close

CDM ဆရာ၊ ဆရာမ

close

April 5, 2023

အောင်မြေသာစံဖယ်ဒရယ်ကျောင်း တာဝန်ခံအပါအဝင် CDM ဆရာ၊ ဆရာမ ၁၅ ဦးကို စစ်ကောင်စီ ဖမ်းဆီး

အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ပညာရေးဝန်ကြီးဌာန လက်အောက်ခံ Federal School Of Aung Myay Thar Zan ကျောင်းက ကျောင်းတာဝန်ခံ အပါအဝင် ဆရာ၊ ဆရာမ ၁၅ ဦးကို  ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒီနေ့ထုတ် စစ်ကောင်စီ သတင်းစာမှာ ဖော်ပြပါတယ်။

ကျောင်းရဲ့တာဝန်ခံ မအိရွှေစင်မြင့်ကို မတ် ၂၂ ရက်က မန္တလေးမြို့၊ အောင်မြေသာစံမှာရှိတဲ့ သူ့အိမ်မှာ ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီနောက်  သင်ကြားရေးဆောင်ရွက်နေတဲ့ ဒေါ်တင်တင်လတ်၊ ဒေါ်စန်းစန်းဝင်း၊ ဒေါ်ခိုင်မာသန်း၊ ဒေါ်နေကြည်ဝင်း၊ ဒေါ်ခင်ကြည်မာဝေ၊ ဒေါ်အေးမြတ်မွန်၊ ဒေါ်ခင်နွယ်ဦး၊ ဒေါ်ခိုင်မာဖြိုး၊ ဒေါ်ယဉ်ယဉ်မင်း၊ ဒေါ်ခင်မြတ်နိုး၊ ဒေါ်အိအိအောင်၊ ဒေါ်ချောစုသန်း၊ ဦးကျော်စန်းထွေးနဲ့ ဦးဇော်မျိုးထွန်းတို့ကို ဖမ်းဆီးမိခဲ့တယ်လို့ ဆိုပါတယ်။

အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦးဆောင်ကော်မတီမှ ဗဟိုကော်မတီဝင် ကိုနောင်ချိုက “အခုအဖမ်းခံထားရတဲ့ ဆရာ၊ ဆရာမတွေက CDM တွေဖြစ်တယ်။ နောက်တခုက ပြည်သူ့ပညာရေးကျောင်းတွေမှာ ဦးဆောင်နေတဲ့ ဆရာ၊ ဆရာမတွေပါ။ စာသင်လို့ ဆရာ၊ ဆရာမတွေကို ဖမ်းတယ်ဆိုတာ ဒီနိုင်ငံမှာပဲရှိတယ်။ ကျောင်းသား ကျောင်းသူတွေရဲ့ ပညာရေးအတွက် စဉ်ဆက်မပြတ် စာသင်ပေးဖို့ ကြိုစားတဲ့ ဆရာ၊ ဆရာမတွေကို ဖမ်းတယ်ဆိုတာ စစ်ကောင်စီရဲ့ ယုတ်မာမှု၊ တော်လှန်ရေးအင်အားစုကို ဖိနှိပ်မှုအပြင် CDM လှုပ်ရှားမှုတွေကို ပြတ်ပြတ်သားသားနဲ့ စစ်ကောင်စီက လုပ်နေတာဖြစ်တယ်။ စစ်ကောင်စီက တနိုင်ငံလုံးမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေနည်းတူ ပညာရေးဘက်က Right to Education ကို မလေးစားဘဲ ဖမ်းဆီးမှုတွေ လုပ်ဆောင်နေတာဖြစ်တယ်” လို့ ပြောပါတယ်။

ကျောင်းကို ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ စတင်ဖွင့်လှစ်ခဲ့တာဖြစ်ပြီး အွန်လိုင်းစနစ်နဲ့ သင်ကြားပေးနေတာ ဖြစ်ပါတယ်။ ကျောင်းသူကျောင်းသားတွေဆီက ကောက်ခံရငွေတွေကို PDF တွေဆီ ထောက်ပံ့တယ် ဆိုပြီး စစ်ကောင်စီပြန်ကြားရေးက စွပ်စွဲထားပါတယ်။

ဒါ့အပြင် ကျောင်းနဲ့ပတ်သက်လို့ ထောက်ပံ့ ပူးပေါင်းနေသူတွေကိုလည်း ဖော်ထုတ် ဖမ်းဆီးမယ်လို့ ခြိမ်းခြောက်ထားပြီး အဲဒီကျောင်းမှာ စာရင်းသွင်း တက်ရောက်စေခဲ့တဲ့ မိဘတွေ၊ ကျောင်းသား ကျောင်းသူတွေကိုပါ ဆက်လက်ဖော်ထုတ်အရေးယူဦးမယ်လို့ ဆိုပါတယ်။

စစ်ကောင်စီလက်အောက်မှာဖွင့်တဲ့ ကျောင်းတွေမှာ မတက်ရောက်တဲ့ ကျောင်းသူ၊ ကျောင်းသားတွေအနေနဲ့ အွန်လိုင်းကနေဖွင့်တဲ့ ကျောင်းတွေ၊ NUG အစိုးရရဲ့ ပညာရေးဝန်ကြီးဌာနက မြေပြင်မှာဖွင့်လှစ်တဲ့ ကျောင်းတွေမှာ တက်ရောက်နေကြပြီး စစ်ကောင်စီက နည်းမျိုးစုံနဲ့ ဖမ်းဆီးနှောင့်ယှက်နေတာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ ၂၀၂၁ မှ စတင်ကာ တိုက်ပွဲတွေဖြစ်ပွားနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကရင်နီပြည်နယ်၊ ချင်းပြည်နယ် စတဲ့ဒေသတွေမှာတော့ စစ်ကောင်စီတပ်တွေက စာသင်ကျောင်းတွေ၊ ဘုန်းကြီးကျောင်းတွေ အပါအဝင် ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးနေတာကြောင့် ရွာသူရွာသားတွေ စစ်ဘေးရှောင်နေကြရပြီး ကလေးငယ်တွေ ပညာသင်ယူခွင့်တွေ ဆုံးရှုံးနေကြတာ ဖြစ်ပါတယ်။

