close

Burma Act

close

April 6, 2022

Burma Act မြန်မာပြည်ဆိုင်ရာ ဥပဒေ အမေရိကန်လွှတ်တော်၌ မဲခွဲဆုံးဖြတ် အတည်ပြုမည်

မြန်မာနိုင်ငံမှာ အကြမ်းဖက်မှုတွေ အဆုံးသတ်ရေးအတွက် မြန်မာစစ်အာဏာရှင်အုပ်စုကို ဖိအားပေးဖို့ မြန်မာနိုင်ငံဆိုင်ရာအက်ဥပဒေ (BURMA ACT 2021) ကို အတည်ပြုပေးဖို့ အမေရိကန်ရောက် မြန်မာအသိုက်အဝန်းက  ကွန်ဂရက် လွှတ်တော်ကို  တောင်းဆိုလိုက်ပါတယ်။

အမေရိကန် အောက်လွှတ်တော်ဟာ မြန်မာပြည်မှာဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို မြှင့်တင်ဖို့၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့၊ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးကူညီမှုတွေကို ပါလုပ်ဆောင်ဖို့နဲ့ မြန်မာနိုင်ငံမှာလူ့အခွင့်အရေးနဲ့ စပ်လျဉ်းပြီး ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေ ချမှတ်နိုင်ဖို့အတွက် ညှိနှိုင်းရေးမှူးတယောက်  ခန့်အပ်ရေး နိုင်ငံခြားရေးဌာနကို ခွင့်ပြုပေးတဲ့ ဥပဒေကြမ်းကို အခုသီတင်းပတ်မှာ မဲခွဲဆုံးဖြတ်ဖို့ ရှိနေတာပါ။ 

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၅ ရက်က အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ နယူးယောက်မှ ဒီမိုကရက်လွှတ်တော်အမတ် ဂရီဂိုရီဒဗလျူမိခ်ဟာ မေရီလန်းပြည်နယ်မှ ဘင်ဂျမင်အယ်လ်ကာဒင်နဲ့ အိုဟိုင်းယိုးပြည်နယ်ကိုယ်စားပြု ရီပတ်ဘလီကန်အမတ် စတိဗ်ချားဘော့တ်တို့နဲ့အတူ Burma Act လို့လူသိများတဲ့   “The Burma Unified through Rigorous Military Accountability Act of 2021”  (စစ်တပ်ကို အပြင်းထန်ဆုံးနည်းလမ်းဖြင့် တာဝန်ခံစေခြင်းဖြင့် မြန်မာပြည်ပေါင်းစည်းရေးဥပဒေ ၂၀၂၁) လို့ အဓိပ္ပါယ်ရတဲ့ ဥပဒေကြမ်းကို အစပျိုး မိတ်ဆက်ပေးခဲ့ပါတယ်။

ဒီဥပဒေကြမ်းမှာ လက်ရှိမြန်မာနိုင်ငံမှာ ဒုက္ခမျိုးစုံခံစားနေရတဲ့ စစ်ဘေးရှောင်တွေအတွက် လူသားချင်းစာ နာထောက်ထားမှုဆိုင်ရာ အကူအညီတွေပေးဖို့အချက်တွေ၊ နိုင်ငံရေးအကျဉ်းသားတွေအတွက် အကူအညီအထောက်အပံ့ပေးဖို့ဆိုတဲ့အချက်တွေ၊ တရားမျှတမှုဖော်ဆောင်ရေးကိစ္စ တွေဆောင်ရွက်ဖို့အချက်တွေ၊ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာ့အရေးနဲ့ပတ်သက်လို့ အမေရိကန်အစိုးရက ဦးဆောင်ပြီးဆောင်ရွက်ဖို့အချက်တွေ၊ စစ်ကောင်စီရဲ့ အဓိက ဝင်ငွေရလမ်းဖြစ်တဲ့ ကျောက်မျတ်လုပ်ငန်းနဲ့ မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း(MOGE) တို့ကို ပိုမိုပြင်းထန်တဲ့ ပိတ်ဆို့မှုတွေလုပ်ဖို့ စတဲ့ အရေးကြီးတဲ့အချက်တွေ အများကြီးပါဝင်တာပါ။

