ရန်ကုန်၊ တောင်ဥက္ကလာပမြို့နယ်၊ City Mart ဈေးဝယ်စင်တာအနီး ဇွန် ၈ ရက် ဒီကနေ့မနက် ၈ နာရီခွဲလောက်က မော်တော်ယာဉ် ၅ စီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့လို့ အမျိုးသမီးတွေအပါအဝင် ၃ ဦးဒဏ်ရာရသွားပြီး ကားတွေလည်း ဆိုးဆိုးရွားရွား ပျက်စီးသွားပါတယ်။
City Mart ဈေးဝယ်စင်တာရှေ့ရှိ မေတ္တာလမ်း မီးပွိုင့်ကို အရှိန်နဲ့ ဖြတ်ကျော်လာတဲ့ Mark ll ယာဉ်က ရှေ့မီးပွိုင့်တခုဖြစ်တဲ့ အောင်ရတနာမီးပွိုင့်မှာ ရပ်ထားတဲ့ ယာဉ်တွေကို ဆင့်တိုက်ခဲ့တာဖြစ်ပါတယ်။
ယာဉ်တိုက်မှုက အရှိန်ပြင်းလွန်းတဲ့အတွက် အတိုက်ခံရတဲ့ ယာဉ်တွေမှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့တာကိုတွေ့ရပါတယ်။
ယာဉ်တိုက်သူဟာ အရက်သေစာ၊ မူးယစ်ဆေးဝါးသုံးစွဲထားပုံရပြီး ထွက်ပြေးတာလည်းရှိခဲ့လို့ ရပ်ကွက်နေပြည်သူတွေက လိုက်လံဖမ်းဆီးခဲ့တယ်လို့ ယာဉ်တိုက်မှုဖြစ်ပွားတဲ့နေရာကို ရောက်နေတဲ့ မျက်မြင်တွေ့သူတဦးက ပြောပါတယ်။
ယာဉ်တိုက်မှုကြောင့် ဒဏ်ရာရသွားတဲ့ အမျိုးသမီး တယောက်နဲ့ အမျိုးသား နှစ်ယောက်တို့ကို သင်္ဃန်းကျွန်းစံပြဆေးရုံသို့ ပို့ဆောင်ထားရပြီး အမျိုးသား နှစ်ယောက်ရဲ့ ဒဏ်ရာ စိုးရိမ်ရတယ်လို့ သိရပါတယ်။
အောင်ရတနာ မီးပွိုင့်အနီးမှာ မေ ၂၆ ရက်ကလည်း ယာဉ်လေးစီး ဆင့်တိုက်မှု ဖြစ်ပွားခဲ့ပါတယ်။ ကားအဝင်အထွက်များတဲ့ City Mart ဈေးဝယ်စင်တာနဲ့ အောင်ရတနာပုဂ္ဂလိက ဆေးရုံကြားက မီးပွိုင့်မှာ ယာဉ်ထိန်းရဲ ပုံမှန်လာရောက်ကြီးကြပ်တာ မရှိတော့ဘဲ စစ်ကောင်စီလမ်းကြောင်းရှိမှသာ လာရောက်ကြတာဖြစ်တယ်လို့ အနီးနားနေကြသူတွေက ပြောပါတယ်။
ရန်ကုန်၊ မရမ်းကုန်းမြို့နယ်၊ သမိုင်းလမ်းဆုံ City Mart ရှေ့ ယာဥ်ထိန်းရဲရုံး အနီး အောက်တိုဘာ ၁၁ ရက် ဒီနေ့ မွန်းလွဲ ၁ နာရီခွဲလောက်က ဗုံးပေါက်ကွဲပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
“ယာဥ်ထိန်းရဲရုံးမှာ စစ်ကောင်စီတပ်ဖွဲ့တွေ နေ့စဥ် လုံခြုံရေးယူလေ့ရှိပြီး အနီးအနား Food panda ပို့တဲ့ လူငယ်တွေလည်းရှိတယ်။ ပေါက်ကွဲသံအကျယ်ကြီး နှစ်ခါကြားလိုက်ရတယ်။ Food panda ပို့တဲ့ကောင်းလေးလည်း ဒဏ်ရာရသွားတယ်”လို့ မရမ်းကုန်းမြို့နယ်နေ ဒေသခံ မျက်မြင်တဦးက ပြောပါတယ်။
ပေါက်ကွဲမှု ဖြစ်ပြီးနောက် သမိုင်းလမ်းဆုံမီးပွိုင့်အနီး လမ်းလေးခွဆုံကို စစ်ကောင်စီတပ်တွေ လမ်းပိတ်ဆို့ရှာဖွေစစ်ဆေးနေပါတယ်။
မြို့နယ်အသီးသီးက PDF အဖွဲ့တွေကတော့ စစ်ဆင်ရေးအရှိန်မြှင့်လုပ်ဆောင်မှာဖြစ်လို့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့အနီးကပ်မနေကြဖို့ မလိုအပ်ပဲ အပြင်ထွက်တာမျိုးမလုပ်ဖို့နဲ့ CCTV တွေဖြုတ်ထားကြဖို့ သတိပေးပြောဆိုထားပါတယ်။