စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်အခြေစိုက် Chinland Defense Force - Kalay Kabaw Gangaw (CDF-KKG) တပ်ရင်း-၄ က ၃ ပတ်ကြာ လေ့ကျင့်သင်ကြားပေးခဲ့တဲ့ မွမ်းမံသင်တန်း အပတ်စဉ် ၂ သင်တန်းဆင်းပွဲကို အောက်တိုဘာ ၂၆ ရက်က အောင်မြင်စွာ ကျင်းပခဲ့တယ်လို့ သိရပါတယ်။
အဆိုပါသင်တန်းဆင်းပွဲ အခမ်းအနားကို CDF-KKG က တပ်ရင်းအရာရှိတွေ တက်ရောက်ခဲ့ပြီး ၃ ပတ်တာပြုလုပ်ခဲ့တဲ့ အပတ်စဉ် ၂ မွမ်းမံသင်တန်းမှာ သင်တန်းသား ၁၉ ယောက်ကို ပို့ချပေးခဲ့တယ်လို့ ဆိုပါတယ်။
CDF-KKG တပ်ရင်း တာဝန်ခံက “မွမ်းမံသင်တန်းမှာ အမိန့်နာခံမှုအပိုင်းနဲ့ စစ်ရေးနဲ့ တိုက်ခိုက်ရေးပိုင်းကို ဦးစားပေးသင်ကြားပေးပါတယ်ဗျ။ အခြေခံအပတ်စဥ်တွေကိုတော့ ၂ လကြာ သင်ကြားပို့ချပေးခဲ့ပြီး မွမ်းမံသင်တန်းကိုတော့ ၃ ပတ်ကြာ သင်တန်းပေးပါတယ်ဗျ။ ဆက်လက်လုပ်ဆောင်ဖို့ ရှိသေးတယ်ဗျ။ အပတ်စဥ်တွေကတော့ ဒီထက်မက အများကြီး ပေးဖို့ရှိတယ်ဗျ” လို့ ဒီဗွီဘီကို ပြောပါတယ်။
CDF-KKG အနေနဲ့ အခြေခံစစ်ပညာသင်တန်းနဲ့ မွမ်းမံသင်တန်းတွေကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကာ သင်တန်းတက်ရောက်လိုပြီး စစ်အာဏာရှင်ကို တော်လှန်တိုက်ထုတ်ချင်တဲ့သူတွေအနေနဲ့ CDF-KKG ထံ ဆက်သွယ်နိုင်တယ်လို့လည်း ဆိုပါတယ်။
CDF-KKG တပ်ရင်း-၄ အဖွဲ့ဟာ ကလေးမြို့နယ်မှာ လှုပ်ရှားနေတဲ့ အဖွဲ့တခုဖြစ်ပြီး မြေပြင်အဖွဲ့တွေ၊ မဟာမိတ်အဖွဲ့တွေနဲ့ အတူပူးပေါင်းပြီး စစ်ကောင်စီကို ရွပ်ရွပ်ချွံချွံ တိုက်ခိုက်နေတဲ့ အဖွဲ့တဖွဲ့လည်း ဖြစ်ပါတယ်။
မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ မြစ်သာဆည် ဘုရားကုန်းမှ EPC ရုံးဘက် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်သား ၃ ယောက် ဩဂုတ် ၂၉ ရက် မနက် ၁၀ လောက်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။
အဆိုပါပစ်ခတ်မှုကို CDF-KKG တပ်ရင်း ၅၊ YDF တပ်ရင်း၁၄၊ ထီးလင်းမြောက်ပိုင်း PDF တပ်ခွဲ ၇ (တပ်ပေါင်းစု) တို့က နှစ်ရက်ကြာ ကင်းပုန်းဝပ်ပြီး သုတ်သင်ရှင်းလင်းခဲ့တာလို့ CDF-KKG အဖွဲ့က ထုတ်ပြန်ထားပါတယ်။
လက်နက်အပြည့်အစုံပါတဲ့ အရပ်ဝတ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ယောက်ဟာ EPC ရုံးအတွင်းကို ဆိုင်ကယ်နှစ်စီးနဲ့ ကင်းလှည့်ရာမှ ရုံးပေါက်ဝမှာ ပစ်ခတ်ရှင်းလင်းခဲ့ပြီး လက်နက်သွားကောက်စဥ် စစ်ကူကားကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရကာ CDF-KKG ရဲဘော်တွေ ထိခိုက်ဒဏ်ရာရသူ မရှိဘူးလို့ ဆိုပါတယ်။
အခုတိုက်ခိုက်မှုဟာ မြစ်သာဆည်အနီးက ရိပ်သာကုန်းမှာ ကျဆုံးသွားတဲ့ CDF-KKG ရဲဘော်တွေအတွက် ပြန်လက်စားချေတာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
စစ်ကောင်စီတပ်ဟာ မေ ၂၆ ရက်ကစတင်ကာ ဂန့်ဂေါ်မြို့နယ်ကို စစ်ကြောင်းထိုးလာတာဖြစ်ပြီး ဂန့်ဂေါ PDF တပ်ဖွဲ့ဝင်တွေရှိရာ မြစ်သာဆည်နားမှာကို ကုန်းကြောင်း၊ လေကြောင်းတွေနဲ့ တိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်က တပ်ဖွဲ့ဝင် ၇ ယောက် သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။
ဇွန် ၁၉ ရက်မှာတော့ မြစ်သာဆည်က ထွက်လာတဲ့ စစ်ကြောင်းကို PDF-ဂန့်ဂေါ (တောင်ပိုင်း) နဲ့ ပူးပေါင်းအဖွဲ့တွေက တန်ပြန်တိုက်ခိုက်ခဲ့သလို ဇွန် ၁၈ ရက်က စစ်ကြောင်းတခုကိုလည်း PDF-ဂန့်ဂေါ (၇၀၁) တပ်ရင်း (YRPA) က မိုင်းခွဲ တိုက်ခိုက်ခဲ့တာကြောင့် စစ်သား ၅ ယောက် သေဆုံးခဲ့တယ်လို့ သိရပါတယ်။