မေ ၃ ရက်နေ့ ကုလသမဂ္ဂမှာ ကျင်းပတဲ့ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးမှာ တရုတ်ကိုယ်စားလှယ် ချင်းယွင်က “မြန်မာပြည်ကို စီးပွားရေးဒဏ်ခတ်ပိတ်ဆို့မှုတွေ မလုပ်ကြပါနဲ့ အကျိုးမရှိပါဘူး၊ အာစီယံအဖွဲ့ရဲ့ ကြိုးပမ်းမှုတွေကို လေးစားလိုက်နာ အသိအမှတ်ပြုသင့်ပါတယ်၊ လွဲမှားတဲ့ စွက်ဖက်မှုတွေ ပြုလုပ်ရင် မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်သွားနိုင်တယ်” လို့ သတိပေးစကား ပြောကြားသွားပါတယ်။
ဒီလို တရုတ်ကိုယ်စားလှယ်ကြီးက မြန်မာပြည်မှာ ပြည်တွင်းစစ်ဖြစ်မှာကို စိုးရိမ်သလိုလို ပြောလိုက်တာ အတော်ပြောင်မြောက်တဲ့ နိုင်ငံရေးပြက်လုံးတခုပါပဲ။ မြန်မာပြည်မှာ ပြည်တွင်းစစ် ဖြစ်နေခဲ့တာ နှစ်ပေါင်း ၇၀ ကျော်ခဲ့ပါပြီ။ ကမ္ဘာမှာ အရှည်ကြာဆုံးပြည်တွင်းစစ်လို့ ပညာရှင်များက အသိအမှတ်ပြုခဲ့ကြပါတယ်။ ဒီလို ပြည်တွင်းစစ် ရှည်ကြာရတာ ပထဝီစစ်ရေးအရ တရုတ်ပြည်လို ကျယ်ပြန့်လို့ မဟုတ်ပါဘူး။ ပြည်တွင်းစစ်ဟာ ရေရှည်စစ်ဖြစ်နေရတာ မြန်မာစစ်တပ်နဲ့ တရုတ်ရဲ့ ‘မီးစတဖက် ရေမှုတ်တဖက်’ မူဝါဒတွေကြောင့်ပဲ ဖြစ်ပါတယ်။
၁၉၅၅ ခုနှစ်က ဗမာပြည်ကွန်မြူနစ်ပါတီက ‘ငြိမ်းချမ်းရေးညွန့်ပေါင်းအစိုးရ’ ဖွဲ့ဖို့ မြန်မာအစိုးရကို ဆွေးနွေးဖို့ ကမ်းလှမ်းခဲ့ပါတယ်။ ဒါကလည်း တရုတ်ရဲ့ ‘ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ရေး မူကြီး (၅) ရပ်’ ချမှတ်ထားချိန်ဖြစ်လို့၊ ဗကပက ကမ်းလှမ်းခဲ့ရတာပါ။ ဒါပေမဲ့ ‘ဗကပကို အမြစ်ဖြုတ် အပြုတ်တိုက်ရေး’ ကိုင်စွဲထားတဲ့ ဗိုလ်နေဝင်း စစ်တပ်ရဲ့ ကန့်ကွက်မှုကြောင့် ဦးနုအစိုးရကလည်း ငြိမ်းချမ်းရေး မလုပ်ရဲခဲ့ပါဘူး။ ဗိုလ်နေဝင်းကတော့ ‘အောင်မာဃ စစ်ဆင်ရေးကြီး’ နဲ့ ဗကပကို တုံ့ပြန် အဖြေပေးခဲ့ပါတယ်။ ဒီတော့လည်း ငြိမ်းချမ်းရေးအစား စစ်အနိုင်တိုက်ရေး ဖြစ်လာခဲ့ကြပြန်ပါတယ်။
၁၉၆၇ ခုနှစ် တရုတ်ပြည်မှာ မော်စီတုန်း ဦးဆောင်ဆင်နွှဲတဲ့ ယဉ်ကျေးမှုတော်လှန်ရေး ဂယက်ရိုက်ခတ်မှုကြောင့် မြန်မာပြည်မှာ တရုတ်-ဗမာ လူမျိုးရေး အဓိကရုဏ်းတွေဖြစ်ပြီး၊ တရုတ်လူမျိုးတွေ သတ်ဖြတ်လုယက်ခံခဲ့ကြရပါတယ်။ တချိန်ထဲမှာ ပဲခူးရိုးမမှာလည်း အဲဒီယဉ်ကျေးမှုတော်လှန်ရေးရဲ့ အစွန်းရောက်မူဝါဒတွေ ကျင့်သုံးရင်း အချင်းချင်း ‘ဖြုတ်၊ ထုတ်၊ သတ်’ ပွဲတွေ အကြီးအကျယ် ဆင်နွှဲခဲ့ပါတယ်။ ဒီနောက်တော့ ဥက္ကဋ္ဌသခင်သန်းထွန်း လုပ်ကြံခံရပြီး၊ ပဲခူးရိုးမနဲ့ ပြည်တွင်းအခြေခံစခန်းတွေ ပြုတ်သွားခဲ့ပါတယ်။
