီရန်ကို ပိတ်ဆို့သလိုမျိုး အလုံးစုံပိတ်ဆို့တာမျိုးတော့ မဟုတ်သေးပါဘူး။ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ငွေကြေးစီးဆင်းမှုတွေနဲ့ တရားဝင်ငွေကြေးစီးဆင်းမှုတွေကိုတော့ ဆက်လက်ခွင့်ပြုပေးထားဦးမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကို နာမည်ပျက်စာရင်းသွင်းတာဟာ စစ်ကောင်စီကို ဖိအားပေးစောင့်ကြည့်နိုင်ဖို့ ကြိုးစားတာ ဖြစ်ပေမယ့် စစ်ကောင်စီကလည်း အရင်အာဏာရှင်တွေ လျှောက်ခဲ့တဲ့ပုံစံအတိုင်း ထွက်ပေါက်ရှာလာလိမ့်မယ်လို့ စီးပွားရေးပညာရှင်တွေက ခန့်မှန်းပါတယ်။

ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတကာစီးပွားရေးလုပ်ငန်းတွေ ထွက်ခွာသွားရင် တရုတ်လုပ်ငန်းရှင်တွေ၊ ဂျပန်လုပ်ငန်းရှင်တွေနဲ့ ဒေသတွင်း အာဆီယံနိုင်ငံတချို့က လုပ်ငန်းရှင်တွေ အစားထိုး ဝင်ရောက်လာမှာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ အရင်အာဏာရှင်အစိုးရလက်ထက်ကအတိုင်း အလုပ်အကိုင်ရှားပါးတာ၊ အလုပ်သမားအခွင့်အရေးနဲ့ လူ့အခွင့်အရေးဆုံးရှုံးတာ၊ လုပ်အားခ ဈေးနှိမ်ခံရတာ၊ ကုန်ဈေးနှုန်းကြီးမြင့်ပြီး ဝင်ငွေထွက်ငွေမမျှတာ စတဲ့အကျိုးဆက်တွေကို ပြည်သူတွေ ပြန်လည်ကြုံတွေ့လာရမှာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ ကိုယ့်အချင်းချင်း ဒေါ်လာအရောင်းအဝယ်လုပ်ပြီး လုပ်ငန်းတွေဆက်ပြီး လည်ပတ်နိုင်ဖို့ ရုန်းကန်နေရပါတယ်။

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက  “လုပ်ငန်းတော်တော်များများက ဒီနေ့ရောင်း မနက်ဖြန်ရှုံး ဆိုတော့ ဘာဆက်လုပ်ရမှန်း မသိဘူးဖြစ်နေတယ်။ အကုန်လုံးက အကြမ်းဖျင်း စောင့်ကြည့်နေတဲ့သဘော ဖြစ်လာတယ်။ လုပ်ငန်းတွေ ရပ်သွားနိုင်တဲ့သဘောကတော့ ရှိနေတယ်။ အဲ့ဒီလိုရပ်သွားရင်တော့ အလုပ်လက်မဲ့တွေဖြစ်လာပြီး လူတွေရဲ့ စားဝတ်နေရေး ပိုကျပ်တည်းလာမယ်လို့ ထင်ပါတယ်။ ထိန်းတာကတော့ ထိန်းလို့မရဘူး။ ချုပ်လို့လည်း မရဘူး။ ရောင်းတဲ့သူကတော့ သူ ကြိုက်တဲ့ဈေးနဲ့ ရောင်းမှာပဲ။ မကြိုက်ရင်မရောင်းဘူးပေါ့။ အပြင်မှာ Importer နဲ့ Exporter ညှိလို့ရတယ်။ တစ်ခုရှိတာက ဘဏ်တွေ ငွေလွှဲတွေတော့ ရောင်းရဝယ်ရခက်သွားပြီ။ Importer တွေ Exporter တွေ ဒါတွေကို ဘယ်လိုလုပ်မလဲ ဆိုတာကတော့ ဘဏ်တွေ ငွေလဲတွေ မခံဘဲနဲ့ ကိုယ့်ဘာသာ အရောင်းအဝယ်လုပ်ရင်တော့ ကိုယ့်ဈေးနဲ့ကိုယ် လုပ်လို့ရနိုင်တာပဲ။ လက်ရှိလည်း ဒီနည်းအားဖြင့်ပဲ ဖြစ်တာပဲ။”

