close

Body Shaming

close

July 4, 2022

လူတစ်ယောက်ကို Body Shaming လုပ်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ သတိပြုစေချင်ပါတယ်

လူတွေ တစ်ယောက်နဲ့ တစ်ယောက်ဆုံမိကြရင် နေကောင်းရဲ့လား ….. အလုပ်အဆင်ပြေလား …… ဘယ်မှာနေလဲ ….. အိမ်ပြောင်းသွားပြီလား ….. ဆိုပြီး နှုတ်ဆက်စကားတွေ ပြောလေ့ရှိတာက လူမျိုးတိုင်းမှာ ရှိသလို ခေတ်အဆက်ဆက် ကတည်းက လောကဝတ်တစ်ခု အနေနဲ့ ပျူငှာဖော်ရွေစွာ နှုတ်ဆက်တတ်တဲ့ အလေ့အထလေးတစ်ခုလို ရှိနေခဲ့တာပါ။

ဒီလို ဖော်ရွေပျူငှာတဲ့ထဲမှာ မြန်မာလူမျိုးတွေက ထိပ်ဆုံးကလို့ ပြောရပါမယ် မြန်မာလူမျိုးတွေက ဖော်ရွေပျူငှာသလို အများကို ကူညီဖို့လည်း တက်ကြွကြတဲ့ သူတွေပါ။ အခုထိလည်း သူငယ်ချင်း အချင်းချင်း လမ်းမှာ ဆုံမိရင် ဘယ်ကလာတာလဲ…. ဘယ်သွားမလို့လဲ ဆိုပြီး နှုတ်ဆက်စကား ပြောနေကြဆဲပါပဲ။ ဒီလို နှုတ်ဆက်တဲ့ စကားတွေထဲမှာ ထပ်တိုးလာတဲ့ နှုတ်ဆက်စကား တစ်ခွန်း ရှိပါတယ်။

ဒါကို လူတိုင်းလိုလို သိပြီးသား ဖြစ်နိုင်သလို ကိုယ်တိုင်တောင် နှုတ်ဆက်ခံရဖူးမယ်ထင်ပါတယ်။ ဒါကတော့ မတွေ့တာတောင် ကြာပြီနော်။ နေကောင်းရဲ့လားဆိုတာကို မဆက်ခင်လေးမှာ မေးတတ်တဲ့ စကားလေးတစ်ခွန်းပါ။ ဟယ် ….. ဝလာလိုက်တာ၊ ပိန်သွားလိုက်တာဆိုပြီး အားကြီးနဲ့ ပြောချလိုက်တာလေ။

မသိဘဲနဲ့ Body Shaming လုပ်မိနေတာပါ

ဒီလို နှုတ်ဆက်တဲ့အခါ နှုတ်ဆက်သူရဲ့ စိတ်ထဲက ဘာမှ မရှိသလို ဘာမှ မခံစားလိုက်ရပေမယ့် နှုတ်ဆက်ခံရသူအဖို့တော့ ဝနေတာကို မကြိုက်ဘဲ ဝိတ်လည်းလျှော့နေပါရက်နဲ့ ဝနေတယ်လို့ အပြောခံရတဲ့အခါ ပိန်နေတဲ့သူကလည်း ဝချင်လို့ ကြိုးစားနေချိန်မှာ ပိန်လိုက်တာလို့ ပြောခံရတာက တော်တော်လေး စိတ်ထိခိုက်စေနိုင်ပါတယ်။

ဒီလို နှုတ်ဆက်လိုက်တာက တကယ်တော့ လူတစ်ယောက်ကို Body Shaming လုပ် လိုက်တာပါပဲ။ ကိုယ်တိုင်ကတော့ ဘာရယ် မဟုတ် ပြောလိုက်ပေမယ့် ပြောခံရသူအဖို့ စိတ်ဒဏ်ရာရသွားနိုင်ပါတယ်။ ဒီလို ပြောဆိုတာက ကိုယ်တိုင်အတွက် ရော အခြားသူတွေအတွက်ပါ အကျိုးမရှိပါဘူး။

ဒါကြောင့် လူတစ်ယောက်နဲ့ ဆုံမိတဲ့အခါ သူတို့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး ဝေဖန်တာမျိုး မဖြစ်စေဖို့ သတိထားစေချင်ပါတယ်။ ဘာကြောင့် ဒီလို ပြောရတာလဲဆိုတာကို အတူတူ ဆက်ကြည့်လိုက်ရအောင်လား ……

လူတစ်ယောက်ကို Body Shaming လုပ်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ သတိပြုစေချင်ပါတယ်

