close

CDM ရဲတပ်ဖွဲ့ဝင်

close

August 11, 2022

လက်နက်နှင့် အလင်းဝင်လာသူ ရဲ ၂ ဦးအား ဆုကြေးကျပ်သိန်း ၁၀၀ စီချီးမြှင့်ပြီး လွတ်မြောက်နယ်မြေပို့ဆောင်

လက်နက်တွေနဲ့တကွ ပြည်သူ့ရင်ခွင်ခိုလှုံ အလင်းဝင်လာတဲ့ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ကို ဆုကြေးငွေ တယောက် ကျပ်သိန်း ၁၀၀ စီ ပေးအပ်ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေဆီ ပို့ဆောင်ပေးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော် - မြိုင်မြို့နယ်က သတင်းထုတ်ပြန်ပါတယ်။

မြိုင်ပကဖရဲ့ ထုတ်ပြန်ချက်မှာတော့ အဆိုပါ ရဲတပ်ဖွဲ့ဝင် ၂ ယောက်ဟာ ပေါက်မြို့နယ် ဇီးပြားရဲစခန်းမှဖြစ်ပြီး G3 တလက်နဲ့ ကျည်ဘောက် ၂ ခု၊ G4 တလက်နဲ့ ကျည်ဘောက် ၄ ခု၊ ကျည် ၄၇၀၊ လက်ပစ်ဗုံး ၁ လုံးနဲ့အတူ အမြင်မှန်ရကာ ဩဂုတ် ၁၀ ရက် ၂ နာရီလောက်က ပူးပေါင်းလာခဲ့တာလို့ ဆိုပါတယ်။

စစ်ကောင်စီတပ် ရှေ့တန်းစခန်းတွေ၊ ဖိအားပေးစေခိုင်းခံရတဲ့ ရဲစခန်းတွေ အများစုမှာတော့ အလုပ်ပင်ပန်းတာ၊ ခြိမ်းခြောက် အကျပ်ကိုင်ခံရတာတွေကြောင့် တပ်နဲ့ ရဲဘက်ကနေ စွန့်ခွာချင်နေတဲ့ တပ်မတော်သား စစ်သည်တွေ၊ ရဲဝန်ထမ်းတွေလည်း တနေ့တခြား ပိုပြီးတော့ များပြားလာနေတာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ စစ်အာဏာသိမ်းပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ကို အာဏာဖီဆန်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သားနဲ့ ရဲတပ်ဖွဲ့ဝင် အရေအတွက် သောင်းနဲ့ချီ ရှိနေပြီဖြစ်တာမို့ ကျန်ရှိနေသေးတဲ့ ရဲဘော်တွေအနေနဲ့လည်း အမြင်မှန်ရကာ ပြည်သူနဲ့ ပူးပေါင်းကြဖို့လည်း  မြိုင်ပကဖက မေတ္တာရပ်ခံ သတိပေးထားပါတယ်။

နိုင်ငံတဝန်းမှာတော့ မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ် မြန်မာ့မြေပေါ်မှ အပြီးတိုင်ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ တည်ဆောက်ရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ လူထုသပိတ်တိုက်ပွဲတွေ တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေ အနှံ့အပြား ဖြစ်ပွားနေပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနကတော့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ကနေ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ သားကောင်းတွေကို နွေးထွေးစွာ ကြိုဆိုနေတယ်လို့ ထုတ်ပြန်ထားပါတယ်။

လက်ရှိမှာတော့ ပြည်သူလူထုကို အကြမ်းဖက် သတ်ဖြတ်နေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်တွေကို မလိုလား မနှစ်မြို့ကြတဲ့ အရာရှိ၊ စစ်သည်တွေ၊ ရဲတပ်သားတွေဟာ သူတို့ရဲ့ဂုဏ်သိက္ခာ၊ မျိုးဆက်တွေရဲ့ ဂုဏ်သိက္ခာကို ပြန်လည်ရယူဖို့ စစ်အာဏာရှင်ရဲ့ လက်ကိုင်တုတ်အဖြစ်က ရုန်းထွက်ပြီး ပြည်သူ့ဘက် ကူးပြောင်းရပ်တည်လာတာ တဖြည်းဖြည်း များပြားလာနေပါတယ်။

တပ်မတော်ကို အလွဲသုံးစားပြုလုပ်နေတဲ့ လက်တဆုပ်စာ စစ်ဗိုလ်ချုပ်တစုရဲ့ လက်ကိုင်တုတ် ခါးပိုက်ဆောင်တပ်အဖြစ်မှ ရုန်းထွက်ပြီး ပြည်သူ့ရင်ခွင် အမြန်ဆုံးခိုဝင်ကြဖို့ တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က တိုက်တွန်းနှိုးဆော်ထားပါတယ်။

ဒါ့အပြင် အင်အားကြီး တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေ ဖြစ်ကြတဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (ကေအိုင်အေ) နဲ့ ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) တို့လို အဖွဲ့အစည်းတွေကလည်း စစ်အာဏာရှင်ဆန့်ကျင်ကာ ပူးပေါင်းလိုတဲ့ ရှေ့တန်းရောက် မြန်မာ့တပ်မတော်သားတွေ၊ ရဲတပ်သားတွေကို လက်ကမ်းကြိုဆိုနေကြတယ်လို့ သိရပါတယ်။

