စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ ကလေးပြည်သူ့ဆေးရုံက CDM လက်ထောက်ဆရာဝန် ဒေါက်တာမြင့်မိုရ်ကျော်ကို ဒီဇင်ဘာ ၂၆ ရက်က စစ်ကောင်စီတပ် ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒေါက်တာမြင့်မိုရ်ကျော်ဟာ ကလေးမြို့၊ မြို့သာရပ်ကွက် စစ်ကောင်စီစစ်ဆေးရေးဂိတ်မှာ ဖမ်းဆီးခံရတာဖြစ်ပြီး ဒေသကွပ်ကဲမှု စစ်ဌာနချုပ်အတွင်းကို ခေါ်ဆောင်သွားတယ်လို့ မိသားစုဝင်နဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒေါက်တာမြင့်မိုရ်ကျော်ဟာ ကလေးမြို့ မင်္ဂလာဉယျာဉ်ရပ်ကွက်မှာ ‘မြင့်မိုရ်ကျော်’ ဆေးခန်း ဖွင့်လှစ်ထားပြီး စစ်တပ်အာဏာသိမ်းချိန်က စတင်ကာ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ ပါဝင်တဲ့ ဆရာဝန်တဦးဖြစ်တယ်လို့ မြို့ခံတဦးက ပြောပါတယ်။
“ဆရာက အာဏာသိမ်းကတည်းကစ CDM လုပ်ထားတာ။ ဆရာ့ကိုယ်ပိုင်ဆေးခန်းလည်း ဖွင့်ထားတယ်။ ဆရာဖမ်းခံရတဲ့အတွက် စိတ်မကောင်းဖြစ်မိတယ်။ ဆရာဖမ်းခံရပြီးရင် စစ်သားတွေ ရပ်ကွက်အတွင်းမှာ လာရောက်မွှေနှောက် ဖမ်းဆီးတာတွေလည်း လုပ်သေးတယ်။”
ဒေါက်တာမြင့်မိုရ်ကျော်ဟာ စစ်ကောင်စီရဲ့ သတင်းတွေကို ဒေသခံ ကာကွယ်ရေးတပ်တွေဆီ ပေးပို့တာ၊ CDM ပြုလုပ်ထားပြီး တောတွင်းမှာ PDF တွေကို ဆေးကုသမှု ပြုလုပ်ပေးနေတဲ့ ဒေါက်တာကျော်နေဇာလှိုင်နဲ့ အဆက်အသွယ်ရှိတာ၊ မိမိကိုယ်တိုင်က PDF တွေကို ဆေးကုသမှုပေးတာတွေကို သူ့ရဲ့လက်ကိုင်ဖုန်းအတွင်းကနေ စစ်ဆေးတွေ့ရှိတာကြောင့် ဖမ်းဆီးခဲ့တာလို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ထားပါတယ်။
ဒေါက်တာမြင့်မိုရ်ကျော် ဖမ်းဆီးခံရတဲ့နေ့မှာပဲ ကလေးမြို့၊ မင်္ဂလာဉယျာဉ်ရပ်ကွက်က ဒေသခံ အမျိုးသား ၂ ဦးကိုလည်း စစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးခဲ့ရာ တဦးဖမ်းဆီးခံခဲ့ရပြီး နောက်တဦးကတော့ လွတ်မြောက်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကလေးမြို့မှာ စစ်ကောင်စီရဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူ ၁,၀၀၀ ကျော်နဲ့ ပစ်ခတ်သတ်ဖြတ်ခံရသူ ၁၀၀ ကျော်ရှိတယ်လို့ မြို့ခံတွေက ပြောပါတယ်။
ဓာတ်ပုံ- ဒေါက်တာမြင့်မိုရ်ကျော်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ကျန်းမာရေးဝန်ကြီးဌာနနဲ့ တိုင်းရင်းသားကျန်းမာရေးဌာနတွေရဲ့ ဆေးရုံ/ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နိုင်ဖို့ CDM ဆရာဝန်၊ သူနာပြုဦးရေစုစုပေါင်း ၁၅၀ ကို ခေါ်ယူနေပါတယ်။