လူတစ်ယောက်ကို Body Shaming လုပ်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်လို့ သတိပြုစေချင်ပါတယ်။ ဘာကြောင့်လည်း ဆိုတော့ လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအစားက ရွေးချယ်လို့ ရတယ်ဆိုပေမယ့် မပိန်ချင်ဘဲ ပိန်နေတာ၊ မဝချင်ဘဲ ဝနေတာတွေ ရှိနိုင်ပါတယ်။

အချို့ဆို ဟော်မုန်းဆေးတွေ သောက်နေရတာကြောင့် ဝနေတာ ဖြစ်နိုင်သလို အချို့ဆို မျိုးရိုးလိုက်လို့၊ ရောဂါအခံ တစ်ခုခု ရှိလို့ ပိန်နေတာမျိုးလည်း ရှိနိုင်ပါတယ်။ နောက်ထပ် လူ့အခွင့်အရေးဘက်က ကြည့်မယ်ဆိုရင်လည်း ပိန်တာ၊ ဝတာက လူတစ်ယောက်ရဲ့ အခြေခံ ကိုယ်ပိုင် လွတ်လပ်ခွင့် ဖြစ်တာကြောင့် ဒါ့အတွက် ဝေဖန်ခံဖို့ မလိုအပ်ပါဘူး။

လူတစ်ယောက်ကို Body Shaming လုပ်တာက စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်

လူတစ်ယောက်ကို Body Shaming လုပ်တာက အခုလိုမျိုး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။

စိတ်ဓာတ်ကျသွားနိုင်တယ်

ဝနေလို့ ကိုယ်အလေးချိန် ထိန်းဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ရောဂါတစ်ခုခုကြောင့် ဒါမှမဟုတ် ဆေးဝါးတွေရဲ့ နောက်ဆက်တွဲအနေနဲ့ မဝချင်ဘဲ ဝနေတဲ့သူကို ဝလိုက်တာလို့ ပြောတာမျိုး၊ ခန္ဓာကိုယ် ပြည့်ပြည့်လေး ဖြစ်ချင်လို့ အစားအစာတွေလည်း ဂရုစိုက်နေတယ်၊ ကိုယ်လက်လေ့ကျင့်ခန်းတွေလည်း လုပ်နေတဲ့သူကို ပိန်သွားလိုက်တာလို့ ပြောလိုက်ခြင်းက သူတို့ကို Body Shamingလုပ်လိုက်တာပါပဲ။

ဒါက စိတ်ပိုင်းဆိုင်ရာ ထိုးနှက်မှု တစ်ရပ်ပါ။ ဒီလိုမျိုး အကြိမ်ကြိမ် စိတ်ပိုင်းဆိုင်ရာ ထိုးနှက်ခံရတာက စိတ်ဓာတ်ကျတာကို ဖြစ်စေနိုင်ပါတယ်။

စိတ်ဖိစီးစေနိုင်တယ်

မနှစ်သက်တဲ့ အခြေအနေကို ခဏခဏ ကြုံရတာ၊ သဘောမကျတဲ့ ဝေဖန်မှုတွေကို ခဏခဏ ခံစားရတာက စိတ်ဖိစီးစေပါတယ်။ ဒီလိုပါပဲ ကိုယ်တိုင်တောင် အဆင်မပြေလို့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး အဆင်ပြေတဲ့ အနေအထား ဖြစ်လာအောင် ကြိုးစားနေသူတွေကို ကိုယ်အလေးချိန် ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်ပြီး ခဏခဏ ဝေဖန်တာက စိတ်ဖိစီးစေနိုင်ပါတယ်။

စိတ်ဖိစီးတာက နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။

စားသောက်မှု မူမမှန်တဲ့ စိတ်အခြေအနေ ခံစားရစေနိုင်တယ်

ဝတယ်လို့ အပြောခံရတာကြောင့် အစားအသောက်တွေကို ရှောင်တာ ပိန်တယ်လို့ အပြောခံရတာကြောင့် အဆီနဲ့ ကာဗိုဟိုက်ဒရိတ်များတာတွေ ဝစေတယ်ဆိုတဲ့ အစားအစာတွေကို မလိုအပ်ဘဲ စားတာ၊ ရှောင်တာတွေ လုပ်ရင်းက စားသောက်မှု မူမမှန်တဲ့အခြေအနေကို ခံစားလာရနိုင်ပါတယ်။