ဒါ့အပြင် လက်ရှိစစ်ရာဇ၀တ်မှုတွေကို ဆက်လက်ကျူးလွန်နေတဲ့ မြန်မာစစ်တပ်ရဲ့ တာဝန်ခံမှု၊ ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူနည်းစုတွေအပေါ် ကျူးလွန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ ရာဇ၀တ်မှုတွေ၊ အားလုံးပြီးမြောက်အောင်ဆောင်ရွက်ဖို့ အထူးညှိနှိုင်းရေးမှူးရာထူးကိစ္စတွေဟာ အရေးတကြီး လုပ်ဆောင်ဖို့ လိုအပ်နေတဲ့ ကိစ္စတွေဖြစ်တယ်လို့ US Advocacy Coalition for Myanmar နဲ့ အမေရိကန်မှာ နေထိုင်တဲ့ အဖွဲ့အသီးသီးက လက်မှတ် ရေးထိုးထားတဲ့စာထဲမှာ ပြောထားပါတယ်။ 

အရပ်ဖက်အဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြု ထောက်ခံချက်တွေနဲ့ အမေရိကန်ရှိ ရွှေ့ပြောင်း နေထိုင်သူအသိုင်းအဝိုင်းတွေနဲ့ မြန်မာနိုင်ငံတွင်းရှိ လူမှုအဖွဲ့အစည်းတွေ စုပေါင်းဝိုင်းဝန်း တောင်းဆိုထားချက်ဟာ အဆိုပါဥပဒေကြမ်းအရ အာဏာသိမ်းဖို့ကျူးလွန်မှုနဲ့ အခုအချိန်အထိ လူပေါင်း ၁၇၀၀ ကျော် သေဆုံးခဲ့ရတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေမှာ တာဝန်ရှိတဲ့သူတွေအားလုံးကို တာဝန်ခံစေဖို့  မျှော်လင့်ချက်ထား ထားကြပါတယ်။

ဒီဥပဒေကြမ်းဟာ စစ်တပ်၊  စစ်ကောင်စီနဲ့ သူတို့ရဲ့ ဆက်စပ်အဖွဲ့အစည်းတွေ၊ လုပ်ငန်းစုတွေအပေါ် ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှုတွေကိုလည်း ခွင့်ပြုပေးနိုင်ပါတယ်။

ဒီဥပဒေမူကြမ်းကို အမေရိကန် အောက်လွှတ်တော်နဲ့ အထက်လွှတ်တော်တို့မှာ မဲခွဲအတည်ပြုမှာဖြစ်ပြီး လာမယ့်ရက်ပိုင်းအတွင်းမှာပဲ အောက်လွှတ်တော်မှာ အရင်ဆုံး မဲခွဲဆုံးဖြတ်တော့မှာပါ။

ဒီဥပဒေမူကြမ်းဟာ အရင်အဆက်ဆက်ရှိခဲ့တဲ့ ဥပဒေတွေနဲ့မတူဘဲ ပိုပြီးပြည့်စုံကောင်းမွန်တဲ့ မူကြမ်းဖြစ်တာကြောင့် မြန်မာပြည်သူတွေအတွက်တော့ အကျိုးအများကြီးရှိစေမယ်လို့ ရှေ့ပြေးအသံအဖွဲ့တည်ထောင်သူ ဒေါ်ခင်ဥမ္မာက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် ဥပဒေမူကြမ်းထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ NUGကို အစိုးရတစ်ရပ်အနေနဲ့သ သုံးနှုန်းပြီး တရားမျှတမှုဖော်ဆောင်ပေးဖို့ကိစ္စတွေကို ထည့်သွင်းထားတာကြောင့် ဒီဥပဒေအတည်ပြုရင် အမျိုးသားညီညွတ်ရေးအစိုးရကို တရားဝင်အသိအမှတ်ပြုတယ်ဆိုတဲ့သ ဘောမျိုးကိုလည်းတွေ့ရမှာဖြစ်တယ်လို့ဆိုပါတယ်။

ဒါ့အပြင် အမေရိကန်အနေနဲ့ မြန်မာအာဏာသိမ်းစစ်ကောင်စီကို လုံးဝအသိအမှတ်မပြုဘူးဆိုတာလည်း ဒီဥပဒေမူကြမ်းမှာ ထင်ထင်ရှားရှားတွေ့ရတယ်လို့ ဆိုပါတယ်။

ဥပဒေကြမ်းအတည်ပြုနိုင်ဖို့ အလားအလာကောင်းတွေ အများကြီးရှိနေသလို အောက်လွှတ်တော်မှာ စိုးရိမ်စရာမရှိပေမဲ့ အထက်လွှတ်တော်မှာတော့ စောင့်ကြည့်ရမယ့် အနေအထားတစ်ခုလည်းရှိတယ်လို့ သုံးသပ်သူတွေလည်း ရှိပါတယ်။ 

