အမေရိကန်စွမ်းအင်လုပ်ငန်းကြီးတစ်ခုဖြစ်တဲ့ Chevron ဟာ မြန်မာနိုင်ငံရဲ့ ရတနာ ကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှာ သူပိုင်တဲ့ အစုရှယ်ယာတွေကို ကနေဒါနိုင်ငံက MTI Energy ကုမ္ပဏီထံကို ရောင်းချဖို့ သဘောတူညီခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး မြန်မာနိုင်ငံပိုင် မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်းကို စီးပွားရေးပိတ်ဆို့ ဆန့်ကျင်ဖို့ ကနေဒါနဲ့ ယူကေတို့ကို Justice For Myanmar အဖွဲ့ကတောင်းဆိုလိုက်ပါတယ်။
Chevron ဟာ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်းမှာ သူပိုင်ဆိုင်တဲ့ အစုရှယ်ယာ ၄၁ ဒသမ၁ ရာခိုင်နှုန်းကို အမ်တီအိုင် အင်နာဂျီ (MTI Energy) ပိုင်လုပ်ငန်းခွဲတစ်ခုဖြစ်တဲ့ Et Martem Holdings ကုမ္ပဏီကို ရောင်းချဖို့ သဘောတူညီပြီးဖြစ်ကြောင်း အတည်ပြုခဲ့တယ်လို့ UpStreamOnLine website မှာ ဖော်ပြထားပါတယ်။
အရောင်းအဝယ်သဘောတူညီချက်ပါ အချက်အလက်တွေနဲ့ အရောင်းအဝယ်တန်ဖိုးကိုတော့ လျှို့ဝှက်ထားရမှာဖြစ်ကြောင်း ကုမ္ပဏီပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။
“မြန်မာနိုင်ငံမှာ အကြီးဆုံးသဘာဝဓာတ်ငွေ့ စီမံကိန်းဖြစ်တဲ့ ရတနာစီမံကိန်းဟာ တရားမဝင် စစ်အာဏာရှင်တွေကို နိုင်ငံခြားငွေ အများဆုံးရှာပေးနေတဲ့ လုပ်ငန်းတွေထဲမှာ အကြီးဆုံးစီမံကိန်း ဖြစ်ပါတယ်။ သဘာဝဓာတ်ငွေ့လုပ်ငန်းကနေရတဲ့ ဝင်ငွေတွေဟာ ဒီတရားမဝင်စစ်တပ်က စစ်ရာဇဝတ်မှုတွေနဲ့ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်နိုင်အောင် ငွေကြေးထောက်ပံ့နေတာဖြစ်ပါတယ်။” လို့ လူ့အခွင့်အရေးအဖွဲ့အစည်းဖြစ်တဲ့ Justice For Myanmar က ပြောပါတယ်။
ရတနာစီမံကိန်းက လုပ်ငန်းတွေကို ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံကနေ မထွက်ခွာမီအချိန်ထိ ပြင်သစ် Total Energies က လုပ်ကိုင်နေခဲ့တာ ဖြစ်ပါတယ်။ သူထွက်ခွာသွားချိန်မှာတော့ သူ့ရဲ့ အစုရှယ်ယာတွေကို ကျန်နေတဲ့ လုပ်ဖော်ကိုင်ဖက် ကုမ္ပဏီ ၃ ခု ဖြစ်တဲ့ Chevron ၊ ထိုင်းနိုင်ငံက PTTEP နဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတို့က ခွဲဝေယူလိုက်ကြပါတယ်။ အဲဒီနောက် လုပ်ငန်းတွေကို Chevron က ဆက်လက်တာဝန်ယူလုပ်ဆောင်ခဲ့ပါတယ်။
