close

CDF-ကန်ပက်လက်

close

September 27, 2022

ကန်ပက်လက်တွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂ ဦး လက်နက်ခဲယမ်းများဖြင့် CDM ပြုလုပ်

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ စက်တင်ဘာ ၂၁ ရက်နဲ့ ၂၃ ရက်နေ့တွေမှာ စစ်ကောင်စီ တပ်သား တစ်ယောက်နဲ့ ရဲတယောက် လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင်ခိုလှုံပြီး CDM ပြုလုပ်လာတယ်လို့ CDF ကန်ပက်လက်က ပြောပါတယ်။

ကန်ပက်လက်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်ကောင်စီတပ်သား နေသူအောင်နဲ့ ရဲတပ်သား ဗန်ဒိန်းတို့ဟာ စစ်အာဏာရှင်လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လိုစိတ် မရှိတော့လို့ CDF-ကန်ပက်လက်ကို ဆက်သွယ်ပြီး လက်နက်ခဲယမ်း အပြည့်အစုံနဲ့ ပြည်သူ့ရင်ခွင် ခိုလှုံလာတာလို့ CDF-ကန်ပက်လက်ရဲ့ တပ်မဟာမှူး ကိုရှိန်းထန်းက ဒီဗွီဘီကို ပြောပါတယ်။

“တယောက်က စက်တင်ဘာ ၂၁ ရက်နေ့မှာ ရောက်လာပြီး နောက်တယောက်ကတော့ ၂၃ ရက်နေ့မှာ ရောက်လာတာဗျ။ သူတို့ဆီမှာ G3 သေနတ်တလက်၊ MA2 တလက်၊ ကျည်ဘောက် ၆ ခု၊ ကျည်ဆန် ၃၇၄ တောင့်နဲ့ ကျည်ကာ တထည် ပါလာတယ်။” 

အဲဒီစစ်ကောင်စီတပ်သားနဲ့ ရဲတပ်သားကို ထိုက်သင့်တဲ့ ဆုကြေးငွေ ဂုဏ်ပြုချီးမြှင့်ပေးပြီး သူတို့ရဲ့ သဘောဆန္ဒအရ လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးထားတယ်လို့ ကိုရှိန်းထန်းက ပြောပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်ပြီး ပြည်သူလူထုနဲ့ ပူးပေါင်းချင်တဲ့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို CDF-ကန်ပက်လက်အနေနဲ့ နွေနွေထွေးထွေး ကြိုဆိုနေပြီး လက်နက်ခဲယမ်းတွေနဲ့ CDM ပြုလုပ်မယ်ဆိုရင် ဂုဏ်ပြုဆုငွေချီးမြှင့်ပြီး လွတ်မြောက်နယ်မြေကို ပို့ဆောင်ပေးမယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ သောင်းနဲ့ချီရှိနေပြီ ဖြစ်ပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က  တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင် ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။

12 hours Ago

June 13, 2022

CDF-ကန်ပက်လက်နှင့် စစ်ကောင်စီတပ် တိုက်ပွဲအပြင်းအထန် ဖြစ်ပွား

ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်မှာ ဇွန် ၁၂ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ တနေကုန် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့တယ်လို့ CDF-ကန်ပက်လက်က ပြောပါတယ်။

“စစ်(...)တွေနဲ့ ဇွန် ၁၂ ရက်နေ့ မနက် ၈ နာရီလောက်ကနေ ညနေ ၅ နာရီအထိ တနေကုန် တိုက်ပွဲ အပြင်းအထန် ဖြစ်ပွားခဲ့တယ်ဗျ။ CDF-ကန်ပက်လက် တပ်ရင်း(၂)၊ Vakok တပ်ရင်းမှာ တပ်စွဲထားတဲ့ စစ်(...) တွေကို CDF-ကန်ပက်လက်က ဝိုင်းဝန်းတိုက်ခိုက်တော့ Vakok စခန်းတွေကို မီးရှို့ဖျက်ဆီးပြီး ကားအများအပြားနဲ့ ထိုးစစ်ဆင်လာလို့ တိုက်ပွဲအပြင်းထန်ဖြစ်ပွားခဲ့တယ်” လို့ CDF-ကန်ပက်လက်ရဲ့ တပ်မဟာမှူး ကိုရှိန်းထန်းက ဒီဗွီဘီ ကို ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကျော့တော်ရွာနဲ့ အံပုံရွာအထိ ထိုးစစ်ဆင်လာလို့ တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၁၁ ယောက်လောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိကာ CDF-ကန်ဘက်လက်ဘက်က ထိခိုက်ကျဆုံးမှု မရှိခဲ့ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် တိုက်ပွဲအပြင်းထန် ဖြစ်တဲ့နေရာကို မြို့ပေါ် ထွေအုပ်ရုံးမှာ တပ်စွဲထားတဲ့ စစ်(...)စစ်ကူမပေးနိုင်အောင်လို့ မွန်းလွဲ ၂ နာရီခွဲလောက်ကနေ ၃ နာရီခွဲလောက်အထိ သွာက်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်က ၅ ယောက်လောက် သေဆုံးခဲ့တယ်လို့ တပ်မဟာမှူးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ အံပုံရွာမှာတပ်စွဲထားပြီး နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေလို့ တိုက်ပွဲ ဧရိယာတွေထဲက ဒေသခံပြည်သူတွေ ဘေးလွတ်ရာကို အသက်လု ထွက်ပြေးနေရတယ်လို့ အံပုံရွာ ဒေသခံတယောက်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ ရွာထဲက နေအိမ်တွေကို ဖောက်ထွင်းပြီး ငွေကြေးတွေနဲ့ အဖိုးတန်ပစ္စည်းတွေကို ခိုးယူကာ အိမ်မွေးတိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်ပြီး ရပ်ထားတဲ့ ဆိုင်ကယ်တွေကိုလည်း မီးရှို့ ဖျက်ဆီးသွားကြတယ်လို့ ဆိုပါတယ်။

CDF-ကန်ပက်လက် တပ်ရင်း (၇) မဟူရာတပ်ရင်းဘက်မှာလည်း ဇွန် ၆ ရက်နေ့က စစ်ကောင်စီတပ်တွေနဲ့ CDF-ကန်ပက်လက်တို့တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်က ၃ ယောက်သေဆုံးခဲ့တယ်လို့ တပ်မဟာမှူး ကိုရှိန်းထန်းက ပြောပါတယ်။

အဲဒီနယ်မြေတွေကို စစ်ကောင်စီဘက်က အင်တာနက်လိုင်းတွေ၊ ဖုန်းလိုင်းတွေ ဖြတ်တောက်ထားတယ်လို့ ဆိုပါတယ်။

ကန်ပက်လက်မြို့နယ်မှာ ဇွန် ၁၁ ရက်နေ့ကလည်း CDF-ကန်ပက်လက် ညီနောင်မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေ တနေကုန် တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်က အနည်းဆုံး ၆ ယောက်လောက်သေဆုံးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်သားတွေ ကျဆုံးမှုအခြေအနေကို သီးခြား အတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရ သေးပါဘူး။

4 months Ago
Up