3 months Ago

June 27, 2022

ကသာခရိုင်တွင် အာဏာဖီဆန် CDM ရဲနှင့် စစ်သား ၈၀ ခန့်ရှိလာ

စစ်ကိုင်းတိုင်း၊ ကသာခရိုင်အတွင်းမှာ အာဏာသိမ်းပြီးနောက်ပိုင်း အာဏာသိမ်းလက်အောက်မှာ တာဝန်မထမ်းဆောင်လိုတာကြောင့် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ  ပါဝင်လာတဲ့ ရဲနဲ့ စစ်သား အယောက်  ၈၀ ဝန်းကျင်ကို ရှိလာပြီလို့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။

စစ်တပ်က အာဏာသိမ်းပြီး ရက်ပိုင်းအတွင်း CDM လှုပ်ရှားမှုမှာ ပါဝင်လာတဲ့ သူတွေရှိသလို CDM လှုပ်ရှားမှုမှာ ပါဝင်ချင်ပေမဲ့ အကြောင်းအမျိုးမျိုးကြောင့် အခုနောက်ပိုင်းမှ အခက်အခဲတွေကြားထဲကနေ ပြည်သူ့ရင်ခွင်ခိုလှုံလာတဲ့သူတွေ အများစုဖြစ်တယ်လို့ ကသာ ပကဖတာဝန်ခံတစ်ဦးက ပြောပါတယ်။

“ဒီနေ့ထိဆိုရင် CDM ပြုလုပ်တဲ့ ရဲနဲ့ စစ်သား ၇၀ ကျော်၊ ၈၀ ဝန်းကျင်ထဲကို ရောက်လာပြီး၊ CDM လုပ်တဲ့ ရဲသား၊ စစ်သားတွေ ရှိသလို အစောကြီး CDM လုပ်ပြီး ပြည်သူ့ရင်ခွင်နဲ့ မဆက်သွယ်ကြတဲ့သူတွေလည်း ရှိတယ်။ အခုနောက်ပိုင်းကျမှ ထွက်ချိန်ရလို့၊ ထွက်ခွင့်ရလို့၊ ထွက်နိုင်တဲ့ အနေအထားမို့လို့ လာကြတာတွေလည်း ရှိတယ်ပေါ့၊ ပြီးတော့ CDM တွေရဲ့ ပြောပြချက်အရဆိုရင် စကစ တပ်သားတွေထဲမှာ CDM လုပ်ချင်တဲ့သူတွေလဲ အများကြီး ရှိသေးတယ်။ ထွက်ဖို့ အခွင့်မသာလို့ မထွက်နိုင်သေးတဲ့ အခြေအနေတဲ့” လို့ ပြောပါတယ်။

ကသာခရိုင်ထဲက ၈၀ ဝန်းကျင်မှာ ရဲတပ်သား အနည်းစုသာဖြစ်ပြီး အများစုကတော့ စစ်သားတွေ ဖြစ်တယ်လို့ သိရပါတယ်။ CDM လှုပ်ရှားမှုမှာပါဝင်လာတဲ့ စစ်သားတွေဟာ ကသာခရိုင်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ အမှတ် (၈၈) ခြေမြန်တပ်မ လက်အောက်မှာရှိတဲ့ တပ်ရင်းက တပ်သားတွေနဲ့ ကသာခရိုင်မှာ အခြေစိုက်တဲ့ တပ်ရင်းက တပ်သားတွေ ဖြစ်ပါတယ်။

CDM ပြုလုပ်တဲ့ စစ်သားတွေ အာဏာသိမ်းစစ်တပ်ကို လက်နက်ကိုင်ပြီး တိုက်ခိုက်တာတွေတော့ မရှိသေးဘူးလို့ ကသာပကဖ တာဝန်ခံက ပြောပါတယ်။

“တချို့ရဲ CDM တွေက စောကတည်းက ထွက်ထားပြီးတော့ လက်နက်ကို တော်လှန်နေတဲ့ သူတွေလည်း အများကြီးရှိတယ်လေ၊ စစ်သားတော့ မရှိဘူး၊ သူတို့က(CDM တပ်သား) လက်နက်ကိုင်ပြီး ပြန်တိုက်ချင်တယ်ပြောတယ်၊ သူတို့ ပြန်ပြီးတော်လှန်ချင်တယ် ပြောတယ်၊ ဒါပေမဲ့ အခု CDM ဝင်လာပြီးတော့ လက်နက်ပေးကိုင်ဖို့တော့ အဆင်မပြေနိင်တဲ့ အနေအထားတွေရယ်၊ အကြောင်းအမျိုးမျိုးကြောင့်ပေါ့၊ လုံခြုံတဲ့နေရာကိုပဲ ပို့ထားပေးတယ်” လို့ပြောပါတယ်။

ကသာမြို့နယ်ထဲမှာ ဇွန် ၁၁ ရက်မှ ၂၁ ရက်နေ့အထိ ကသာပကဖ၊ ကသာခရိုင် PDFတပ်ရင်း(၃)၊ ABSDF၊ ရပ်ကျေး ပကဖများ၊ မဟာမိတ် EROs ပူပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်ဖွဲတွေကြား တိုက်ပွဲ ၆ ‌နေရာဖြစ်ပွားပြီး စစ်ကောင်စီတပ်သား ၁၄၀ ဝန်းကျင် သေဆုံးမှုရှိတယ်လို့ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့- ကသာပကဖက ထုတ်ပြန်ထားပါတယ်။

ကသာခရိုင်ထဲမှာ ဇွန် ၂၄ ရက် မနက် ၁၁ နာရီခွဲလောက်က ကသာနဲ့ အင်းတော်ကြားက ၈ မိုင် နေရာမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်သားတို့ တစ်နာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။

5 months Ago
Up