စစ်အာဏာ စသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေးလုပ်ငန်းတွေ၊ ဘဏ်စနစ်၊ ငွေကြေးစီးဆင်းမှုတွေဟာ ယိုင်လဲမတတ်ဖြစ်ခဲ့တာပါ။

ဒီအခြေအနေတွေကို စစ်ကောင်စီ ဗဟိုဘဏ်က ဒေါ်လာထုတ်ရောင်းပေးတာ၊ ပြင်ပပေါက်ဈေးနဲ့ ဘဏ်ဈေး လိုက်ညှိပေးတာ၊ ရည်ညွှန်းဈေးကို ပုံသေသတ်မှတ်တာ၊ ပြည်ပတင်ပို့သူတွေဆီက ဒေါ်လာတွေကို မြန်မာငွေနဲ့ ချက်ချင်းလဲခိုင်းတာ၊ နိုင်ငံခြားမှာ အလုပ်သွားလုပ်နေတဲ့သူတွေအနေနဲ့ မြန်မာနိုင်ငံဆီကို မဖြစ်မနေငွေပြန်လွှဲဖို့ စည်းကမ်းသတ်မှတ်တာ စတဲ့ ဆေးမြီးတို နည်းလမ်းပေါင်းစုံနဲ့ ထိန်းဖို့ ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့ မူလ နိုင်ငံရေးပြဿနာကို မဖြေရှင်းနိုင်တဲ့အတွက် စီးပွားရေးပြဿနာကိုလည်း မဖြေရှင်းနိုင်ဘဲ ပိုပြီးဆိုးရွားလာတာဖြစ်ပါတယ်။

ငွေကြေးအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက “လာရောင်းတဲ့သူက မရှိသလောက် နည်းသွားတယ်။ ဝယ်ချင်တဲ့သူကတော့ များလာတယ်။ ရောင်းချမယ့်သူမရှိတဲ့အပေါ်မှာ ကျနော်တို့ ဝယ်လိုအားရောင်းလိုအား မမျှတဘူး။ ကာစတန်မာတွေကို မရောင်းပေးနိုင်တာတော့ ကျနော်တို့ အခက်အခဲဖြစ်တယ်။ ရှိရဲ့သားနဲ့မရောင်းပေးတာတော့ မဟုတ်ပါဘူး။ လိုအပ်တဲ့သူက အခက်အခဲဖြစ်တယ်။ ဝယ်လို့မရတော့ဘူး။ တကယ်ဥပမာ နောက်တစ်ခုက ဘာတစ်ခုတွဲရက်ရှိလဲ ဆိုတော့ ကနဦးတုန်းက ဘဏ်တွေရဲ့ပေါက်ဈေးက ပြင်ပပေါက်ဈေးထက်နည်းတယ်။ အခုက ပြင်ပပေါက်ဈေးက မရှိတဲ့အတွက် ဘဏ်နဲ့ပြင်ပပေါက်ဈေးကြားထဲမှာ ပြဿနာတွေတက်တယ်။"

မြန်မာနိုင်ငံမှာ စီးပွားရေးလုပ်ကိုင်နေသူအများစုကတော့ အရင်အာဏာရှင်လက်ထက်မှာ ဒီပြဿနာမျိုး ကြုံခဲ့ဖူးတာကြောင့် သူတို့ရှင်သန်ရေးအတွက် နည်းလမ်းဟောင်းတွေအတိုင်း ပြန်လိုက်ကြမယ့်အခြေအနေဖြစ်နေပါတယ်။

စစ်ကောင်စီကလည်း အလားတူပဲ အရင်အာဏာရှင်သုံးခဲ့တဲ့ နည်းလမ်းတွေနဲ့ သူတို့ရှင်သန်ရေးကို ဆက်ဖန်တီးသွားမယ့်အလားအလာဖြစ်ပါတယ်။ ထွက်ပေါက်မရှာနိုင်တဲ့အခြေခံပြည်သူတွေကတော့ အရင်အာဏာရှင်လက်ထက်ကအတိုင်း အထွေထွေကျပ်တည်းမှုတွေနဲ့ ရင်ဆိုင်လာရမှာဖြစ်တယ်လို့ နိုင်ငံရေး၊ စီးပွားရေး ကျွမ်းကျင်သူတွေက ခန့်မှန်းထားပါတယ်။

5 months Ago
Up