close

CDM သူနာပြုဆရာမ

close

October 9, 2022

CDM သူနာပြုဆရာမတဦး ထိုင်းရဲလိုက်ဖမ်းသဖြင့် မြစ်ထဲခုန်ချရာမှ သေဆုံး

ထိုင်း-မြန်မာနယ်စပ်တနေရာမှာ CDM သူနာပြုဆရာမတယောက်ဟာ ထိုင်းရဲတွေလိုက်လို့ ထွက်ပြေးရင်း မြစ်ထဲခုန်ချတာကြောင့် သေဆုံးသွားပါတယ်။

အသက် ၂၆ နှစ်အရွယ် မသိင်္ဂီ(အမည်လွှဲ)ဟာ ပြီးခဲ့တဲ့ အောက်တိုဘာ ၆ ရက်က ထိုင်းနိုင်ငံဘက်ကို မှောင်ခိုလမ်းကသွားနေတုန်း ထိုင်းရဲတွေဖမ်းဖို့လိုက်တာကြောင့် မြစ်ထဲဆင်းပြေးရတာလို့ မိတ်ဆွေတယောက်က ပြောပါတယ်။

"သူတို့ ဟိုဘက်ကမ်းလည်းရောက်ရော ထိုင်းရဲတွေက သတင်းရလို့ လိုက်ဖမ်းကြတယ်။ အဖမ်းခံလို့ မဖြစ်ဘူးဆိုတဲ့စိတ်နဲ့ ဟိုပြေးဒီပြေးကြ။ သူတို့က ပထမ လှေပေါ်ပြေးတက်ကြတာ။ လှေက ကမ်းမှာတင် မြုပ်သွားတော့ ရေကူးပြီး ဒီဘက်ကမ်းကို ပြန်လာမယ်ပေါ့။ သူက အဲမှာတင် မကူးနိုင်တော့ဘဲ ဒီတိုင်းပါလာတာ။ သူ့ယောကျာ်းပဲ ဆွဲခေါ်ကူးခဲ့တာ။ ကြားထဲ လှေတစီးလာကယ်သွားလို့ သူ့ယောကျာ်းလည်းအသက်ရှင်သွားတယ်။ သူ့ကိုတော့ အသက်ကယ်ပေမယ့်မရတော့ဘူး။" 

ရဲဖမ်းခံရရင် ထောင်အချုပ်ဖြစ်ဖြစ်၊ ဒဏ်ငွေဖြစ်ဖြစ် ပြစ်ဒဏ်ခံရမှာဖြစ်ပြီး ငွေပြန်ရှာဖို့ မလွယ်တာကြောင့် လွတ်ဖို့စိတ်တခုတည်းနဲ့ ထွက်ပြေးခဲ့ကြတာလို့ မသိင်္ဂီအမျိုးသားရဲ့စကားကိုလည်း သူက တဆင့်ပြောပြပါတယ်။

မသိင်္ဂီဟာ စစ်အာဏာသိမ်းကတည်းက CDM လုပ်ခဲ့တာဖြစ်ပြီး စားဝတ်နေရေးအတွက် ရရာအလုပ်တွေနဲ့ ရုန်းကန်နေခဲ့တာလို့လည်း သူ့မိတ်ဆွေက ပြောပါတယ်။

"အခုက ထိုင်းကိုသွားပြီး အလုပ်လုပ်ကြမလို့ သူနဲ့ သူ့ယောကျာ်းနဲ့ တိုင်ပင်ပြီး ထွက်ခဲ့ကြတာ။ ကြားထဲလည်း အလုပ်မရှိလို့  စျေးရောင်းလိုက်၊ ဆေးတွေရောင်းလိုက် အကုန်လိုက်လုပ်ပါတယ်။" 

ကွယ်လွန်သူ သူနာပြု မသိင်္ဂီမှာ အသက် ၃ နှစ်အရွယ် သားတယောက်ကျန်ခဲ့တယ်လို့လည်း ဆိုပါတယ်။

12 mins Ago

June 15, 2022

စစ်ကောင်စီ မီးရှို့သတ်ဖြတ်ခဲ့သည့် သူနာပြုဆရာမအတွက် မန္တလေးကျန်းမာရေးမိသားစုက ဝမ်းနည်းကြောင်း ထုတ်ပြန်

စစ်ကောင်စီတပ်တွေရဲ့ အကြမ်းဖက် ဖမ်းဆီးညှဉ်းပန်းနှိပ်စက်ပြီး မီးရှို့သတ်ဖြတ်တာခံခဲ့ရတဲ့ အထက်တန်းသူနာပြုဆရာမ မဇာလီနိုင်အတွက် ကျန်းမာရေးမိသားစု မန္တလေး (Medical Family Mandalay–MFM) အနေနဲ့ အထူးဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ထားပါတယ်။