ဇူလိုင် ၁၄ ရက် ဒီကနေ့ရက်စွဲနဲ့ ထုတ်ပြန်ချက်မှာတော့ အရိုးအထူးကုဆရာဝန်၊ အရိုးအထူးကု ဘွဲ့လွန်သင်တန်းသား၊ ခွဲစိတ်အထူးကုဆရာဝန်၊ ခွဲစိတ်အထူးကု ဘွဲ့လွန်သင်တန်းသား၊ မေ့ဆေးအထူးကုဆရာဝန်၊ မေ့ဆေးအထူးကု ဘွဲ့လွန်သင်တန်းသား၊ အရေးပေါ်အထူးကုဆရာဝန်၊ အရေးပေါ်အထူးကု ဘွဲ့လွန်သင်တန်းသား၊ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေး အထူးကုဆရာဝန်၊ အကြောအဆစ်နှင့်ပြန်လည်သန်စွမ်းရေးဘွဲ့လွန်သင်တန်းသား စတဲ့နေရာတွေအတွက် ၁၀ နေရာစီနဲ့ လက်ထောက်ဆရာဝန် နေရာ ၂၀ နဲ့ သူနာပြု နေရာ ၃၀ စီ အသီးသီးလျှောက်ထားနိုင်တယ်လို့ ဖော်ပြထားပါတယ်။
လျှောက်ထားသူတွေအနေနဲ့ ပြည်ထောင်စုမြန်မာနိုင်ငံဖွား၊ ကျန်းမာရေးကောင်းမွန်သူ၊ တာဝန်ချထားမယ့် နေရာဒေသတွေမှာ သွားရောက် တာဝန်ထမ်းဆောင်နိုင်သူဖြစ်ရမှာ ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများရော၊ နိုင်ငံ့ဝန်ထမ်းမဟုတ်သူတွေပါ လျှောက်ထားနိုင်မှာဖြစ်ကာ အကြမ်းဖက်စစ်ကောင်စီနဲ့ ပတ်သက်မှုမရှိသူ ဖြစ်ရမယ်လို့ ဆိုပါတယ်။
စိတ်ပါဝင်စားသူတွေအနေနဲ့ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာနရဲ့ Telegram Account - https://t.me/HR_MOHNUG ဒါမှမဟုတ် Telegram Username - @HR_MOHNUG မှာ လျှောက်လွှာပုံစံတွေကို ထုတ်ယူနိုင်ပြီး လာမယ့် ဇူလိုင် ၂၈ ရက်နောက်ဆုံးထားကာ ပေးပို့လျှောက်ထားနိုင်မှာ ဖြစ်ပါတယ်။
ခုလို လျှောက်လွှာခေါ်ယူတာဟာ တော်လှန်ရေးကာလ လိုအပ်ချက်အရ ပထမအသုတ်အဖြစ် ခေါ်ယူတာဖြစ်ပြီး တခြားသော ကျန်းမာရေးဝန်ထမ်းတွေကိုလည်း ထပ်မံခေါ်ယူသွားမယ်လို့ ဖော်ပြထားပါတယ်။
လျှောက်လွှာမှာ ဖြည့်သွင်းရမယ့် ပုံစံနဲ့ အချက်လက်တွေ၊ ပူးတွဲပါရှိရမယ့် Soft Copy တွေနဲ့ အသေးစိတ်အချက်လက်တွေကိုတော့ ဖော်ပြပါ Telegram Account မှာ နေ့စဉ် ပိတ်ရက်မရှိ၊ နံနက် (၁၀) နာရီမှ ည (၈) နာရီအတွင်း အသေးစိတ် စုံစမ်းနိုင်မှာ ဖြစ်ပါတယ်။
NUG အစိုးရက တော်လှန်ရေးကာလနဲ့ ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ ကျန်းမာရေးသူရဲကောင်းတွေအတွက် လက်ရှိကာလတွေအတွင်း လူမှုဘဝလုံခြုံမှုနဲ့ လုပ်ငန်းခွင်လုံခြုံမှုတွေကို ကာကွယ်စောင့်ရှောက်မှုပေးနိုင်ဖို့ အစီအစဉ်တွေ အတတ်နိုင်ဆုံး ချမှတ်ထားရှိပြီး တော်လှန်ရေးအလွန် ကာလတွေမှာလည်း ဘဝအာမခံချက်တွေကို ဖက်ဒရယ်ဒီမိုကရေစီ မူဝါဒတွေနဲ့အညီ ပေးနိုင်ဖို့ စီစဉ်ဆောင်ရွက်ပေးသွားမယ်လို့ ဆိုပါတယ်။