ဒါကတော့ အရင်အဆက်ဆက်ရေးဆွဲတင်သွင်းခဲ့တဲ့ Burma Act ဥပဒေမူကြမ်းတွေဟာ ဒီမိုကရက်တစ်နဲ့ ရီပက်ဗလစ်ကန်တွေ ပူးပေါင်းရေးဆွဲတင်သွင်းတာဖြစ်ပြီး အခုဥပဒေမူကြမ်းကတော့ ဒီမိုကရက်တစ်တွေဘက်က ဦးဆောင်တင်သွင်းတာဖြစ်လို့ ပါတီနှစ်ခုကြား သဘောထားမတိုက်ဆိုင်တာတွေရှိလာမှာကို စိုးရိမ်ရတာပါ။

ဒါပေမဲ့ မြန်မာ့အရေးနဲ့ပတ်သက်လို့ ခေတ်အဆက်ဆက် အမေရိကန်ပါတီနှစ်ခုအကြား စိတ်တူကိုယ်တူဆောင်ရွက်ခဲ့ကြတဲ့ အခြေအနေတွေလည်းရှိခဲ့ပြီးသားဖြစ်လို့ သိပ်တော့ စိုးရိမ်စရာမရှိဘူးလို့ ဆိုပါတယ်။

ဒီဥပဒေမူကြမ်းထဲမှာတော့ မြန်မာပြည်က အရပ်ဘက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသားအဖွဲ့ တွေအတွက် လူသားချင်းစာနာထောက်ထားမှု အကူညီငွေ ဒေါ်လာသန်း ၂၂၀ ပေးဖို့၊ ဒီမိုကရေစီရရှိရေးကြိုးပမ်းနေတဲ့အင်အားစုတွေ၊ သတင်းမီဒီယာတွေကို ဒေါ်လာသန်း ၅၀ ပေးဖို့ စတာတွေလည်း ပါဝင်ပါတယ်။

ရွေးကောက်ခံ အရပ်သားအစိုးရထံကနေ အာဏာသိမ်းခဲ့တဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ သူတို့ရဲ့မိသားစုတွေကို  အမေရိကန်နဲ့ အနောက်နိုင်ငံအစိုးရတွေဟာ ပိတ်ဆို့အရေးယူမှုတွေလည်း ချမှတ်ထားတာ ဖြစ်ပါတယ်။