မဇာလီနိုင်ဟာ သူနာပြုတက္ကသိုလ်-မန္တလေး၊ သူနာပြုသိပ္ပံဘွဲ့ (ပေါင်းကူး) ကျောင်းသူတယောက်လည်းဖြစ်ပြီး ဇွန် ၁၀ ရက်က ရေစကြိုမြို့နယ်၊ ဒါန်းပင်ကန်ကျေးရွာနဲ့ တဲကြီးကျေးရွာအကြားမှာ အကြမ်းဖက်စစ်ကောင်စီရဲ့ ရက်ရက်စက်စက် သတ်ဖြတ်ခဲ့မှုကြောင့် ကျဆုံးခဲ့ရတာလို့ ဆိုပါတယ်။

ပြည်သူလူထုကို ကျန်းမာရေးစောင့်ရှောက်မှုပေးနေတဲ့ သူနာပြုဆရာမ မဇာလီနိုင်ဟာ အကြမ်းဖက်စစ်အာဏာရှင်တွေကို ရဲဝံ့စွာ တော်လှန်ရင်း အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံတော်အတွက် အစွမ်းကုန်ပေးဆပ်ပြီးတော့ ဂုဏ်ရောင်ပြောင်စွာ ကျဆုံးခဲ့တဲ့အတွက်လည်း အမြဲထာဝရ အောက်မေ့ဂုဏ်ယူကာ ပြည်သူ့သူရဲကောင်း အာဇာနည်တဦးအဖြစ် မှတ်တမ်းတင် ဂုဏ်ပြုကြောင်းလည်း ကျန်းမာရေးမိသားစု မန္တလေး (Medical Family Mandalay–MFM) က ပြောပါတယ်။

မြန်မာနိုင်ငံမှာ စစ်တပ်က မတရားအာဏာသိမ်းယူထားတဲ့ကာလဟာ ၁၆ လကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေး ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေအနှံ့ စစ်ကောင်စီတပ်တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်တွေ၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တွေကြား တိုက်ပွဲတွေလည်း ပြင်းထန်နေသလို တောရောမြို့ပါမကျန် စစ်ကောင်စီ အကြမ်းဖက်တပ်ဖွဲ့တွေက အပြစ်မဲ့ပြည်သူတွေကို အဓမ္မဖမ်းဆီး သတ်ဖြတ်တာတွေ၊ ဘာသာရေးခေါင်းဆောင်တွေ၊ ကလေးသူငယ်၊ အမျိုးသမီးနဲ့ သက်ကြီးရွယ်အိုတွေပါမချန် ပစ်ခတ်သတ်ဖြတ်တာတွေ၊ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးတာတွေ၊ ကြက်ခြေနီတပ်ဖွဲ့တွေ၊ ကုလအေဂျင်စီဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဝန်တွေ၊ သူနာပြုနဲ့ စေတနာ့ဝန်ထမ်းတွေကိုပါ ပစ်ခတ်သတ်ဖြတ်နေတာ ဖြစ်ပါတယ်။

မြန်မာပြည်တဝန်း အကြမ်းဖက်တိုက်ခိုက်မှုတွေ ချက်ချင်းရပ်တန့်ဖို့ နိုင်ငံတကာ တောင်းဆိုနေတဲ့ကြားက စစ်ကောင်စီတပ်တွေဟာ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM မှာ ဦးဆောင်ပါဝင်ခဲ့ကြတဲ့ ဆေးဘက်ဆိုင်ရာ ကျန်းမာရေးဝန်ထမ်းတွေကို ပစ်မှတ်ထား အကြမ်းဖက်တိုက်ခိုက်တာတွေလည်း ရှိနေသလို လတ်တလောအချိန်ထိ ကျန်းမာရေးဝန်ထမ်း အယောက် ၃၀ ထက်မနည်း သေဆုံးခဲ့ရပြီး ရာနဲ့ချီ ဖမ်းဆီးထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။

ဒါ့အပြင် အကြမ်းဖက်စစ်တပ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသိမ်းထားတဲ့ ၁ နှစ်ကျော်ကာလအတွင်း ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပရဟိတဆေးခန်းတွေ အကြိမ် ၄၀၀ ကျော် တိုက်ခိုက်ခံခဲ့ရတာဟာ စစ်ရာဇဝတ်မှုမြောက်တဲ့အတွက် ကုလသမဂ္ဂ လုံခြုံရေးကောင်စီကနေ အရေးယူပေးဖို့လည်း လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက တိုက်တွန်းနေကြပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်း ၁ နှစ်ကျော်ကာလ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ ကျဆုံးပြည်သူ ၁,၉၄၀ ကျော်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၁၄,၁၁၀ ယောက်ထိ ရှိလာခဲ့ပြီလို့ ဖော်ပြပါတယ်။

