close

CDM

close

April 15, 2023

တနင်္သာရီတွင် စစ်ကောင်စီ တပ်သားတဦး လက်နက်ခဲယမ်းများဖြင့် CDM ပြုလုပ်

စစ်ကောင်စီ တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ တနင်္သာရီပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီကို ဧပြီ ၁၄ ရက်နေ့က အာဏာဖီဆန်ရေး (CDM) ပြုလုပ်လာတယ်လို့ သိရပါတယ်။

CDM ဝင်ရောက်လာတဲ့ တပ်သားဟာ တနင်္သာရီတိုင်း၊ တနင်္သာရီမြို့နယ်မှာ ညောင်ပင်းကွင်းရွာ အခြေစိုက် အမှတ် (၅၆၁) တပ်ရင်းမှ တပ်သားတဦးဖြစ်တယ်လို့ တနင်္သာရီမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။

“CDM ဝင်ရောက်လာတာဟာ တပ်သားအဆင့်ပါ။ သူနဲ့အတူတူ MA-3 မောင်းပြန်သေနတ် တလက်၊ ကျည်အတောင့် ၂၀၀၊ လက်ပစ်ဗုံး ၁ လုံးနဲ့ ကျည်ကတ် ၃ ခု ပါပါတယ်” လို့ ပြောပါတယ်။

အဆိုပါ CDM တပ်သားကို တနင်္သာရီစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့က ဂုဏ်ပြုချီးမြင့်ငွေ သိန်း ၃၀ ပေးအပ်ခဲ့ပြီး လုံခြုံတဲ့နေရာ ပို့ဆောင်ပေးလိုက်တယ်လို့ ဆိုပါတယ်။

အလားတူ တိုင်းနဲ့ မြို့နယ်ထဲမှာရှိတဲ့ CDM လုပ်ချင်တဲ့ ရဲဘော်တွေရှိရင်လည်း သက်ဆိုင်တဲ့ တော်လှန်ရေးအင်အားစုအဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ရဲရဲဝံ့ဝံ့ လာရောက်ကြပူးပေါင်းကြဖို့ တိုက်တွန်းထားပါတယ်။

11 hours Ago

April 4, 2023

စစ်ကောင်စီတပ်သား ၁ ဦး အာဏာဖီဆန် CDM လုပ်ပြီး ကေအန်ယူထံ ခိုလှုံ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အခြေစိုက် စစ်ကောင်စီတပ်မ ၄၄ လက်အောက်ခံ ခြေမြန်တပ်ရင်း ခမရ(၂) က တပ်သားတယောက်ဟာ အာဏာဖီဆန်ရေး CDM ပြုလုပ်ပြီး ကေအန်ယူမိတ်ဖက်တော်လှန်ရေးအင်အားစုထံ ဝင်ရောက်ခိုလှုံလာတယ်လို့ ကေအန်ယူ သထုံခရိုင် အတွင်းရေးမှူးက ဒီဗွီဘီကို ပြောပါတယ်။

ကိုယ်ပိုင်အမှတ် တ-၅၇၇၇၂၀ ဖြစ်တဲ့ တပ်သား ချစ်သဲ‌မောင်ဟာ ပြီးခဲ့တဲ့ မတ် ၃၀ ရက်က တာဝန်ကျနေတဲ့ ဘီးလင်းမြို့နယ် သံတံတားစစ်ဆေးရေးဂိတ်ကနေ လက်နက်မဲ့နဲ့ ထွက်ပြေးလာပြီးနောက် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့တာ ဖြစ်ပါတယ်။

CDM ပြုလုပ်တဲ့ တပ်သား ချစ်သဲမောင်ကို လုံခြုံစိတ်ချရတဲ့ နေရာမှာ ကောင်းမွန်စွာ စောင့်ရှောက်ထားသလို သူရဲ့ သဘောဆန္ဒအတိုင်း ဆက်လက်ဆောင်ရွက်သွားမယ်လို့ အတွင်းရေးမှူး စောအေးနိုင်က ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူ တပ်မဟာ(၁) သထုံခရိုင်ထဲကို စစ်တပ် အာဏာသိမ်းတဲ့ နှစ်နှစ်အတွင်း စစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ဝင် ၁၅၀ နီးပါး CDM ပြုလုပ်ထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာနကလည်း အာဏသိမ်း စစ်တပ် လက်အောက် တာဝန်ထမ်းဆောင်နေတဲ့ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်တွေအပါအဝင် ရဲတပ်ဖွဲ့ဝင်တွေအနေနဲ့ ပြည်သူ့ရင်ခွင်တံခါး မပိတ်မီ CDM ပြုလုပ်ကြဖို့ ဧပြီ ၂ ရက်နေ့မှာ နောက်ဆုံးအကြိမ် နှိုးဆော်ထားပါတယ်။

NUG အချက်အလက်တွေအရ စစ်တပ် အာဏာသိမ်းတဲ့ အခုနှစ် ဖေဖော်ဝါရီ ၂၁ ရက်အထိ ပြည်သူ့ရင်ခွင် ခိုလှုံလာတဲ့ စစ်သည် ၃၂၃၆  ဦး၊ ရဲတပ်ဖွဲ့ဝင်  ၉၀၉၁ ဦး၊ စုစုပေါင်း ၁၂၃၂၇ ဦးနဲ့ မိသားစုဝင်ဦးရေ ထောင်ကျော် ရှိခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

2 weeks Ago
Up