close

CDM ကျောင်းအုပ်

close

December 29, 2022

ထားဝယ်တွင် CDM ကျောင်းအုပ်နှင့် တနင်္သာရီဂျာနယ် ပင်တိုင်ဆောင်းပါးရှင်တို့ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်ခံရ

စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးလှုပ်ရှားမှု CDM ပြုလုပ်ထားတဲ့ အခြေခံပညာအလယ်တန်း တာဝန်ခံ ကျောင်းအုပ်ဆရာ ကိုဝေရာစိုးနဲ့ တနင်္သာရီဂျာနယ်ရဲ့ ပင်တိုင်ဆောင်းပါးရှင်တဦးဖြစ်သူ ကိုအောင်လွင် (ကံပေါက်သား) တို့ကို ဒီဇင်ဘာ ၂၉ ရက်မှာ ထားဝယ်မြို့နယ်တရားရုံးကနေ ထောင်ဒဏ် ၅ နှစ်စီ ချမှတ်လိုက်တယ်လို့ နီးစပ်သူတွေက ပြောပါတယ်။

အသက် ၃၅ နှစ်ဝန်းကျင်ရှိကြတဲ့ ကိုဝေရာစိုးနဲ့ ကိုအောင်လွင်တို့ ၂ ဦးစလုံးဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂(က) နဲ့ အမှုတတွဲတည်း တရားစွဲဆိုခံခဲ့ရပြီး ဘာလို့ အဲဒီပုဒ်မနဲ့ တရားစွဲဆိုခံခဲ့ရလဲ ဆိုတာကိုတော့ မသိရပါဘူး။

ကိုအောင်လွင်ရဲ့ မိတ်ဆွေတဦးက “တရားသူကြီးကတော့ သူ့ယူဆချက်နဲ့ ချတယ်လို့ပြောတယ်။ မကျေနပ်ရင် ခရိုင်တရားရုံး၊ တိုင်းတရားရုံးတွေဆီ အယူခံတက်ခွင့်ရှိတယ်တဲ့။ အယူခံတက် မတက်တော့ သူ့မိသားစုဝင်တွေ တိုင်ပင်လိမ့်မယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

​ထားဝယ်ခရိုင် ရေဖြူမြို့နယ် ကံပေါက်ဒေသဇာတိဖြစ်တဲ့ ကိုအောင်လွင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၇ ရက်က ထားဝယ်မြို့အဝင် ကမြောကင်းတံတားစစ်ဆေးရေးဂိတ်မှာ တခြားယာဥ်မောင်းတဦးနဲ့အတူ ကားတစီးပေါ်မှာ ဖမ်းဆီးခံခဲ့ရပြီး ယာဥ်မောင်းဖြစ်သူ ကိုသူရလွင်ကတော့ ဒီနေ့ရုံးချိန်းမှာ အမှုကနေ ကွင်းလုံးကျွတ် လွတ်မြောက်ခဲ့တယ်လို့ သိရပါတယ်။

လောင်းလုံးမြို့နယ် ပညစ်ကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း တာဝန်ခံကျောင်းအုပ်ဖြစ်သူ ကိုဝေရာစိုးကတော့ ကိုအောင်လွင်အဖမ်းခံရပြီး နောက်တရက်မှာ ထားဝယ်မြို့ နေအိမ်တအိမ်မှာ ဖမ်းဆီးခံခဲ့ရတာပါ။

အဖမ်းခံရပြီး ထားဝယ်အကျဥ်းထောင်မှာ ထိန်းသိမ်းခံခဲ့ရတဲ့ ကိုအောင်လွင်နဲ့ ကိုဝေရာစိုးတို့ ၂ ဦးဟာ ၉ လလောက်အကြာမှာ အခုလို အမိန့်ချမှတ်ခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာလည်း ထားဝယ်အကျဥ်းထောင်မှာပဲ အကျဥ်းကျခံနေရပါတယ်။

ထားဝယ်မြို့မှာ ငွေလွှဲလုပ်ငန်းလုပ်ကိုင်ပြီး ကိုအောင်လွင်တို့နဲ့အတူ အမှုတတွဲတည်းပါတဲ့ တခြားအမျိုးသားတဦးနဲ့ အမျိုးသမီးတဦးကတော့ တရားမဝင်ငွေကြေးလဲလှယ်မှုနဲ့ ထောင်ဒဏ် ၂ နှစ်စီ ချမှတ်ခံခဲ့ရပါတယ်။

12 hours Ago

April 30, 2022

ကလေးမြို့ တင်သားကျေးရွာက CDM ကျောင်းအုပ်ကို စစ်ကောင်စီ ဖမ်းဆီး

စစ်ကိုင်းတိုင်း ကလေးမြို့နယ် တင်သားကျေးရွာနေ CDM ကျောင်းအုပ် ဦးကျော်မင်းနိုင်ကို ဧပြီ ၂၉ ရက်နေ့မှာ စစ်ကောင်စီက ဖမ်းဆီးသွားတယ်လို့ မျက်မြင်တွေက သိရပါတယ်။