တရုတ်ပြည်က ကျုံးနန်ဟိုင် အစိုးရခန်းမထဲမှာ သခင်သန်းထွန်း ကျဆုံးလို့ ငိုကြီးချက်မ ဖြစ်နေတဲ့ သခင်ဘသိန်းတင်ကို ဝန်ကြီးချုပ်ချူအင်လိုင်းကိုယ်တိုင်က ကျောသပ် ဖျောင်းဖျချခဲ့ရပါတယ်။
အကျိုးဆက်ကတော့ ဗိုလ်နေဝင်းစစ်တပ်ကို တုံ့ပြန်လက်စားချေ နှိပ်ကွပ်ဖို့ တရုတ်က ဗကပကို အရှေ့မြောက်စစ်ဒေသကြီး ဖွင့်လှစ်စေခဲ့ပါတယ်။ တရုတ်-မြန်မာနယ်စပ်ဒေသရှိ ရှမ်း၊ ကချင်၊ ကိုးကန့်၊ ‘ဝ’ လူမျိုးတွေကို တရုတ်စစ်လက်နက်တွေ ခြေဆုံး ခေါင်းဆုံး တပ်ဆင်ပေးပြီး၊ တရုတ်စစ်အကြံပေးတွေ ဦးဆောင်တိုက်စေခဲ့ပါတယ်။ အင်အားသောင်းချီရှိတဲ့ အမည်ခံ ဗကပတပ်နဲ့ နှစ်စဉ် တိုက်ပွဲရာချီ တိုက်ခဲ့လို့ ဗိုလ်နေဝင်းကိုယ်တိုင် တရုတ်ပြည် ပီကင်းသွားပြီး မေတ္တာရပ်ခံ ဝန်ချတောင်းပန်ခဲ့ရပါတယ်။
၁၉၈၀ ပြည့်နှစ် ခေါင်းဆောင်ကြီး တိန့်ရှောင်ဖင် တက်လာချိန်မှာတော့ တရုတ်ရဲ့မူဝါဒတွေ ပြောင်းလဲသွားခဲ့တယ်။ တရုတ်က တော်လှန်ရေးတင်ပို့မှု မလုပ်တော့ဘူး၊ ညီအစ်ကိုပါတီ မထားတော့ဘူး၊ အစိုးရချင်းပဲ ဆက်ဆံတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီမူဝါဒအရ နှစ်ပေါင်း နှစ်ဆယ် တည်တံ့ခဲ့တဲ့ အရှေ့မြောက်စစ်ဒေသကြီးကို ထောက်ပံ့မှုရပ်ဆိုင်းလိုက်ပြီး တရုတ်တွေ အားလုံးကို ပြန်ခေါ်သွားပါတော့တယ်။
တရုတ် လေမှုတ်သွင်းထားတဲ့ ဗကပတော်လှန်ရေး ပူဖောင်းကြီးလည်း ‘ရှူး’ဆို ပိန်လိန် ပြားချပ်သွားပါတော့တယ်။ ၁၉၈၉ ခုနှစ် သင်္ကြန်ကာလမှာတော့ ‘ဝ’၊ ရှမ်း၊ ကချင် စတဲ့ ဖိနှိပ်ခံလူမျိုးပေါင်းစုံရဲ့ ပုန်ကန်အုံကြွမှုကြောင့် ဗကပတွေ တရုတ်ပြည်ထဲ ထွက်ပြေး ခိုလှုံသွားကြပါတယ်။ တရုတ်ကလည်း ရှင်းပါတယ်။ ဗကပခေါင်းဆောင်တွေကို နိုင်ငံရေးမလုပ်ရ ဆိုတဲ့ ကန့်သတ်ချက်နဲ့ ရာသက်ပန် ခိုလှုံခွင့်ပေးထားလိုက်ပါတယ်။
