စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ CDM ကျောင်းအုပ်ဆရာ တယောက်ကို ရှမ်းနီအမျိုးသားတပ်မတော် (SNA)က ဖမ်းဆီးသတ်ဖြတ် အလောင်းစွန့်ပစ်ထားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဖမ်းဆီးသတ်ဖြတ်ခံရသူဟာ ဟုမ္မလင်းမြို့နယ် သက္ကယ်တောင်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)မှာ ကျောင်းအုပ်အဖြစ်နဲ့ တာဝန်ထမ်းဆောင်နေတဲ့ အသက် ၃၇ နှစ်အရွယ် ဦးအောင်ဆန်းဝင်း ဖြစ်ပါတယ်။
ဇူလိုင် ၁၆ ရက် ည၁၂ နာရီလောက်က ဆရာကြီး နေထိုင်တဲ့ ဟဲဖက်ကျေးရွာနေအိမ်အတွင်းကို SNA(ရှမ်းနီအမျိုးသားတပ်မတော်)ဖွဲ့မှ လင်းကျော်ဦးဆောင်တဲ့ တပ်ဖွဲ့ဝင် ၅ ယောက်က လက်နက်အပြည့်အစုံနဲ့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြတာလို့ ဒေသခံတဦးက ပြောပါတယ်။
ဖမ်းဆီးသွားပြီးနောက် ဦးအောင်ဆန်းဝင်းနဲ့ အဆက်သွယ်မရတော့ဘဲ ပျောက်ဆုံးနေခဲ့ရာ ဒေသခံတွေက မသင်္ကာလို့ လိုက်လံရှာဖွေကြစဥ် သူရဲ့ရုပ်အလောင်းကို ဇူလိုင် ၁၈ ရက် ညနေ ၃ နာရီခွဲလောက်က ကွေ့ပင်ကျေးရွာကူးတို့ဆိပ်အနီး ချောင်းကြီးချောင်းဘေးတစ်နေရာမှာ တွေ့ရှိခဲ့တယ်လို့ ပြောပါတယ်။
ဦးအောင်ဆန်းဝင်းကို PDF တွေကို ထောက်ပံ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ SNA တပ်ဖွဲ့က ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာဖြစ်ပြီး သူ့ကို သေနတ် ၃ ချက် ပစ်သတ်ခံခဲ့ရတာဖြစ်ကြောင်း၊ ပစ်သတ်ပြီးနောက် ချောင်းအတွင်းကို ဆွဲချရေမျှောခဲ့တာ ဖြစ်နိုင်ကြောင်း ဒေသခံက ပြောပါတယ်။
ကျောင်းဆရာရဲ့ ရုပ်အလောင်းကို ဒေသခံတွေ တွေ့ရှိရပြီးနောက်ပိုင်းမှာ SNA အဖွဲ့ဘက်က တာဝန်ရှိအရာရှိတဦးရောက်လာပြီး လူမှားသတ်ခဲ့မိတာဖြစ်ကြောင်းနဲ့ သေဆုံးခဲ့ရမှုအတွက် နစ်နာကြေးအဖြစ် ငွေလက်ခံပေးရန် ပြောဆိုညှိနှိုင်းခဲ့ပေမယ့် သေဆုံးသူ ကျောင်းဆရာမိသားစုက လက်မခံခဲ့ဘူးလို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူ ကျောင်းဆရာ ဦးအောင်ဆန်းဝင်းမှာ ဇနီးနဲ့ အရွယ်မရောက်သေးတဲ့ သမီး ၂ ယောက်၊ သား ၁ ယောက်တို့ ကျန်ရစ်ခဲ့ပါတယ်။
ပဲခူးတိုင်း၊ ကြို့ပင်ကောက်မြို့နယ်က CDM ကျောင်းအုပ်ဆရာ တစ်ယောက်ကို စစ်အုပ်စုက လာဖမ်းတာမှာ မတွေ့လို့ ကျောင်းအုပ်ဆရာရဲ့ ယောက်ဖကို ဖမ်းသွားတယ်လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။
"ကြို့ပင်ကောက်မြို့နယ်၊ လက်ပတောရွာ မူလတန်းကျောင်းအုပ် ဦးနေလင်းဦးကို လာဖမ်းတာ။ ဆရာက တောင်မို့ပြောင်ရွာမှာ နေတယ်။ ဒီမနက်အစောပိုင်း ၁ နာရီခွဲလောက်က သူ့အိမ်ကို လာဖမ်းတာမှာ မရှိလို့ သူ့ယောက်ဖ ကိုဝင်းမိုးကျော်ကို ဖမ်းသွားတယ်" လို့ ဒေသခံတယောက်က ပြောပါတယ်။
ကျောင်းအုပ် ဦးနေလင်းဦးက တိမ်းရှောင်နေပြီး သူ့ဇနီးကလည်း ကိုယ်ဝန်နဲ့ဖြစ်လို့ တခြားနေရာမှာ ပြောင်းရွှေ့နေထိုင်တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံမှာ မတရားစစ်အာဏာသိမ်းမှုကာလ ၄ လကျော်အတွင်း အကြမ်းဖက် စစ်အုပ်စုက ဓားစာခံအဖြစ် ဖမ်းဆီးခံရသူအရေအတွက် ၇၆ ယောက်ထိ ရှိနေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က သတင်းထုတ်ပြန်ပါတယ်။