အချို့ဆို စားချင်တော့ စားလိုက်တယ်။ ပြီးတော့ ဝလာမှာစိုးတယ်ဆိုပြီး စားပြီးပြီးချင်း လက်ထိုးပြီး အန်လိုက်တယ်။ ဒီလို လုပ်တာတွေ ဖြစ်နိုင်သလို ပိန်လွန်းတယ်ဆိုလို့ အဆီတက်စေတာမျိုးတွေကိုပဲ ရွေးစားတယ်။ မစားချင်ဘဲ အတင်းစားတာမျိုးတွေလိုမျိုး စားသောက်မှုဆိုင်ရာ မူမမှန်တဲ့ စိတ်အခြေအနေကို ခံစားလာရနိုင်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ပျောက်ဆုံးလာတယ်

ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားနဲ့ ပတ်သက်လို့ ခဏခဏ ဝေဖန်ခံရတဲ့အခါ ကိုယ့်ရဲ့ ခန္ဓာကိုယ် အချိုးအစားအပေါ် ယုံကြည်မှု အားနည်းလာနိုင်ပါတယ်။ ဒီလို အားနည်းလာမှုရဲ့ အကျိုးဆက်အနေနဲ့ လူအများကြား မသွားရဲ မလာရဲတာမျိုးကစလို့ တစ်ခုခု လုပ်ဖို့ဆိုရင်တောင် မဖြစ်နိုင်ပါဘူးလို့ တွေးပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ဆုံးရှုံးတာမျိုး ခံစားရနိုင်ပါတယ်။

Body Shamingလုပ်တာက အခုလိုမျိုး စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်တာကြောင့် လူတစ်ယောက်ရဲ့ ခန္ဓာကိုယ် အချိုးအဆစ်နဲ့ ပတ်သက်ပြီး ပိန်လွန်းတယ်။ ဝလွန်းတယ်လို့ ဝေဖန်တာမျိုး မလုပ်မိပါစေနဲ့။

ကိုယ်က ဝေဖန်ခံရတဲ့သူဖြစ်နေမယ်ဆိုရင်လည်း ခန္ဓာကိုယ်အချိုးအစား ပြေပြစ်တယ်။ မပြေပြစ်ဘူး။ ပိန်တယ်၊ ဝတယ်ဆိုတာက ကိုယ့်ရဲ့ မွေးရာပါ ကိုယ်ပိုင်လွတ်လပ်ခွင့်လို့ ယူဆပြီး စိတ်ထဲ တနုံ့နုံ့တွေးနေတာမျိုး မလုပ်ဘဲ ကိုယ့်စိတ်တိုင်းကျ လှုပ်ရှားနေထိုင်ဖို့ အကြံပြုလိုက်ပါရစေ။

1 min Ago

May 28, 2020

ဆယ်ကျော်သက်ပေါ့ပ်စတား Billie Eilish လူမှုကွန်ရက်ပေါ် Body Shaming အသိပညာပေး (ရုပ်သံ) (ဖေ့စ်ဘွတ်ခ်ရွာ… ဖေ့စ်ဘွတ်ခ်ကမ္ဘာ)

