close

CDF

close

May 9, 2023

ဟားခါးတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် CDF ၂ ဦးကျဆုံးပြီး ၃ ဦး ဒဏ်ရာရ

ချင်းပြည်နယ်၊ ဟားခါးမြို့နယ်မှာ မေ ၈ ရက် ညနေပိုင်းက စစ်ကောင်စီတပ်က  CDF-ဆဲန်ထန်ရဲ့ ကောင်စီရုံးကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ CDF-ဆဲန်ထန်ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူးနဲ့ တပ်ခွဲမှူး ကျဆုံးခဲ့ကာ CDF ရဲဘော် ၃ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ CDF-ဆဲန်ထန်ကနေ သိရပါတယ်။

ဟားခါးမြို့နယ်၊ ခွာပီးကျေးရွာဘက်ကို မနေ့ မေ ၈ ရက် မွန်းလွဲ ၂ နာရီခွဲလောက်မှာ စစ်ကောင်စီဘက်က ဂျက်ဖိုက်တာတွေနဲ့ လမ်းကြောင်းလာရှင်းပြီး ညနေ ၅ နာရီကျော်လောက်မှာ Mi35 တိုက်ခိုက်ရေးရဟတ်ယာဥ်တစီးနဲ့ လေကြောင်းတိုက်ခိုက်ခဲ့တာလို့ CDF-ဆဲန်ထန် ရဲ့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ဒီဗွီဘီကို ပြောပါတယ်။

“ခွာပီးကျေးရွာကို တိုက်ခိုက်ရေးရဟတ်ယာဥ်နဲ့ ၂ ကြိမ် ဗုံးကြဲတယ်။ ပစ်မှတ်က ၂ ကြိမ်စလုံး လွဲသွားတယ်။ နေအိမ်တွေကို မကျရောက်ဘဲ မြေကြီးမှာပဲ ကျရောက်တဲ့အတွက် ပြည်သူတွေ ထိခိုက်မှုမရှိသလို နေအိမ်တွေလည်း ထိခိုက်ပျက်စီးမှုမရှိခဲ့ဘူး။ အဲဒီနောက် ခဏအကြာမှာ CDF-ဆဲန်ထန် ကောင်စီရုံးကို ဗုံးလာကြဲပြန်တယ်။ အဲဒီ ဗုံးကြဲတဲ့အချိန်မှာ အဆောက်အဦကို မထိဘဲနဲ့ ရုံးကလူကြီးတွေ တိမ်းရှောင်တဲ့ဘက်မှာ ဗုံးသီး ၁ လုံး ကျရောက်ပေါက်ကွဲကာ CDF-ဆဲန်ထန်ရဲ့ လက်ထောက်အထွေထွေအတွင်းရေးမှူး ဆလိုင်း Siang Cung Hnin ကျဆုံးခဲ့ရတယ်။”

ဒါ့အပြင် CDF တပ်ဖွဲ့ဝင် ၄ ယောက် ဒဏ်ရာရရှိခဲ့ပြီး အဲဒီဒဏ်ရာရရှိတဲ့ လေးယောက်ထဲက တပ်ခွဲမှူး ဆလိုင်း Duh Lain Hmung ဟာ မေ ၉ ရက် မနက် ၂ နာရီခွဲမှာ ထပ်မံကျဆုံးခဲ့ရပြီး ဒဏ်ရာရရှိတဲ့သူ ၃ ယောက်ကတော့ အသက်အန္တရာယ် မစိုးရိမ်ရဘူးလို့ ဆိုပါတယ်။

ချင်းပြည်နယ်အတွင်းမှာ စစ်ကောင်စီက ၂၀၂၃ မတ်လနဲ့ ဧပြီ ၂ လအတွင်းမှာ ဗုံးအလုံးရေ ၁၂၀ ကျော်နဲ့ လေကြောင်းတိုက်ခိုက်မှု ၃၇ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ချင်းအမျိုးသားတပ်ဦးက ထုတ်ပြန်ထားပါတယ်။

4 mins Ago

April 25, 2023

မင်းတပ်မြို့နယ်၌ ၂ နှစ်အတွင်းတိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၄၅၄ ဦးနှင့် CDF ၅၅ ဦး ကျဆုံး

စစ်အာဏာရှင်တော်လှန်ရေးကာလ ၂ နှစ်အတွင်းမှာ ချင်းကာကွယ်ရေးတပ် CDF-မင်းတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ အကြိမ်ရေ ၂၁၈ ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ၄၅၄ ယောက်နဲ့  CDF ရဲဘော် ၅၅ ယောက် ကျဆုံးခဲ့တယ်လို့ ဧပြီ ၂၄ ရက် CDF-မင်းတပ်ရဲ့တော်လှန်ရေး ၂ နှစ်ပြည့်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

CDF-မင်းတပ်အနေနဲ့ စစ်အာဏာရှင် အမြစ်ပြတ်ပျက်သုဥ်းရေးအတွက် ၂၀၂၁ နှစ် ဖေဖော်ဝါရီ ၄ ရက် ညက စတင်ပြီး လမ်းမပေါ်တွေမှာ Spray Campaign ပြုလုပ်ကာ ဖေဖော်ဝါရီ ၈ ရက် မှာ ငြိမ်းချမ်းစွာဆန္ဒဖော်ပြခဲ့ကြတာဖြစ်ပါတယ်။

မင်းတပ်မြို့ ဗိုလ်ချုပ်ရေးရုပ်အရှေ့မှာ ၂၀၂၁ ခုနှစ် ဧပြီ ၂၄ ရက်က "NUG"စာတန်း ရေးသားကာ လူမဲ့သပိတ်လုပ်ဖို့ စာရေးနေသူ ၇ ယောက်ကို ဖမ်းဆီးခဲ့တာကြောင့် ရရာလက်နက် စွဲကိုင်တော်လှန်ခဲ့တာ  အခုဧပြီ ၂၄ ရက်ဆိုရင် ၂ နှစ်ပြည့်ခဲ့ပြီလို့ ဆိုပါတယ်။

ဆန္ဒပြသူတွေကို စစ်ကောင်စီဘက်က အကြမ်းဖက် ဖြိုခွင်း၊ ဖမ်းဆီးတာတွေ လုပ်လာမယ်ဆိုရင် ချင်းရိုးရာ ဓလေ့ထုံးစံနဲ့ ပြန်လည်ခုခံ လက်တုံ့ပြန်သွားမယ်လို့ သပိတ်မိန့်ခွန်းတွေမှာ အကြိမ်ကြိမ် ပြောကြားခဲ့တယ်လို့ ဆိုပါတယ်။

CDF-မင်းတပ်အနေနဲ့ တော်လှန်ရေးမဟာမိတ်အင်အားစုတွေနဲ့ လက်တွဲပူးပေါင်းကာ  ခုခံ တော်လှန် တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ထုတ်ပြန်ချက်နဲ့ ပတ်သက်လို့ CDF-မင်းတပ်ရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းဟာအွမ်ကို ဆက်သွယ်ခဲ့ပေမယ့် လေကြောင်းရန်အန္တရာယ်ရှိနေဆက်သွယ်လို့ မရသေးပါဘူး။

2 weeks Ago
Up