4 months Ago

သူနာပြုနှင့် ကိုယ်ဝန်ဆောင် ကျောင်းဆရာမ အပါအဝင် ၅ ဦးကို စစ်ကောင်စီတပ်က ဖမ်းဆီး မီးရှို့သတ်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ CDM ကျောင်းအုပ်ကြီးတဦး၊ သူနာပြုတဦးနဲ့ ကိုယ်ဝန်ဆောင် ကျောင်းဆရာမတဦးအပါအဝင်  ၅ ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်က  ဖမ်းဆီးပြီး မီးရှို့သတ်ဖြတ်ခဲ့တယ်လို့  ရေစကြိုပြောက်ကျား  N-YSO  အဖွဲ့က နေသိရပါတယ်။

ရေစကြိုဒေသခံ ကာကွယ်ရေးအဖွဲ့တခုဖြစ်တဲ့ N-YSO ပြောက်ကျားတပ်ဖွဲ့ဝင်တွေဖြစ်ကြတဲ့  CDM ကျောင်းအုပ်ဆရာကြီး ဦးဝင်းကျော်၊ ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေ၊ အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်၊ ထောက်ပို့ရဲဘော် မသဲအိအိဝင်းနဲ့ ရဲဘော်ဝူခုန်းတို့ကို စစ်ကောင်စီက ဇွန် ၁၀ ရက်မှာ စခန်းကို  ဝင်ရောက်စီးနင်းပြီး ဖမ်းဆီးသွားခဲ့တာပါ။

ကျောင်းဆရာမ ဒေါ်ခင်နှင်းဝေဟာ ကိုယ်ဝန် ၅ လ လွယ်ထားသူဖြစ်ပြီး  အထက်တန်းသူနာပြုဆရာမ ဒေါ်ဇာလီနိုင်ကတော့ ရဲဘော်တွေကို အချိန်ပြည့် ကျန်းမာရေးစောင့်ရှောက်ကူညီပေးနေသူ ဖြစ်တယ်လို့ ဆိုပါတယ်။

သူတို့ကို စစ်ကောင်စီက ဖမ်းဆီး အရှင်လတ်လတ်မီးရှို့ခဲ့ပြီး အလောင်းတွေကိုတော့ ဇွန် ၁၄ ရက်မှာ တပ်ဖွဲ့က အခမ်းအနားနဲ့ မီးသင်္ဂြိုဟ်ခဲ့ကာ အမိန့်ပြန်တမ်းထုတ်ခဲ့ပါတယ်။

ဇွန် ၁၀ ရက် မနက်အစောပိုင်းမှာ စစ်ကောင်စီတပ်တွေဟာ စစ်ကြောင်း ၃ ကြောင်းနဲ့ ဝင်ရောက်စီးနင်းခဲ့ပြီး ရဲဘော်ဝူခုန်းဟာ သူမကျဆုံးခင် စစ်ကောင်စီတပ်တွေကို မိုင်းခွဲနိုင်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။ အဲဒါကြောင့် စစ်ကောင်စီတပ်က အရာခံဗိုလ်တယောက်အပါအဝင် ၁၃ ယောက် သေဆုံးပြီး အလောင်းတွေကိုတော့ စစ်ကြောင်းအပြန်မှာ ဝင်ကောက်သွားခဲ့တယ်လို့ ဆိုပါတယ်။

စစ်တပ်အင်အားများတာကြောင့် ပြောက်ကျားတပ်ဖွဲ့နောက်ဆုတ်ပေးခဲ့ပေမယ့် စစ်တပ်က ပြည်သူတွေကို လမ်းပြအဖြစ်ဖမ်းဆီးခေါ်ဆောင်သွားသလို ပြောက်ကျားတပ်ဖွဲ့ဝင် ၅ ယောက်လည်း ဖမ်းဆီးခံခဲ့ရပါတယ်။

စစ်ကောင်စီတပ်တွေဟာ ဝက္ကတောရွာ၊ သစ်ကြီးတောရွာဘက်ကို ဆက်သွားခဲ့ပြီး ပြည်သူတွေရဲ့နေအိမ်ကို မီးရှို့ဖျက်ဆီးခဲ့ကာ အပြန်မှာ မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် ၂ ယောက် ထပ်သေခဲ့တယ်လို့လည်း ဆိုပါတယ်။

အဆိုပါ ဖမ်းဆီးသတ်ဖြတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြန်ကြားရေးဘက်ကတော့ သတင်း ထုတ်ပြန်တာ မရှိသေးပါဘူး။

4 months Ago
Up