close

CDM ထွေအုပ်ဝန်ထမ်း

close

October 13, 2022

ပူတာအို ရေခဲတောင်တွင် CDM‌ ထွေအုပ်၀န်ထမ်း ၁ ဦး ဆေးဥရှာရင်း ကျောက်‌ကမ်းပါး‌ပေါ်မှ ပြုတ်ကျသေဆုံး

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ နောင်မွန်မြို့၊ အမှတ် (၅) ရပ်ကွက်မှာ နေထိုင်တဲ့ CDM‌ ထွေအုပ်၀န်ထမ်း ဦးခေါင်လန်ခင်ဂျောင်ဟာ အောက်တိုဘာ ၇ ရက်က ရေခဲတောင်တက်ပြီး ဘေချီဆေးဥရှာရင်းနဲ့ ကျောက်ကမ်းပါးပေါ်ကနေ ပြုတ်ကျသေဆုံးသွားတယ်လို့  မိသားစုက ပြောပါတယ်။

ဦးခေါင်လန်ခင်ဂျောင်ဟာ ပန်နမ်းဒင်မြို့၊ ထွေအုပ်အကြီးတန်းစာရေးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာ ပြည်သူဘက်က ရပ်တည်ကာ   CDM လုပ်ခဲ့သူဖြစ်ပါတယ်။  

သားသမီး ၄ ယောက်ရဲ့ဖခင် ဦးခေါင်လန်ခင်ဂျောင်ဟာ မိသားစု စားဝတ်နေရေး အခက်အခဲ ဖြေရှင်းဖို့ဆိုပြီး ရေခဲတောင်ပေါ်တက်ကာ (လမ်ဘ)ခေါ် ဘေချီဆေးဥ သွားရှာရင်းနဲ့ ကျောက်ကမ်းပါးပေါ်က ပြုတ်ကျသေဆုံးသွားတာလို့ မိသားစုဝင်တဦးက ပြောပါတယ်။ 

ဦးခေါင်လန်ခင်ဂျောင် ကျောက်ကမ်းပါးပေါ်က ပြုတ်ကျသေဆုံးတာဟာ အောက်တိုဘာလ ၇ ရက်မှာဖြစ်ပွားခဲ့ပေမဲ့ နောင်မွန်မြို့နယ်မှာ ဖုန်းလိုင်း၊ အင်တာနက်တို့မရှိတာကြောင့် သေဆုံးတဲ့သတင်းကို အောက်တိုဘာလ ၁၂ ရက်မှသာ အိုင်ကွန်ကတဆင့် သိရှိခဲ့တာလို့ မိသားစုဝင်တစ်ဦးက ပြောပါတယ်။

ပူတာအိုရေခဲတောင်ပေါ်က ဘေချီဆေးဥကို တရုတ်ပြည်ကလူတွေ အဓိကဝယ်ယူ‌ပြီး အစာအိမ်ဆေးအတွက် အဓိကသုံးကြတယ်လို့ သိရပါတယ်။

ပူတာအိုမြို့မှာ ဘေချီဆေးဥအခြောက် တစ်ပိဿာကို လက်ရှိအချိန်မှာ ကျပ် ၉ သိန်း ဝန်းကျင်လောက်နဲ့ အရောင်းအဝယ်ပြုလုပ်နေကြတယ်လို့ ပူတာအိုမြို့ခံတစ်ဦးက ပြောပါတယ်။

ပူတာအိုခရိုင်မှာ ၂၀၂၁ ခုနှစ်မှာ ဘေချီဆေးဥရှာဖွေရင်း ကျောက်ဆောင်ပေါ်က  ပြုတ်ကျသေဆုံးသူ အယောက် ၂၀ လောက်ရှိခဲ့ပြီး အခု ၂၀၂၂ ခုနှစ်မှာလည်း ကိုယ်၀န်ဆောင်မိခင်အပါအ၀င် သေဆုံးသူ ၁၀ ယောက်ကျော်ရှိသွားပြီ ဖြစ်ပါတယ်။ 

ပူတာအိုရေခဲတောင်ပေါ်မှာရှိတဲ့ ဘေချီဆေးဥဟာ ပင်လယ်ရေမျက်နှာပြင် အမြင့်ပေ ၆၀၀၀ ကျော်အထက်မှာ ပေါက်ရောက်တဲ့‌ ဆေးဥတမျိုးဖြစ်ကာ ကျောက်ကမ်းပါးတွေမှာသာ ပေါက်လို့ အသက်နဲ့ရင်းပြီး ရှာဖွေရတာဖြစ်ပါတယ်။

10 mins Ago

March 10, 2021

မြန်အောင်မြို့နယ်က CDM ထွေအုပ်ဝန်ထမ်း ၄ ဦး အလုပ်မှယာယီရပ်ဆိုင်းခံရ

ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်က ရပ်ကျေးစာရေး ၄ ဦးကို CDM မှာ ပါဝင်တာကြောင့် မတ်လ ၈ ရက်နေက အလုပ်ကနေ ယာယီရပ်ဆိုင်းလိုက်တယ်လို့ သိရပါတယ်။

အလုပ်ယာယီရပ်ဆိုင်းခံရတဲ့ စာရေးတဦးက "ကျနော်ဆီကို ခု မတ်လ ၁၀ ရက် မနက်ပိုင်းမှ စာရောက်တယ်။ ကျနော်အပါ ပေါင်းလေးဦးပေါ့။ မြို့နယ်က အလုပ်မဆင်းလို့ဆိုပြီး ယာယီရပ်ဆိုင်းတာပါ။ ကျနော်တို့ကတော့ စစ်အာဏာရှင်လက်အောက်မှာတော့ ဘယ်တော့မှ အလုပ်မလုပ်ဘူး။ ဒီလောက်ငွေကြေးက အပြင်မှာလည်း ရှာလိုရပါတယ်။ အခုလို လုပ်တာကိုတော့ မ​ကျေနပ်ဘူး" လို့ ပြောပါတယ်။

မြန်အောင်မြို့နယ်တွင်းမှာ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေ CDM မှာ အများဆုံး ပါဝင်ထားကြပြီး မြို့နယ် စေသနာရှင်တွေက စတင်ထောက်ပံ့ပေးနေပြီလို့ သိရပါတယ်။

2 years Ago
Up