Total ကုမ္ပဏီထွက်ခွာသွားပြီးနောက် ရတနာသဘာဝဓာတ်ငွေ့စီမံကိန်းမှာ Chevron ရဲ့ ပိုင်ဆိုင်မှုဟာ ၂၈ ဒသမ ၂၆ ရာခိုင်နှုန်းကနေ ၄၁ ဒသမ ၁ ရာခိုင်းနှုန်းသို့တက်လာခဲ့ပြီး ကျန် ကုမ္ပဏီသုံးခုထဲမှာ ပိုင်ဆိုင်မှု အများဆုံးဖြစ်လာခဲ့ပါတယ်။
အခုလို အမေရိကန်ကုမ္ပဏီ ထွက်ခွာသွားခဲ့ပြီးနောက် ရတနာစီမံကိန်းမှာ မြန်မာရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းက ပိုင်ဆိုင်မှုအများဆုံးရှိလာမှာ ဖြစ်သလို ကမ်းလွန်သဘာဝဓာတ်ငွေ့လုပ်ငန်းမှာလည်း စိတ်တိုင်းကျ ခြယ်လှယ်ခွင့် ပိုမိုရရှိသွားမှာ ဖြစ်တာကို လူ့အခွင့်အရေးအဖွဲ့တွေက စိုးရိမ်နေကြပါတယ်။
Chevron ပြောရေးဆိုခွင့်ရှိသူကတော့ “အခုရောင်းချနေတဲ့ ကာလတလျှောက် ကျနော်တို့ရဲ့ ဝန်ထမ်းတွေကို ကာကွယ်ပေးဖို့ ချမှတ်ထားတဲ့ သံန္နိဋ္ဌာန်အတိုင်း ဆောင်ရွက်သွားမှာဖြစ်သလို အကူးအပြောင်းကာလကိုလည်း သူတို့ စနစ်တကျအန္တရာယ်ကင်းကင်းနဲ့ ဖြတ်သန်းနိုင်အောင် ဆောင်ရွက်ပေးသွားမှာပါ။ ဒေသခံ လူ့အဖွဲ့အစည်းတွေအတွက်လည်း လိုအပ်တဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်” လို့ ပြောပါတယ်။
“ရောင်းချနေစဉ် ကာလအတွင်းမှာလည်း အမ်တီအိုင်အင်နာဂျီရော Chevron ကပါ မြန်မာစစ်ခေါင်းဆောင်တွေဆီ ငွေအဆက်မပြတ်ဝင်နေအောင် ဆောင်ရွက်ပေးနေရမှာပဲ ဖြစ်တယ်။ အဲဒါကြောင့် သူတို့ဟာ စစ်အာဏာရှင်တွေ ကျူးလွန်နေတဲ့ နိုင်ငံတကာရာဇဝတ်မှုမှာ ပူးပေါင်းပါဝင်ရာရောက်တယ်” လို့ Justice For Myanmar က ပြောပါတယ်။
Chevronရဲ့ ပိုင်ဆိုင်မှုတွေကို ဝယ်ယူလိုက်တဲ့ MTIရဲ့ ကုမ္ပဏီခွဲ Et Martem ဟာ ယူကေအပိုင် ဘာမြူဒါဒေသအခြေစိုက်ဖြစ်ပြီး ယူကေက ချမှတ်ထားတဲ့ မြန်မာနိုင်ငံအပေါ် စီးပွားရေးပိတ်ဆို့မှုတွေကို လိုက်နာဆောင်ရွက်ခဲ့ပါတယ်။
မည်သို့ပင်ဆိုစေကာမူ မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းကိုတော့ ကနေဒါကရော ယူကေကပါ စီးပွားရေးပိတ်ဆို့မှု မရှိသေးတာကြောင့် စစ်ကောင်စီဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ကနေ အကျိုးအမြတ်ဆက်လက်ရရှိနေဦးမှာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။
