စစ်ကောင်စီတပ် အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကွပ်ကဲမှုအောက်က ခြေလျင်တပ်ရင်း ဗိုလ်ကြီးတယောက် CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်ခိုလှုံလာခဲ့ပြီး လက်ရှိမှာတော့ ဘေးကင်းလုံခြုံတဲ့ နေရာတခုမှာ ရောက်ရှိနေပြီလို့ ပြည်သူ့ပန်းတိုင်အဖွဲ့က ထုတ်ပြန်ပါတယ်။
Captain Right (တော်လှန်ရေးအမည်လွှဲ) ဟာ ပြီးခဲ့တဲ့ ဧပြီ ၈ ရက်မှာ ပြည်သူ့ပန်းတိုင်အဖွဲ့နဲ့ ဆက်သွယ်ပြီးနောက် Pre-CDM စာရင်းသွင်းခဲ့ပြီး ၁၁ ရက်နေ့မှာတော့ စစ်ကောင်စီကို စွန့်ခွာလာခဲ့တာလို့ ဆိုပါတယ်။
စစ်အာဏာသိမ်းပြီးနောက်ပိုင်း ပြည်သူတွေ ငြိမ်းချမ်းစွာ ဆန္ဒပြတာကို အကြမ်းဖက် သတ်ဖြတ်နှိမ်နင်းတာ။ ပြည်သူ ရွေးချယ်တင်မြှောက်ထားတဲ့ နိုင်ငံ့ခေါင်းဆောင်တွေကို ဖမ်းဆီးထိန်းသိမ်း၊ ထောင်ချတာ။ ပြည်သူတွေကို နေ့ရော ညပါ လုံခြုံမှုမရှိဘဲ ဖမ်းဆီးခံရ၊ စစ်ကြောရေးမှာ နှိပ်စက်ခံရ၊ သေဆုံးတဲ့အထိ ဆိုးရွားစွာပြုမူခဲ့တာ၊ ကျေးရွာတွေကို လေယာဥ်နဲ့ ဗုံးကြဲတိုက်ခိုက်၊ ရွာလုံးကျွတ်မီးရှို့ဖျက်ဆီးတာစတဲ့ စက်ဆုပ်ဖွယ် ကိစ္စရပ်တွေကို ကျူးလွန်နေတဲ့ အဖွဲ့အစည်းဖြစ်တာကြောင့် ပြည်သူကို ကာကွယ်မယ်ဆိုတဲ့ တပ်မတော်ရဲ့ ရည်ရွယ်ချက်နဲ့လည်း မကိုက်ညီ၊ မိမိခံယူချက်လည်း မကိုက်ညီတဲ့အတွက် တပ်မတော်ကိုစွန့်ခွာပြီး CDM ပြုလုပ်လိုက်တာလို့ ဆိုပါတယ်။
Captain Right ဟာ စစ်တက္ကသိုလ်တက်ရောက်ခဲ့ပြီးနောက် မိခင်ခြေလျင်တပ်ရင်းတစ်ခုမှာ ဒုတိယဗိုလ်၊ ဗိုလ်အဆင့် တပ်စုမှူးအရာရှိတယောက်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး CDM မပြုလုပ်ခင်မှာတော့ ဗိုလ်ကြီးအဆင့်နဲ့ နောက်ဆုံးတာ ဝန်ထမ်းဆောင်ခဲ့တယ်လို့ သိရပါတယ်။
စစ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။
လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။
တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက်စစ်ကောင်စီ လက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေဖြစ်ကြတဲ့ ကချင်လွတ် မြောက်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUGက ဖွဲ့စည်းမယ့် ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာ ပါဝင်ပြီး ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ တပ်တွင်းပထမဆုံး အာဏာဖီဆန် CDMလုပ်ခဲ့သူ ဗိုလ်ကြီး ညီသုတက ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲအနိုင်ရကိုယ်စားလှယ်တွေ၊ တိုင်းရင်းသားတွေပါဝင်တဲ့ NUG ကို ဖွဲ့စည်းလိုက်ပြီးနောက်မှာတော့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ကို ဖွဲ့စည်းသွားမှာဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ကြေညာထားတာပါ။
