စစ်ကိုင်းတိုင်း ရွှေဘိုခရိုင်အတွင်း S&C မီးဘေး ၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်မှုအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ဒုတိယမြောက် CDM ကျောင်းကို ဖွင့်လှစ်ထားပြီး စာရေးခုံ နဲ့စာရေး ကိရိယာတွေ လိုအပ်နေတယ်လို့ S&C မှ ကိုစိုးမိုးအောင်က ပြောပါတယ်။
ဒုတိယမြောက် CDM စာသင်ကျောင်းမှာ မူလတန်းကနေ ၁၀ တန်းအထိ ပညာသင်ကြားပေး နေပြီး ကျောင်းသား၊ ကျောင်းသူ အယောက် ၄၀၀ ကျော် နဲ့ ဆရာ၊ ဆရာမ ၃၈ ယောက် ရှိတယ်လို့ ဆိုပါတယ်။
S&C မှ တာဝန်ရှိသူ ကိုစိုးမိုးအောင်က "ကျောင်းမှာ လိုအပ်တာတွေအများကြီးရှိနေပါတယ်။ စာသင်ခုံတွေ လိုအပ်ပါတယ်။ ကလေးတွေ မြေကြီးပေါ်မှာ စာသင်နေရတာ။ ခုလက်ရှိ ၂ ကျောင်း နဲ့ကို ငွေအတော်လေးကုန်တယ်။ ခုဆိုကျောင်း ၂ ကျောင်းပေါင်းရင် ဆရာ ဆရာမပေါင်း ၆၀ ကျော်ရှိပြီ။ ၂ ကျောင်းကို ကျောင်းသူ ကျောင်းသားပေါင်း ၆၀၀ ကျော်ရှိတယ်။ ဆရာ၊ ဆရာမ တွေကိုလည်း ကျနော်တို့က လှူတဲ့ငွေလေးတွေနဲ့ မျှဝေပြီး လစာ ပေးနေပါတယ်”လို့ ပြောပါတယ်။
ဒါ့အပြင် S&C ရဲ့ ပထမဆုံး CDM ကျောင်းကို ပြီးခဲ့တဲ့ ဇူလိုင်က ရှမ်းပြည်နယ်တောင်ပိုင်း မဘိမ်းမြို့နယ်ရှိကျေးရွာ တရွာမှာ ကျောင်းသား၊ ကျောင်းသူ ၁၃၀ ဦး၊ CDM ဆရာ၊ ဆရာမ ၁၂ ဦး၊ စေတနာ့ဝန်ထမ်း ၆ ဦးတို့နဲ့ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပါတယ်။
စစ်ကောင်စီရဲ့ ပြည်သူအပေါ်အကြမ်းဖက်မှုတွေနဲ့ အကျဉ်းထောင်တွင်းသတ်ဖြတ်မှုတွေကို ဆန့်ကျင်ရှုတ်ချတဲ့အနေနဲ့ ဖဲကြိုးနက်ကမ်ပိန်းလှုပ်ရှားမှုကို ရှမ်းပြည်နယ်မြောက်ပိုင်း၊ မဘိမ်းမြို့နယ်ရှိ CDM စာသင်ကျောင်းမှာ သြဂုတ် ၂၀ ရက်က ပြုလုပ်သွားပါတယ်။
မဘိမ်းမြို့ရှိ မီးဘေး၊ စစ်ဘေး၊ ပညာရေး ကူညီစောင့်ရှောက်ရေးအဖွဲ့ S&C ဖွင့်လှစ်ထားတဲ့ CDM ကျောင်းမှာ ဖဲကြိုးနက်ကမ်ပိန်းလှုပ်ရှားမှုပြုလုပ် ဟောပြောဆွေးနွေးခဲ့ကြတာဖြစ်ပြီး ကျောင်းသားကျောင်းသူတွေ၊ ကျောင်းသားမိဘတွေနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြပါတယ်။
စစ်ကောင်စီတပ်ရဲ့ ပြည်သူလူထုအပေါ် ဖိနှိပ်မှုတွေ၊ သတ်ဖြတ်မှုတွေ၊ တိုင်းပြည်အာဏာ မတရား ရယူထားမှုတွေ၊ အကျဉ်းထောင်အတွင်းမှာ မတရားအကျဉ်းချခံထားရတဲ့ အကျဉ်းသားတွေအပေါ် အကြမ်းဖက် နှိပ်စက်မှုတွေကို ဟောပြောဆွေးနွေးခဲ့ကြပြီး ကျောင်းသားလူငယ်တွေကို သမိုင်းကြောင်းကို သိဖို့အတွက် ဟောပြောပွဲကျင်းခဲ့တာလို့ S&C တာဝန်ရှိသူ ကိုစိုးမိုးအောင်က ပြောပါတယ်။
ဒီလှုပ်ရှားမှုမှာပါဝင်တဲ့ CDM ကျောင်းဆရာ တစ်ဦးက “ ကျနော်တို့ဟာ ကိုယ့်အိမ်မှာ သက်သောင့် သက်သာနဲ့ နေရချိန်မှာ ထောင်တွင်းအကျဉ်းကျခံနေရတဲ့ ရဲဘော်တွေဟာ နေ့စဉ်နဲ့အမျှ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ရင်ဆိုင်နေရပါတယ်။ ဒါကြောင့် တော်လှန်ရေး အရှိန်အဟုန်မြန်ဆန်စွာ ပြီးစီးဖို့ ပြင်ပက ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်မှသာ အမေစုနဲ့တကွ ထောင်တွင်းအကျဉ်းချခံနေရတဲ့ အပြစ်မဲ့ ပြည်သူတွေ အမြန်ဆုံးလွတ်မြောက်နိုင်မှာပါ"လို့ ဟောပြောခဲ့ ပါတယ်။
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်တပ်ကတရားမဝင် အာဏာသိမ်းချိန်မှ ၂၀၂၂ ခုနှစ် ဩဂုတ် ၁၉ ရက်အထိ ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရတဲ့ အပြစ်မဲ့ပြည်သူပေါင်း ၁၂၀၆၄ ဦးရှိပြီး နွေဦးတော်လှန်ရေးကာလအတွင်း စစ်တပ်ရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရတဲ့ ပြည်သူပေါင်း ၂၂၂၇ ဦး ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP ထုတ်ပြန်ချက်အရ သိရပါတယ်။
၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ဦးဂျင်မီ ၊ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ စစ်အာဏာရှင်ဆန့်ကျင်သူ ကိုလှမျိုးအောင်နဲ့ ကိုအောင်သူရဇော်တို့ ၄ ယောက်ကို စစ်ကောင်စီက ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းမှာ အကျဉ်းထောင်ထဲတွင်း သေဒဏ်ပေး ကွပ်မျက်ခဲ့တာဖြစ်ပါတယ်။
မဘိမ်းမြို့နယ်မှာ CDM ကျောင်းကို စတင်ဖွင့်လှစ်ထားတာ ၂ လ လောက်ရှိပြီဖြစ်ပြီး CDM ဆရာ ဆရာမ ၁၄ ယောက်နဲ့ ကျောင်းသားကျောင်းသူ ၁၈၀ လောက် တက်ရောက် ပညာသင်နေသလို လက်ရှိအချိန်အထိ မူလတန်းမှ သတ္တမတန်းအထိ သင်ကြားပေးနေပြီး အခုလက စတင်ကာ ၁၀ တန်းအထိ ကျောင်းအပ်လက်ခံနေပြီလို့ ကျောင်းတာဝန်ခံကပြောပါတယ်။