9 mins Ago

October 5, 2022

CDM ဆရာ၊ ဆရာမများအား အလေးထားဂုဏ်ပြုဦးညွှတ်ကြောင်း NUG ယာယီသမ္မတပြော

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ပြည်သူ့အာဏာဖီဆန်ရေး လှုပ်ရှားမှုမှာ ရဲရဲဝံ့ဝံ့ တက်တက်ကြွကြွ ပါဝင်တော်လှန်နေကြတဲ့ CDM ဆရာ၊ ဆရာမတွေ၊ ဝန်ထမ်းတွေကို အလေးထား ဂုဏ်ပြုဦးညွှတ်ကြောင်း NUG ယာယီသမ္မတ ဒူဝါလရှီးလက ပြောလိုက်ပါတယ်။

အောက်တိုဘာ ၅ ရက် ဒီကနေ့မှာ ကျရောက်တဲ့ ၅၅ နှစ်မြောက် ကမ္ဘာ့ဆရာများနေ့ အထိမ်းအမှတ် အခမ်းအနားမှာ ခုလို ပြောလိုက်တာဖြစ်ပြီး ပညာရေးနယ်ပယ်က ဆရာ ဆရာမ အားလုံးဟာ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးအတွက် ပင်မမဏ္ဍိုင်တွေ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

ကြားကာလပညာရေးအတွင်း တချို့ ဆရာ၊ ဆရာမတွေဟာ မြေပြင်စာသင်ကျောင်းတွေမှာ သက်စွန့်ဆံဖျား ပညာသင်ကြား ပို့ချပေးနေကြသလို တချို့လည်း အွန်လိုင်း ပညာရေး ပလက်ဖောင်းကို အသုံးပြုပြီး နေ့စဉ် လုံ့လစိုက်ထုတ် ကြိုးစားနေကြတာကို တွေ့နေရပြီး လတ်တလောမှာတော့ မြေပြင် ပြည်သူ့ပညာရေးကျောင်းပေါင်း ၁,၀၀၀ ကျော်၊ အွန်လိုင်းကျောင်းပေါင်း ၆၀ ကျော်နဲ့ တက္ကသိုလ်အသွင် သင်ကြားပို့ချနိုင်တဲ့ အခြေအနေတွေအထိ ပေါ်ထွက်လာခဲ့ပြီ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဖက်ဒရယ်ဒီမိုကရေစီ ပညာရေးစနစ်ကို နွေဦးတော်လှန်ရေးနဲ့အတူ အုတ်မြစ်ချ တည်ဆောက်ဖို့ ဆန္ဒရှိကြောင်းနဲ့ အထူးသဖြင့် အကြမ်းဖက် စစ်အာဏာရှင်စနစ်ကို ရွပ်ရွပ်ချွံချွံ အာဏာဖီဆန်ခဲ့ကြတဲ့ ပညာရေးနယ်ပယ်မှ ဆရာ၊ ဆရာမတွေ အားလုံးရဲ့ စွန့်လွှတ် အနစ်နာခံမှုတွေဟာ ပြည်သူလူထု တရပ်လုံးအတွက် မြင့်မြတ်တဲ့ အမှတ်သင်္ကေတလည်း ဖြစ်ခဲ့သလို တော်လှန်ရေးသက်လုံ အားကောင်းအောင် အထောက်အကူ ပြုတာကိုလည်း တွေ့ရတဲ့အတွက် လေးစားဂုဏ်ယူမိတယ်လို့လည်း ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က လက်ယက်ကုန်းရွာ ဘုန်းကြီးကျောင်းအတွင်း ကလေးငယ်တွေ စာသင်နေချိန် စစ်ကောင်စီက စစ်ရဟတ်ယာဉ်နဲ့ အင်အားသုံးပြီး ရည်ရွယ်ချက်ရှိရှိ ပစ်ခတ်သတ်ဖြတ်ခဲ့တဲ့ လတ်တလောဖြစ်ရပ်တွေ အပါအဝင် စာသင်ကျောင်းတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေဟာ အကြမ်းဖက်စစ်ကောင်စီရဲ့ စစ်ရာဇဝတ်မှု နိုင်ငံတကာသိ ကျူးလွန်မှုဖြစ်တယ်လို့ ဆိုပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်ဟာ အရင်ကတည်းက တိုင်းရင်းသားနယ်မြေတွေမှာ စစ်ရာဇဝတ်မှု ကျူးလွန်တာ၊ လူမျိုးတုံး သတ်ဖြတ်မှုတေွကို ကျူးလွန်ခဲ့ပြီးဖြစ်ကာ NUG အစိုးရကလည်း အဆိုပါ အကြမ်းဖက် ဖက်ဆစ်စနစ်ကို အပြီးတိုင် ကွယ်ပျောက်သွားနိုင်ဖို့ အင်တိုက်အားတိုက် ကြိုးစားနေတယ်လို့ ဆိုပါတယ်။

6 months Ago
Up