အဲဒီကာကွယ်ရေးတပ်မတော်ဟာ အနာဂတ်ဖက်ဒရယ်တပ်မတော်ရဲ့ အစိတ်အပိုင်းလည်း ဖြစ်လာမယ်လို့ ဆိုပါတယ်။
ဒါကြောင့် ဒီတော်လှန်ရေးမှာ ပြည်သူ့ကာကွယ်ရေးတပ်မတော်မှာပါဝင်ပြီး ပြည်သူနဲ့အတူ တိုက်ပွဲဝင်သွားမယ်လို့ ဗိုလ်ကြီးညီသုတကပြောပါတယ်။
“ကျနော်ဟာ ပြည်သူတစ်ယောက်ဖြစ်လို့ ပြည်သူနဲ့အတူ ပြည်သူတွေလိုက်ပါတဲ့ တော်လှန်ရေး ရေစီးကြောင်းမှာ လိုက်ပါပြီးစီးမျောမှာပါ’’
လက်ရှိ တပ်ပိုင်းခေါင်းဆောင်တွေဟာ ပြည်သူထောင်နဲ့ချီ သောင်းနဲ့ချီပြီး သေဆုံးရင်တောင် လက်လျော့မယ့်ပုံ မရှိဘူးလို့ဆိုပါတယ်။
ဒါကြောင့် လက်နက်ကိုင်လမ်းစဉ်ဟာ နိုင်ငံရေးအရ နောက်ဆုံးလိုအပ်ချက်ရှိလာပြီး ပြည်သူတွေ ပေးဆပ်ရတာနဲ့တန်အောင် ပြင်ဆင်မှုအားကောင်းကောင်းနဲ့သွားနိုင်ဖို့ လိုတယ်လို့ ဗိုလ်ကြီး ညီသုတက ပြောပါတယ်။
လက်ရှိ တပ်မတော်နဲ့ပတ်သက်ပြီး ပြည်သူရဲ့ ယုံကြည်မှု အားကိုးမှု လေးစားမှုက အကြီးအကျယ်ကျဆင်းနေပြီဖြစ်တာမို့ အဲဒါတွေ မရှိရင် တပ်မတော်သားရဲ့ ဂုဏ်သိက္ခာဆိုတာ မရှိတော့ဘူးလို့လည်း သူက ဆိုပါတယ်။
“အခုဆိုရင် ပြည်သူတွေရဲ့ ယုံကြည်မှု၊ အားကိုးမှု၊ လေးစားမှုက အကြီးအကျယ်ကျ ဆင်းနေပါပြီ။ လက်ရှိအချိန်မှာ ရပ်တန့်လိုက်မယ်ဆိုရင်တောင်မှ ပြည်သူတွေကို ဆပ်စရာ အကြွေးတွေက အများရှိပါသေးတယ်။ မရပ်တန့်ဘဲနဲ့ ဆက်ပြီးတော့ သွားနေမယ်ဆိုရင်တော့ ပြည်သူရဲ့ ဒဏ်ခတ်မှုကို တချိန်မှာ မလွဲမသွေ ခံရပါလိမ့်မယ်”
ဒါကြောင့် တပ်မတော်သားတွေအနေနဲ့ ဘာကြောင့် တပ်မတော်မှာ ရှိနေတာလဲဆိုတာ ကိုလည်း သူက မေးခွန်းထုတ်လိုက်ပါတယ်။
ဗိုလ်ကြီးညီသုတဟာ တပ်မတော်သား အရာရှိတွေထဲ ပထမဆုံး CDMလှုပ်ရှားမှုမှာ ပါဝင်လာသူပါ။
ဗိုလ်ချုပ်ရဲ့ လမ်းစဉ်ကို ယုံကြည်သူဖြစ်တာကြောင့် ခုလိုအကြမ်းဖက်စစ်တပ်ရဲ့ လုပ်ရပ်တွေနဲ့ပတ်သက်ပြီး ပြည်သူကို တောင်းပန်တယ်လို့လည်း ဗိုလ်ကြီးညီသုတက ပြောပါတယ်။
လက်ရှိမှာ အကြမ်းဖက်စစ်တပ်ရဲ့ပစ်ခတ်ဖြိုခွင်းမှုတွေကြောင့် အရပ်သားပြည်သူ ၇၀၀ ကျော် အသက်ဆုံးရှုံးထားပြီး အကျဉ်းကျခံနေရသူ ၃၀၀၀ ကျော်ရှိသလို အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရသူ အများအပြားလည်းရှိနေပါတယ်။