Body Shaming လို့ပြောလိုက်တာနဲ့ ပရိသတ်တွေက တခြားတယောက်ယောက်ရဲ့ ခန္ဓာကိုယ်သွင်ပြင် ဝတာ၊ ပိန်တာ၊ ရှည်တာ၊ ပုတာ စသဖြင့် ပြင်ပသွင်ပြင်ပိုင်းဆိုင်ရာ အားနည်းချက်တွေကို ရှုံ့ချလှောင်ပြောင်တာလို့ သိကြပြီး ဖြစ်မှာပါ။ လူသားတိုင်းမှာ မတူညီကွဲပြားတဲ့ ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ အားနည်းချက် တခုမဟုတ် တခုတော့ ရှိကြတာပါပဲ။ အကြီးအသေး အနည်းအများ အားနည်းပုံချင်း မတူညီနိုင်ကြပါဘူး။ ဒါနဲ့ ပတ်သက်ပြီး လူမှုပတ်ဝန်းကျင် အသိုင်းအဝိုင်းထဲမှာ မရှိသင့်၊ မပြုမူသင့်တဲ့ အခြေအနေတခုအဖြစ် Body Shaming တိုက်ဖျက်တဲ့ လှုပ်ရှားမှုတွေကို ထင်ရှားကျော် ကြားသူတွေ၊ နာမည်ကျော် အနုပညာရှင်ဆယ်လီတွေကပါ အားတက်သရော ပါဝင်နေကြပါတယ်။ လတ်တလောမှာတော့ ဆယ်ကျော်သက် အနုပညာရှင်ကောင်မလေး Billie Eilish က Body Shaming နဲ့ ပတ်သက်တဲ့ ရုပ်သံအတိုလေးတခုကို သူ့ရဲ့ အင်တာနက်လူမှုကွန်ရက်ပေါ်မှတဆင့် မျှဝေထားခဲ့တာကို တွေ့ရပါတယ်။ သူဟာ ပြီးခဲ့တဲ့ ဂရမ်မီတေးဂီတဆုချီးမြှင့်ပွဲမှာ ဆုအများဆုံး သိမ်းပိုက်သွားနိုင်ခဲ့တဲ့ အသက်အငယ်ဆုံး အနုပညာရှင် ဖြစ်လာခဲ့တာပါ။ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ Billie Eilish ဟာ  ၆၂ ကြိမ်မြောက်အဖြစ် ကျင်းပတဲ့ ဆုချီးမြှင့်ပွဲမှာ Album of the Year ဆုအပါအဝင် ဆုပေါင်း ၅ ဆုရရှိခဲ့တာပါ။ အရင်က Album of the Year ဆုကို Fearless တေးအယ်လ်ဘမ်နဲ့ အဆိုတော် တေလာဆွစ်ဖ်က အသက် ၂၀ အရွယ်မှာ ဆွတ်ခူးခဲ့တာမို့ Billie Eilish က ခုလိုဆွတ်ခူး နိုင်ခဲ့တာဟာ စံချိန်တင်အသက်အငယ်ဆုံး အနုပညာရှင်ဖြစ်လာခဲ့တာပါ။ ခုလတ်တလော မျှဝေလိုက်တဲ့ ရုပ်သံကိုတော့ Not My Responsibility လို့ အမည် ပေးထားပါတယ်။ ရုပ်သံထဲမှာတော့ အီလက်ထရိုဂီတနောက်ခံအသံနဲ့ အစပြုထားခဲ့ပြီးနောက်မှာတော့ သူက အနက်ရောင် ဟူဒီတထည်နဲ့ ရပ်နေခဲ့တာကို တွေ့ရမှာပါ။ အဲဒီနောက်တော့ “ရှင်တို့ ကျမကို သိသလား”၊ “ကျမကို ခုထက်ပိုပြီး သေးသွားစေ ချင်သလား”၊ “ပိုအားနည်းစေလိုသလား”၊ “ပိုနူးညံ့စေလိုသလား”၊ အရပ်ပိုရှည်လာစေချင် သလား”၊ “ပိုတိတ်ဆိတ်စေလိုသလား”အစချီ မေးခွန်းတွေနဲ့အတူ အဝတ်တွေကိုလည်း တထပ်ချင်း ချွတ်ပြခဲ့ကာ နောက်ဆုံး ရေထဲငုပ်လျှိုးသွားခဲ့ချိန်အထိ သရုပ်ပြခဲ့တာကို တွေ့ရပါတယ်။ ရုပ်သံအဆုံးပိုင်းမှာတော့ Billie Eilish က “လူတွေရဲ့ အရွယ်အစားပေါ် မူတည်ပြီး ကျမတို့က သူဘယ်သူဖြစ်တယ်၊ ဘယ်လောက်တန်တယ်ဆိုတာကို ကောက်ချက်ချဆုံး ဖြတ်ကြတယ်။ ကျမက ပိုပြီး ဝတ်ထားမယ်၊ လျှော့ပြီး ဝတ်ထားခဲ့မယ်ဆိုရင် အဲလိုဖြစ်စေ ဖို့ ဘယ်သူက ဆုံးဖြတ်တာလဲ။ အဲဒီအဓိပ္ပါယ်က ဘာလဲ။ ကျမရဲ့ တန်ဖိုးက ရှင်တို့ အမြင် သုံးသပ်ချက်တွေပေါ် အခြေခံရမှာလား။ ဒါမှမဟုတ် ကျမနဲ့ ပတ်သက်တဲ့ ရှင်တို့ရဲ့ အမြင်အပေါ် ရှင်တို့ပဲ တာဝန်ယူရမှာ မဟုတ်ဘူးလား” ဆိုပြီး အဆုံးသတ်ထားပါတယ်။ လတ်တလောမှာတော့ ဒီရုပ်သံဗွီဒီယိုဖိုင်ကို ယူကျုဘ်ပေါ်မှာ ရက်ပိုင်းအတွင်း ဝင် ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၃ သန်းကျော် ရှိနေခဲ့တာ ဖြစ်ပါတယ်။
2 years Ago
Up