4 mins Ago

October 5, 2019

အမေရိကန် Burma Act ဥပဒေကြမ်းကို တပ်မတော်သာမက အစိုးရလည်း သတိထားရန်လိုဟု သုံးသပ်

အမေရိကန်အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ Burma Act 2019 ပြင်ဆင်ချက် ဥပဒေကြမ်းဟာ တပ်မတော်အတွက်တင် မဟုတ်ဘဲ အစိုးရအတွက်လည်း သတိထားရမယ့် ဥပဒေကြမ်းဖြစ်တယ်လို့ နိုင်ငံရေးသမားတွေနဲ့ လူအခွင့်အရေး လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။ ဒီဥပဒေကြမ်းက တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မ‌တော် ထိပ်ပိုင်း‌ ခေါင်းဆောင်တွေအပြင် သူတို့တွေနဲ့ ဆက်စပ်ပတ်သက်သူတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့ အရေးယူမယ်ဆိုတဲ့ အချက်တွေ ပါဝင်လာသလို ပြည်ဝင်ခွင့်ဗီဇာတွေကိုပါ ပိတ်ဆို့ အရေးယူသွားမယ်ဆိုတဲ့ အချက်တွေပါ ထည့်သွင်းထားတာပါ။ အဲဒီဥပဒေကြမ်းထဲမှာ အရေးယူ စုံစမ်းစစ်ဆေးဖို့ ပျက်ကွက်သူတွေကိုလည်း အရေးယူမှာ ဖြစ်လို့ အရပ်သားအစိုးရအနေနဲ့လည်း သတိကြီးကြီးထားရမယ့် အရေးကိစ္စ ဖြစ်တယ်လို့ ညီမျှခြင်းမြန်မာရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။ “အမည်ပျက်မှုကတော့ ဖြစ်မှာပေါ့။ ဘာလို့လဲဆိုတော့ စစ်တပ်ကို ထိပေမယ့် မြန်မာအစိုးရက လူ့အခွင့်အရေး ချိုးဖောက်တယ်လို့ အပြောခံထိနေတာ။ ကုလသမဂ္ဂမှာ ပြောတယ်၊  စစ်တပ်ရဲ့ ကိုယ်စားအဖြစ် ဘယ်သူမှ ပြောတာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည်ရဲ့အစိုးရကပဲ ဖြေရှင်းရတယ်။ နိုင်ငံခြားရေးဝန်ကြီးဌာနကပဲ ဖြေရှင်းရတယ်။ နိုင်ငံတကာမှာ နောက်ပိုင်း ဘယ်လိုဖြစ်လာလဲ ဆိုတော့ လူ့အခွင့်အရေးချိုးဖောက်မှုကို ကိုယ်တိုင် ကျူးလွန်မှ မဟုတ်ဘူး။ ကျူးလွန်တာကို သိသိကြီးနဲ့ အရေးယူ ဆောင်ရွက်မှု မရှိတာ၊ ကျူးလွန်မှုကို ရည်ရွယ်ချက်ရှိရှိ ကာကွယ်ပေးရင်လည်း ဒီအမှုထဲမှာ အကျုံးဝင်တယ်ဆိုတဲ့ အယူအဆ ဖြစ်လာတော့ နောက်ပိုင်းမှာ အတော်လေး သတိထား အလေးထား စဉ်းစားစရာတော့ ဖြစ်လာပါလိမ့်မယ်။” အရင်က အမေရိကန်အနေနဲ့ မြန်မာနိုင်ငံကို စီးပွားရေးအရ အရေးယူမှုတွေ လုပ်တဲ့အခါမှာ စီးပွားရေးလုပ်ငန်း အကုန်လုံးကို ဒဏ်ခက်ပိတ်ဆို့မှုတွေ လုပ်ခဲ့တာဖြစ်ပြီး ဒီတကြိမ် အရေးယူမှု ပြုလုပ်တာကတော့ မြန်မာ တပ်မတော်ထိပ်ပိုင်းခေါင်း‌ဆောင်တွေနဲ့ သူတို့နဲ့ ပတ်သက်ဆက်နွှယ်နေတဲ့သူတွေကိုပဲ အရေးယူမှု ပြုလုပ်တာလို့ သုံးသပ်ကြပါတယ်။ နိုင်ငံရေး လေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက “မြန်မာတပ်မတော်နဲ့ ဆက်စပ်ပြီးတော့ လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းစုကြီးတွေ၊ သူတို့အပေါ်မှာ အရေးယူမှုတွေ ပိတ်ဆို့မှုတွေ ရှိကောင်းရှိလာနိုင်တယ်” လို့ ပြောပါတယ်။ တပ်မတော်အနေနဲ့ ၁၉၉၀ ကစပြီး တရားဝင် လုပ်ကိုင်နေတဲ့ စီးပွားရေးလုပ်ငန်းတွေ ရှိပြီး နိုင်ငံတော် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူပြုနိုင်ဖို့အပြင် အခွန်ငွေ ဘီလီယံ ရာနဲ့ချီ ပေးဆောင်ထားကာ ဒီလုပ်ငန်းတွေက တပ်မတော်သားတွေနဲ့ သူတို့မိသားစုတွေရဲ့ သက်သာချောင်ချိရေးအတွက် လုပ်ကိုင်နေတာလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောဆိုပါတယ်။ အခုလိုတပ်မတော်ရဲ့ စီးပွားရေးတွေကို ပိတ်ဆို့ဖို့ လုပ်ကိုင်ဆောင်ရွက်တာက သူတို့တွေရဲ့ အခွင့်အရေးတွေကို ပိတ်ပင်ရာ မရောက်ဘူးလားလို့လည်း မေးခွန်းထုတ်ပါတယ်။ “နိုင်ငံ စီးပွားရေး အထောက်ကူဖြစ်နိုင်ဖို့ သွင်းကုန် အစားထိုးလုပ်ငန်းတွေ လုပ်ကိုင် ဆောင်ရွက်နေတာလည်း ရှိတယ်။ သံမဏိစက်ရုံတို့၊ ဘိလပ်မြေစက်ရုံတို့ ဆောင်ရွက်နေတာတွေလည်း ရှိတယ်။ ပြည်ပကိုလည်း ပို့နိုင်နေတဲ့ ပစ္စည်းတွေလည်း ရှိနေတယ်။ နောက် တပ်မတော်ကနေ သဘာဝဘေးအတွက် ကယ်ဆယ်ဖို့အတွက် လုပ်ဆောင်နေတာလည်း ရှိတယ်။ ဒါတွေကိုရော ပိတ်ပင်ရာ မရောက်ဘူးလား” လို့ ဗိုလ်မှူးချူပ်ဇော်မင်းထွန်းက ပြောပါတယ်။ နိုင်ငံတကာက မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့  အရေးယူ ဒဏ်ခက်မှုတွေကို လုပ်တဲ့အခါမှာ နိုင်ငံတကာက ထုတ်ပြန်တဲ့ အစီရင်ခံစာတွေ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး အဖွဲ့အစည်းတွေက ထုတ်ပြန်နေတဲ့ ထုတ်ပြန်ချက်တွေ၊ မြေပြင်ထောက်လှမ်းမှုတွေကနေ ရရှိနေတဲ့ အစီရင်ခံစာတွေနဲ့ ကုလသမဂ္ဂ အစီရင်ခံစာတွေကို အများဆုံး ရယူကြတာလို့ ညီမျှခြင်းမြန်မာရဲ့ ဦးဆောင်ညွှန်ကြားရေးမှူး ဦးအောင်မျိုးမင်းက ပြောပါတယ်။ “ဒါကြောင့် ကျနော်တို့အစိုးရအနေနဲ့ ဒါကို သတိထားဖို့ လိုအပ်ပါတယ်။ အချက်အလက်တွေက ကိုယ်ပူးပေါင်းဆောင်ရွက်သည် ဖြစ်စေ၊ မပူးပေါင်းသည် ဖြစ်စေ၊ ဒီအစီရင်ခံစာတွေက ထွက်နေတယ်။ အစီရင်ခံစာထဲမှာ တချို့အချက်တွေက လွဲကောင်း လွဲနေလိမ့်မယ်။ မှန်တာလည်း ပါကောင်းပါလိမ့်မယ်။ ဒါတွေကို ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အခါမှာ ဖြစ်သမျှ သတင်းတွေကို နိုင်ငံတကာက ယုံကြည်လက်ခံသွားတဲ့အရာမျိုး ဖြစ်တယ်။ ပိုဆိုးတာက ကျနော်တို့အစိုးရအနေနဲ့ မှန်ကန်တိကျတဲ့ ပြန်လည် ဖြေရှင်းချက်တွေကို စနစ်တကျ မလုပ်ခဲ့ဘူး။ ဒါကြောင့် ဒီအစီရင်ခံစာမှာ ဖြစ်တဲ့ အချက်တွေ အကုန်လုံးကို ကမ္ဘာကနေ လက်ခံလာဖို့အတွက် လမ်းဖွင့်ပေးသလို ဖြစ်နေတယ်။” Burma Act 2019 ပြင်ဆင်ချက် ဥပဒေကြမ်းဟာ မြန်မာနိုင်ငံတွင်း လူ့အခွင့်အရေး ချိုးဖောက်တာတွေ တာဝန်ရှိသူတွေ၊ သူတို့နဲ့ ဆက်စပ်ပတ်သက်တဲ့ အဖွဲ့အစည်းတွေ၊ စီပွားရေးလုပ်ငန်းရှင်တွေကို ပစ်မှတ်ထား အရေးယူတာပါ။ ဒီဥပဒေကြမ်းကို အမတ်အရေအတွက် ၄၃၃ ယောက်ရှိတဲ့ အမေရိကန် အောက်လွှတ်တော်မှာ ထောက်ခံမဲ ၃၉၄ မဲ၊ ကန့်ကွက်မဲ ၂၁ မဲ၊ ကြားနေမဲ ၁၈ မဲနဲ့ စက်တင်ဘာလ ၂၄ ရက်နေ့က အတည်ပြုခဲ့တာပါ။  အမေရိကန် အောက်လွှတ်တော်က ဆုံးဖြတ်တဲ့ ဥပဒေအများစုက ပါတီ ၂ ခုစလုံးကနေ ထောက်ခံပြီးမှ အတည်ပြုလေ့ရှိတာကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုတွေမှာ သက်ရောက်မှု ရှိနိုင်သလို အခု အရေးယူမှုက လူ့အခွင့်အရေးကိစ္စ ဆိုတာထက် ရခိုင်အရေးကိစ္စကြောင့် ဖြစ်နိုင်ခြေများတယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးအောင်သူငြိမ်းက သုံးသပ်ပါတယ်။ 
3 years Ago
Up