“မြန်မာနိုင်ငံသားတွေရဲ့ အသက်တွေ၊ ဘဝတွေနဲ့ ဒီမိုကရေစီ မျှော်လင့်ချက်တွေအပေါ်မှာ အမ်တီအိုင်အင်နာဂျီက အလေးမထားတာကို ကျနော်တို့ ရှုတ်ချပါတယ်။ ပြီးတော့ ဒါဟာ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုနဲ့ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့ (OECD) က ချမှတ်ထားတဲ့ နိုင်ငံတကာကုမ္ပဏီများရဲ့ ဝတ္တရားများနဲ့ ကုလသမဂ္ဂရဲ့ စီးပွားရေးလုပ်ငန်းများနှင့် လူ့အခွင့်အရေးများ အခြေခံလမ်းညွှန်ချက်တွေကို ဖောက်ဖျက်တာပဲ ဖြစ်တယ်” လို့ Justice For Myanmar က ပြောပါတယ်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်းမှာလည်း မြန်မာ့ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့ဖို့နဲ့ သူတို့နိုင်ငံအခြေစိုက် ကုမ္ပဏီတွေကနေ မြန်မာစစ်အာဏာရှင်တွေကို ငွေကြေးထောက်ပံ့မှုမရှိစေရန် တားမြစ်ဖို့ ကနေဒါအစိုးရနဲ့ ယူကေအစိုးရကို Justice For Myanmar က တောင်းဆိုခဲ့ပါသေးတယ်။
မြန်မာနိုင်ငံမှာမနှစ်က စစ်အာဏာသိမ်းမှုနဲ့ကြုံခဲ့ရပြီးနောက်မှာ Total Energies နဲ့ Chevron ကော်ပိုရေးရှင်းတို့ထွက်သွားတာကြောင့် ထိုင်းနိုင်ငံရဲ့အစိုးရပိုင် ရေနံနဲ့သဘာဝဓာတ်ငွေ့လုပ်ငန်း (PTTEP) ဟာ မြန်မာနိုင်ငံရဲ့အကြီးမားဆုံး သဘာဝဓာတ်ငွေ့တွင်းကို သိမ်းပိုက်ဖို့ ကြိုးပမ်းနေပုံရတယ်လို့ လေ့လာသုံးသပ်သူတွေရဲ့ ပြောဆိုချက်ကို ကိုးကာပြီး ရိုက်တာသတင်းမှာ ရေးပါတယ်။
အစုရှယ်ယာ ၂၅ ဒသမ ၅ ရာခိုင်နှုန်း ပိုင်ဆိုင်ထားပြီးဖြစ်တဲ့ ရတနာလုပ်ကွက်ရဲ့ အော်ပရေတာဖြစ်လာမယ့် PTTEP ရဲ့ ဆောင်ရွက်ချက်ဟာ ထိုင်းနိုင်ငံနဲ့ မြန်မာနိုင်ငံကို အရေးပါတဲ့ ဓာတ်ငွေ့အထောက်အပံ့တွေ ဆက်လက်စီးဆင်းနေစေမှာဖြစ်ပြီး ပိုပြီးတင်းကျပ်နေတဲ့ အမေရိကန်နဲ့ တခြားပိတ်ဆို့အရေးယူမှုတွေအကြား မြန်မာစစ်အာဏာရှင်အုပ်စုအတွက် ၀င်ငွေကို အကာအကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။
ပြင်သစ်ကုမ္ပဏီ Total Energies နဲ့ အမေရိကန်ကုမ္ပဏီ Chevron တို့ဟာ မြန်မာနိုင်ငံ အနောက်တောင်ဘက် ကမ်းလွန်က ရတနာ ဓာတ်ငွေ့စီမံကိန်းနဲ့ မုတ္တမ ဓာတ်ငွေ့သယ်ယူပို့ဆောင်ရေးကုမ္ပဏီ(MGTC) တို့ လုပ်ကိုင်နေတဲ့ အုပ်စုရဲ့တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ဓာတ်ငွေ့ပိုက်လိုင်းဟာ မြန်မာနဲ့ထိုင်းနယ်စပ်ကို သွယ်တန်းထားပါတယ်။
PTTEP ဟာ ရတနာအော်ပရေတာအဖြစ် တာဝန်ယူဖို့ အလားအလာပိုများကြောင်း ဘန်ကောက်အခြေစိုက် Lantau Group မှ အတိုင်ပင်ခံ ခစ်သီထက်ပရွမ်ထာဝီဖုန်က ပြောပါတယ်။