တချိန်တည်းမှာ ငြိမ်းချမ်းရေးရယူပြီး စီးပွားရေးတည်ဆောက်ချင်ကြတဲ့ ‘ဝ'အဖွဲ့ (UWSA)၊ မိုင်းလား (NDAA)၊ ကိုးကန့် (MNDAA) နဲ့ ဇခုံတိန့်ယင်းရဲ့ (KDA) တို့ကို တရုတ်က လက်နက် ရောင်းချရင်း ဩဇာခံအင်အားစုများအဖြစ် စည်းရုံးသိမ်းသွင်းထားခဲ့ပါတယ်။ စစ်အစိုးရအပေါ် လုံးဝ ယုံကြည်စိတ်ချမှုမရှိတဲ့ ဒီအင်အားစုတွေကလည်း တရုတ်အပေါ် နိုင်ငံရေး၊ စစ်ရေး၊ စီးပွားရေးအရ မှီခိုရပ်တည်နေကြပါတယ်။
ပင်လုံငြိမ်းချမ်းရေးညီလာခံမှန်သမျှ တရုတ်ကိုယ်စားလှယ် ဆွန်ကော့ရှန်ကိုယ်တိုင် ခေါင်းဆောင် တက်ရောက်ခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒီအဖွဲ့တွေဟာ စစ်ကောင်စီ အာဏာသိမ်းပြီးနောက်ပိုင်းမှာ တရုတ်ရဲ့မူဝါဒအတိုင်း ကြားနေ ရပ်တည်ပြနေကြတာပါ။ တရုတ်က စစ်ခရာသံ တချက်ပေးလိုက်တာနဲ့ အပြေးတက် တိုက်ကြမယ့် အဖွဲ့တွေပါ။
ချုပ်ပြောရရင် မြန်မာပြည်ရဲ့ ပြည်တွင်းစစ်ပြဿနာဆိုတာ တရုတ်ရဲ့ လက်ခုပ်ထဲက ရေပါ။ သွန်လိုသွန် မှောက်လိုမှောက်လို့ ရပါတယ်။ မြန်မာပြည်ရဲ့ ပြည်တွင်းစစ်နဲ့ ငြိမ်းချမ်းရေးဆိုတာ စင်စစ်အားဖြင့် တရုတ်က လိုသလို ရေလဲသုံးနိုင်တဲ့ ‘မီးစတဖက် ရေမှုတ်တဖက်’ သာ ဖြစ်ပါတယ်။
မင်းရဲကျော်စွာ
ဖော်ဝါရီလ ၁ ရက်နေ့ စစ်ကောင်စီ အာဏာသိမ်းချိန်ကစပြီး မြန်မာနှစ်ဆန်း ၁ ရက်နေ့အထိ အာဏာသိမ်းမှုကို အကြမ်းမဖက်ငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြတဲ့ ပြည်သူ ၇၃၀ ကျော် လောက် အာဏာသိမ်း စစ်ကောင်စီလုံခြုံရေးတပ်ဖွဲ့တွေရဲ့ အကြမ်းဖက်ဖြိုခွဲ သတ်ဖြတ်မှုကြောင့် ကျဆုံးခဲ့ရပြီး ၃၀၀၀ ကျော်ဖမ်းဆီးထောင်ချခံနေရပါတယ်။
ဒီလိုအာဏာသိမ်းစစ်ကောင်စီရဲ့ ရက်စက်ရိုင်းပြစွာ ဖိနှိပ်သတ်ဖြတ်နေမှုကို ကမ္ဘာကြီးက ဝိုင်းဝန်းကန့်ကွက်နေကြပေမယ့် တားဆီးပိတ်ပင်နိုင်စွမ်း မရှိခဲ့ကြပါဘူး။ ဒီလိုဆိုးဝါးလှတဲ့ မြန်မာနိုင်ငံမှာ တရားမဲ့သတ်ဖြတ်ဖမ်းဆီးမှုပြဿနာကို ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ၃ ကြိမ်တိုင် တံခါးပိတ်ဆွေးနွေးခဲ့ပေမယ့် ထိရောက်စွာ တားဆီးနိုင်တဲ့ဆုံးဖြတ်ချက် တစုံတရာ မချမှတ်နိုင်ခဲ့ကြပါဘူး။
အဓိကအားဖြင့် ဗီတိုအာဏာသုံးစွဲကန့်ကွက်နိုင်တဲ့ တရုတ်နဲ့ရုရှားနိုင်ငံတွေရဲ့ ပယ်ချနေမှုကြောင့်ဖြစ်ပါတယ်။ တပြည်လုံးကို အင်အားသုံးပြီး တရားဝင် ရွေးကောက်တင်မြှောက်ခံထားရတဲ့ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ခေါင်းဆောင်တွေကို ဖမ်းဆီးဖယ်ရှားပစ်လိုက်တဲ့ အနေအထားကို တရုတ်ရဲ့ကန့်ကွက်မှုကြောင့် “စစ်အာဏာသိမ်းမှု” လို့တောင် လုံခြုံရေးကောင်စီက မသုံးစွဲရဲခဲ့ပါဘူး။