ဆရာဦးကျော်မင်းနိုင်ဟာ ကလေးမြို့နယ်မှန်တော အထက (ခွဲ) ကျောင်း က CDM ကျောင်းအုပ်ဆရာကြီး ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆရာနဲ့ နီးစပ်သူတဦးက “တကယ်တော့ ဆရာက ဘာမှမလုပ်တဲ့သူတယောက်ပါ။ တချို့ကတော့ ဆရာက စစ်ကောင်စီကဖမ်းမှာကြောက်လို့ ရှောင်နေတယ်လို့ပြောကြတယ်။ ဆရာကတော့ ရှောင်တာရယ်လို့တော့မဟုတ်ဘူး။ တဖက်ကလည်း ဖိအားပေးတာတွေရှိတော့ သူအနေနဲ့ စိတ်ပြေလက်ပျောက် ကလေးမြို့ ပင်လုံရပ်ကွက်၊ ဆိပ်ကမ်းသာလမ်းက အိမ်မှာနေရင်း စစ်အုပ်စုက စီးနင်းဝင်ရောက် ဖမ်းဆီးခံလိုက်ရတာ” လို့ ပြောပါတယ်။

စစ်ကောင်စီဝါဒဖြန့်မီဒီယာတွေမှာတော့ ဆရာကြီး ဦးကျော်မင်းနိုင်ဟာ ၂၀၂၁ ခုနှစ် မတ်လအတွင်း အပြစ်မဲ့ပြည်သူတွေကို ဒလံလို့ စွပ်စွဲသတ်ဖြတ်ပြီး မြစ်သာမြစ် မြစ်အတွင်းမျှောတာ၊  တာယာကွင်းစွပ် မီးရှို့သတ်ဖြတ်တာ၊  အမျိုးသမီးတွေကို အဓမ္မပြုကျင့်ပြီး သတ်ဖြတ်တာ၊ PDF အကြမ်းဖက်တွေအတွက် လက်လုပ်သေနတ်တွေ ပြုလုပ်ပေးတာ၊  လစဉ်ဆက်ကြေးငွေ ကောက်ခံပေးခဲ့ကြောင်း  ၀န်ခံထွက်ဆိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဆရာကြီး ဦးကျော်မင်းနိုင်အပေါ် စစ်ကောင်စီရဲ့ စွပ်စွဲချက်တွေဟာ တခုမှမဟုတ်မှန်ကန်ကြောင်း ဒေသခံတွေက ပြောပါတယ်။

တင်သားရွာသားတဦးကလည်း “ဆရာကတော့ အေးဆေးသမားပါ။ သတင်းပေးက မလိုလို့ ချောက်ချတဲ့သဘောပါ။ ဆရာတို့ရဲ နိုင်မြန်မာ ကုန်စုံဆိုင်က ကျမတို့ရွာမှာတော့  နာမည်လည်းကြီးတယ်။ သူတိုဆိုင်က မရတာမရှိဘူး အကုန်ဆုံတယ်” လို့ ပြောပါတယ်။

၂၀၂၁ ခုနှစ် ဩဂုတ် ၂၈ ရက်နေ့ကလည်း စစ်ကောင်စီတပ်တွေဟာ တင်သားကျေးရွာကို ဝင်ရောက်ပြီး ဆရာဦးကျော်မင်နိုင်ရဲ့ နေအိမ်၊ ဆေးဆိုင် အိမ်ဆောက်ပစ္စည်းဆိုင် စက်ပစ်စည်းကိရိယာဆိုင်နဲ့ဘော်ဒါဆောင်တို့ နေအိမ်အများအပြားကို မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဧပြီ ၂၈ ရက်နေ့ကလည်း ကလေးမြို့ အောင်မြေမာန်ရပ်ကွက် နယ်မြေ ၃ မှာ နေထိုင်တဲ့ "စံလှပုံနှိပ်တိုက်" လုပ်ငန်းပိုင်ရှင် ဦးဝင်ဇော်အား စစ်ကောင်စီက အကြမ်းဖက်ပုဒ်မအမျိုးမျိူးနဲ့ စွပ်စွဲ ဖမ်းဆီးခဲ့ပြီး ပုံနှိပ်တိုက်လုပ်ငန်းသုံး ပစ္စည်းတွေကို သိမ်းယူသွားခဲ့တယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

စစ်ကောင်စီတပ်ဖွဲ့တွေဟာ ကလေးမြို့ပေါ်မှာ ဒေသခံတွေကို မကြာခဏဖမ်းဆီးပြီး ရှောင်တခင်ဝင်ရောက်စစ်ဆေးတာတွေ ပြုလုပ်နေတာလို့ ဆိုပါတယ်။

8 months Ago
Up