PTTEP ဟာ Total Energies နဲ့ Chevron မှ အစုရှယ်ယာတွေအားလုံးကို ရယူခဲ့မယ်ဆိုရင် ရတနာစီမံကိန်းမှာ အစုရှယ်ယာ ၈၅ ရာခိုင်နှုန်း အထိပိုင်ဆိုင်မှာဖြစ်ပါတယ်။
PTTEP ဟာ သူ့ရဲ့အစုရှယ်ယာ ၈၀ ရာခိုင်နှုန်းနဲ့ မြန်မာနိုင်ငံပိုင် မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း (MOGE) က ၂၀ ရာခိုင်နှုန်း ပိုင်ဆိုင်ထားတဲ့ ဇောတိကလုပ်ကွက်အသေးကို လည်း လည်ပတ်နေပြီဖြစ်ပါတယ်။
PTTEP က ရတနာဓာတ်ငွေ့စီမံကိန်းနဲ့ပတ်သက်တဲ့ နောက်ထပ်လုပ်ငန်းအဆင့်တွေနဲ့ ထိုင်းနဲ့ မြန်မာနိုင်ငံအတွက် စွမ်းအင်ထောက်ပံ့မှုကို ဘယ်လိုထိန်းသိမ်းရမယ် ဆိုတာတွေကို သေချာစဉ်းစားနေကြောင်း သောကြာနေ့က ပြောကြားခဲ့ပါတယ်။
PTTEP ဟာ တနင်္လာနေ့မှာတော့ နောက်ထပ်မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့သလို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့ လုပ်ငန်း-MOGE ကလည်း မှတ်ချက်ပေးဖို့ တောင်းဆိုချက်ကို ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။
Total Energies ကတော့ သူ့ရဲ့မြန်မာမှာပိုင်ဆိုင်ထားမှုတွေအတွက် PTTEP က အလိုလို ရွေးချယ်မှုဖြစ်ပြီး ထိုင်းကုမ္ပဏီနဲ့လည်း အဆက်အသွယ်ရှိနေကြောင်း ပြောပါတယ်။ ဒီကိစ္စ Chevron ကတော့ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။
စွမ်းအင်လုပ်ငန်း ကုမ္ပဏီကြီးနှစ်ခုဖြစ်တဲ့ Total Energies နဲ့ Chevron တို့ဟာ မြန်မာနိုင်ငံကနေ ထွက်ခွာတော့မယ်လို့ သောကြာနေ့က ကြေညာခဲ့ပေမယ့်လည်း တခြားကုမ္ပဏီတွေက သူတို့ရဲ့လုပ်ငန်းတွေကို လွှဲပြောင်းယူသွားမှာဖြစ်လို့ စစ်အုပ်စုဟာ သဘာဝဓာတ်ငွေ့ကနေ ဝင်ငွေ ဆက်လက်ရရှိနေမှာဖြစ်တယ်လို့ HRW က ပြောကြားခဲ့ပါတယ်။
မြန်မာစစ်တပ်ကို ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုအသစ်တွေဟာ စစ်တပ်အုပ်ချုပ်မှုကို ထောက်ခံတဲ့ နိုင်ငံခြားငွေပေးချေမှုတွေကို ပိတ်ဆို့မထားဘူးဆိုရင် မြန်မာစစ်တပ်ဟာ သဘာဝဓာတ်ငွေ့နဲ့ တခြားတူးဖော်ရေးကဏ္ဍတွေကနေ ကြီးမားများပြားတဲ့ ၀င်ငွေတွေကို ဆက်လက်ကောက်ယူသွားမှာဖြစ်တယ်လို့လည်း လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ (HRW) က အင်္ဂါနေ့မှာ ပြောပါတယ်။