တရုတ်ရဲ့သဘောထားက မြန်မာပြည်မှာ စစ်ကောင်စီရဲ့ အာဏာလွှဲပြောင်းရယူမှုဟာ ပြည်တွင်းရေးပြဿနာဖြစ်လို့ ဘယ်ပြင်ပနိုင်ငံတွေကမှ ဝင်ရောက်စွက်ဖက်စရာမလိုဘူး။ ပြည်တွင်းမှရှိတဲ့ စစ်ကောင်စီနဲ့ NLD ပါတီု့အချင်းချင်းပဲ ညှိနှိုင်း ဆွေးနွေးဖြေရှင်းကြဖို့ လိုအပ်တယ်။ တရုတ်ပြည်အနေနဲ့ စစ်ကောင်စီနဲ့ရော NLD ပါတီနဲ့ပါ ကောင်းမွန်တဲ့ဆက်ဆံရေး ရှိနေလို့ ဘယ်ဘက်ကမှ မပါဘူး။ ကြားဝင်စွက်ဖက်မှုမပြုဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ အညီ နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်း ဖြေရှင်းသွားကြဖို့ပဲ လိုပါတယ်။ နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာအာဏာပိုင်မှုကို လေးစားလိုက်နာရမယ်လို့ သဘောထားတင်ပြခဲ့ပါတယ်။
ဒါပေမဲ့ တရုတ်ကပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်တွေ့အားဖြင့် စစ်ကောင်စီကချိုးဖောက်ခဲ့ပြီး ဖြစ်ပါတယ်။ အခြေခံဥပဒေနဲ့ မညီညွတ်ဘဲ စစ်အင်အားသုံး၊ တပြည်လုံးကို အာဏာသိမ်းလိုက်တာဖြစ်ပါတယ်။ နိုင်ငံတော်ကို သစ္စာဖောက်ဖျက် ပုန်ကန်ပြီး စစ်အင်အားနဲ့ အချုပ်အခြာအာဏာကို လုယက်သိမ်းပိုက်တာဖြစ်ပါတယ်။ ဒီလိုမတရားအာဏာ သိမ်းပိုက်မှုကိုကန့်ကွက်ဆန့်ကျင်တဲ့ သန်းပေါင်းများစွာသော ပြည်သူတွေရဲ့ ငြိမ်းချမ်းစွာဆန္ဒပြမှုကို တရားလက်လွတ် လမ်းပေါ်မှာ အိမ်ထဲမှာ ကလေးလူကြီးမကျန် ရက်စက်စွာ ပစ်ခတ်သတ်ဖြတ် နှိမ်နင်းနေကြခြင်းဖြစ်ပါတယ်။
ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်နေတဲ့ ပြည်သူတွေကို စစ်ဆင်လုယက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီကို တရုတ်က ဘာကြောင့် အခုလို သဲကြီးမဲကြီး ခုခံကာကွယ်ပေးနေရပါသလဲ။
အိန္ဒိယသမုဒ္ဒရာမှာ ထွက်ပေါက်ရှာနေတဲ့ တရုတ်အတွက် မဟာဗျူဟာကျတဲ့ မြန်မာပြည်ကို စိုးမိုးခြယ်လှယ်ခွင့်ရရေးဟာ သူ့ရဲ့လမ်းကြောင်းတကြောင်း၊ ရပ်ဝန်းတခု (OBOR) ကမ္ဘာလုံးဖြန့်ကြက်စိုးမိုးရေးစီမံကိန်းကြီးအတွက် အလွန်အခရာကျပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ တက်လာတဲ့အစိုးရမှန်သမျှကို