အာဏာသိမ်းထားပြီး တစ်နှစ်နီးပါး ကြာလာချိန်မှာ မြန်မာစစ်အုပ်စုဟာ ကြောက်စရာကောင်းတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆက်လက် ကျူးလွန်နေတယ်လို့ HRW ရဲ့ အာရှစည်းရုံးရေး ဒါရိုက်တာ ဂျွန်ဆစ်ဖ်တွန်က အလေးပေး ပြောကြားခဲ့ပါတယ်။
အစိုးရတွေကနေ စစ်ခေါင်းဆောင်တွေအပေါ် သိသာထင်ရှားတဲ့ ငွေကြေးဆိုင်ရာဖိအားတွေမပေးရင် စစ်ခေါင်းဆောင်တွေဟာ သူတို့ရဲ့ ရက်စက်ကြမ်းကြုတ်မှုနဲ့ ဖိနှိပ်မှုကနေ ရှောင်လွှဲသွားမှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။
အမေရိကန်၊ ဥရောပသမဂ္ဂ၊ ယူကေ၊ ဂျပန်နဲ့ တခြားသက်ဆိုင်ရာ အစိုးရတွေဟာ သဘာဝဓာတ်ငွေ့ ၀င်ငွေတွေအားလုံးကို ပိတ်ဆို့အရေးယူဖို့ ဘုံရပ်တည်ချက်တစ်ရပ်ကို ချမှတ်သင့်တယ်လို့လည်း HRW က ဆိုပါတယ်။
မြန်မာနိုင်ငံမှာ ကျန်ရှိနေသေးတဲ့ အဓိက စွမ်းအင်ကုမ္ပဏီနှစ်ခုဖြစ်တဲ့ ထိုင်းအစိုးရပိုင် PTT နဲ့ တောင်ကိုရီးယားရဲ့ POSCO တို့ဟာ ဒီအစီအမံတွေအတွက် သူတို့ရဲ့ထောက်ခံမှုကို အချက်ပြသင့်တယ်လို့လည်း ဆိုပါတယ်။
မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့ စီမံကိန်းတွေဟာ စစ်အုပ်စုအတွက် နှစ်စဉ် နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၁ ဘီလီယံကျော် ရရှိပြီး သူ့ရဲ့ အကြီးဆုံးသော တစ်ခုတည်းသော နိုင်ငံခြားဝင်ငွေရင်းမြစ်ဖြစ်ပါတယ်။
အဲ့ဒီငွေတွေကို မြန်မာ့ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်း (MOGE) နဲ့ ပြည်ပနိုင်ငံတွေမှာ စစ်တပ်ထိန်းချုပ်ထားတဲ့ တခြားဘဏ်အကောင့်စာရင်းတွေဆီ အမေရိကန် ဒေါ်လာနဲ့ ပေးပို့နေတာဖြစ်ပြီး အများစုမှာ ထိုင်း သို့မဟုတ် တရုတ်နိုင်ငံကို ပိုက်လိုင်းနဲ့ သဘာဝဓာတ်ငွေ့တင်ပို့မှုကို အခကြေးငွေတွေ၊ အခွန်တွေ၊ ခံစားခွင့် (ခိုင်ကြေး) စတဲ့ ဝင်ငွေပုံစံမျိုးတွေနဲ့ ပေးပို့နေတာဖြစ်တယ်လို့ HRW က ဆိုပါတယ်။
စစ်အုပ်စုက ဆက်ပြီး ငွေရှာနေသရွေ့ မြန်မာပြည်ကနေ စွမ်းအင်ကုမ္ပဏီ ထွက်ခွာခြင်းဟာ အချက်ပြခြင်းသက်သက်ပဲ လို့လည်း ဂျွန်ဆစ်ဖ်တွန်က ဆိုပါတယ်။
အမေရိကန်နဲ့ အီးယူတို့ဟာ လူ့အခွင့်အရေးတိုးတက်မှု ရှိလာဖို့ဆိုရင် စစ်အုပ်စုအပေါ် အမှန်တကယ် စီးပွားရေး သက်ရောက်မှုရှိစေမယ့် အစီအမံတွေ ချမှတ်ဖို့ အရေးတကြီး လိုအပ်နေကြောင်းလည်း ပြောသွားပါတယ်။
ကိုးကား- Reuters/South Korea News
Photo- PTTEP