ခါးပိုက်ထဲထည့်နိုင်ဖို့ အစွမ်းကုန်ကြိုးပမ်းခဲ့ပါတယ်။ စစ်အစိုးရ အဆက်ဆက်နဲ့ လည်ပင်းဖက် ပေါင်းသင်းခဲ့သလို၊ အရပ်သားတပိုင်း NLD အစိုးရနဲ့လည်း ပူးပေါင်းဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ NLD အစိုးရထက်စာရင် စစ်အစိုးရတွေနဲ့ပူ ပူးပေါင်းဆောင်ရွက်ရတာ တရုတ်အတွက် လိုတရ မဟာသြဿဓဆေး ကိုမှီဝဲရသလိုပါပဲ။ မြန်မာပြည်ကလိုချင်တာမှန်သမျှ ရနိုင်ပါတယ်။ မိန်းမတောင် ဖဲပေါင်ရိုက်တဲ့ စစ်အစိုးရတွေကလည်း တရုတ်ကိုလာပါ၊ လာပါ၊ ပေါက်ဖော်ကြီးရဲ့ဆိုပြီး ခြင်ထောင်လှန်ဖိတ်ခေါ်နေတာပါ။
ဒီလိုအခြေအနေတွေအောက်မှာ ဧရာဝတီကို ရောင်းစားတဲ့ မြစ်ဆုံစီမံကိန်းကြီး ပေါ်ပေါက်ခဲ့ရတာပါ။ မြစ်ဆုံစီမံကိန်းကို စစ်အစိုးရတွေ လက်ထက်မှာ တရုတ်ကို ရောင်းစားခဲ့တာပါ။ ဘယ်လောက်ပေါပေါပဲပဲနဲ့ ထိုးရောင်းခဲ့သလဲဆိုတာကို အမျိုးသားသင့်မြတ်ရေး NLD အစိုးရတောင် ပြည်သူလူထုကို ချမပြရဲခဲ့ပါဘူး။
NLD အစိုးရကလည်း တရုတ်နဲ့ OBOR စီမံကိန်း စာချုပ်တွေချုပ်ဆိုခဲ့ရပါတယ်။ ဒါပေမဲ့ NLD အစိုးရရဲ့ စီမံကိန်းအကောင်အထည်ဖော်မှုတွေ နှေးကွေးလေးလံလွန်းလို့ တရုတ်အစိုးရ အတော်စိတ်ပျက် ငြီးငြူခဲ့ရပါတယ်။ ဒေါ်လာ ၇ ဒသမ ၅ ဘီလီယံတန် ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကြီးကို NLD အစိုးရက ၁ ဒသမ ၅ ဘီလီယံသာလုပ်မယ်ဆိုပြီး လျှော့ချဖြတ်တောက်လိုက်ချိန်မှာတော့ တရုတ်အစိုးရ ဒေါသယမ်းအိုးကြီး ပေါက်ကွဲသွားခဲ့ရပါပြီ။
ပညာရှင်တချို့ရဲ့ကောက်ချက်ကတော့ အဲ့ဒီအချိန်မှာ တရုတ်က ဆွန်ကော့ရှန်ဟာ AA ကို ရခိုင်ဘက်ကြိုးဖြေလွှတ်ပေးလိုက်တယ်လို့ ဆိုခဲ့ကြပါတယ်။ ဒီလိုအခြေအနေနဲ့ အတွေ့အကြုံ အရပ်ရပ်အောက်မှာ တရုတ်က စစ်ကောင်စီဘက်က ရပ်ခံကာကွယ်ပေးနေတာ မဆန်းပါဘူး။၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆက်လက်အသိအမှတ်ပြုပြီး ဆွေးနွေးညှိနှိုင်းဖြေ ရှင်းရေး၊ တရုတ်ရဲ့လမ်းကြောင်းဟာလည်း ဘယ်တော့မှ ဖြစ်မြောက်လာဖွယ်မရှိပါဘူး။
ပြည်သူသန်း ၅၀ ကျော်ရဲ့ တိုက်ပွဲဝင်မျှော်မှန်းချက်ဟာ စစ်အာဏာရှင်စနစ် အပြီးတိုင် မြေမြုပ်သင်္ဂြိုဟ်ရေး ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံသစ်ထူထောင်ရေးသာ ဖြစ်ပါတယ်။
မင်းရဲကျော်စွာ