ကရင်နီဒေသမှာရှိတဲ့ စစ်ဘေးရှောင်စခန်းတွေကို ရွေ့လျားဆေးခန်း (Mobile Clinic) အခမဲ့ ကုသတာနဲ့ အခြေခံလိုအပ်ချက်တွေကို Clean Yangon အဖွဲ့က ဖြည့်ဆည်းပေးနေတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။
တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကရင်နီပြည်နယ်ထဲက စစ်ဘေးရှောင်စခန်းတွေက သက်ကြီးရွယ်အို တွေ ကလေးငယ်တွေနဲ့ကိုယ်ဝန်ဆောင်မိခင်တွေအတွက် ကျန်းမာရေးပိုင်းဆိုင်ရာအဆင်ပြေစေဖို့ ရည်ရွယ်ပြီး ရွေ့လျားဆေးခန်းကို တပတ်မှာ ၃ ရက်ကနေ ၄ ရက်အထိ သွားရောက် ကုသပေးတယ်လို့ Clean Yangon ကတာဝန်ရှိသူ ကိုဇေယျာထွန်းက ပြောပါတယ်။
ကရင်နီပြည်နယ်ထဲမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် အခမဲ့ ရွေ့လျားဆေးခန်း ပြုလုပ်ပေးတာအပြင် စားနပ်ရိက္ခာမျှဝေတာ ပညာရေးဆိုင်ရာ အထောက်အကူပြုတာနဲ့ နေထိုင်ဖို့အိမ်တွေဆောက်လုပ်ပေးတာအပါအဝင် ကလေးငယ်တွေအတွက်လည်း စိတ်ဓာတ် ခွန်အား မျှဝေပေးတာနဲ့ အာဟာရဒါန ကျွေးမွေးတောတွေ ပြုလုပ်ပေးနေတယ်လို့ သိရပါတယ်။
ကရင်နီပြည်နယ်မှာ စစ်ဘေးရှောင် ကလေးငယ်အများစုဟာလည်း စိတ်ဒဏ်ရာတွေရနေတဲ့အတွက် စိတ်ပိုင်းဆိုင်ရာ ကုစားမှုတွေကို ပြုလုပ်ပေးဖြစ်တယ်လို့ Clean Yangon မှ မသဥ္ဇာအေးက ပြောပါတယ်။
လက်ရှိမှာတော့ စစ်ဘေးရှောင် အရေအတွက်တစ်သိန်းကျော်ထိ ကူညီပေးခဲ့ပြီး တစ်အိမ်ထောင် ကို ပျမ်းမျှ ငွေကျပ် ၂၀၀၀၀ နှုန်းနဲ့ ဆန်၊ ဆီ ၊ဆား၊ ရိက္ခာနဲ့ အသုံးပြုဖို့ရေကိုလည်း စစ်ရှောင်စခန်းတွေကို လှူဖြစ်တယ်လို့ သိရပါတယ်။
စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ကရင်နီပြည်နယ်က စစ်ဘေးရှောင်ပြည်သူ ၂ သိန်းကျော်ရှိနေပြီး ရေရှားပါးမှုကြောင့် အရေပြားရောဂါဖြစ်ပွားမှုဒဏ်ကိုလည် ကြုံတွေ့ နေရတယ်လို့ သိရပါတယ်။
စစ်ဘေးရှောင်ဒေသတွေအတွက် စားနပ်ရိက္ခာလိုအပ်ချက်တွေကို ကူညီထောက်ပံ့ပေးနိုင်ဖို့ လူတယောက်ကို ငွေကျပ် တသောင်းအလှူကမ်ပိန်းမှာ Clean Yangon အဖွဲ့က တဆင့် ပါဝင်လှူဒါန်းနိုင်ကြောင်း နှိုးဆော်ထားပါတယ်။
လတ်တလောမှာတော့ နိုင်ငံဒေသအနှံ့ တိုးပွားလာနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေ အတွက် စားနပ်ရိက္ခာလိုအပ်ချက်က ကြီးမားနေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းယူခဲ့တာကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ နွေဦးတော်လှန်ရေးကာလဟာ ၁၀ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။
ဒီကာလတွေအတွင်း အကြမ်းဖက်ဖြိုခွင်းမှုတွေကြောင့် ထိခိုက်ကျဆုံးရသူတွေ၊ ဖမ်းဆီးထောင်ချခံရသူတွေနဲ့အတူ နိုင်ငံအဝန်း တောရောမြို့ပါမကျန် ဒေသခံပြည်သူ့ကာကွယ် ရေး တပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြားတိုက်ပွဲတွေလည်း ပြင်းထန်နေခဲ့တာပါ။
ဒီတိုက်ပွဲတွေကြောင့် အိုးပစ်အိမ်ပစ် နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရတဲ့ စစ် ဘေးရှောင် ဒုက္ခသည်တွေဟာလည်း တနေ့တခြား ပိုမိုများပြားလာနေပါတယ်။
Clean Yangon အဖွဲ့ကတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့အတူ ရန်ကုန်မြို့တော် သာယာလှပရေးနဲ့ သန့်ရှင်းရေးအတွက် စွန့်ပစ်အမှိုက် အသိပညာပေးရေးလှုပ်ရှားမှုတွေနဲ့ ထင်ရှားပြီး ကိုဗစ်-၁၉ ကပ်ဘေးကာလ ကူညီကယ်ဆယ်ရေးလုပ်ငန်း တွေမှာလည်း တစိုက်မတ်မတ် လှုပ်ရှားခဲ့တဲ့ အဖွဲ့တဖွဲ့ ဖြစ်ပါတယ်။
လတ်တလောမှာတော့ မတရားအာဏာသိမ်းကာလ အကြမ်းဖက်စစ်ကောင်စီတပ်တွေနဲ့ ဒေသခံတွေကြား ပဋိပက္ခတွေကြောင့် နေရပ်ဒေသအသီးသီးက ထွက်ပြေးတိမ်းရှောင်နေကြရတဲ့ စစ်ဘေးရှောင်ပြည်သူတွေအတွက် လိုအပ်တဲ့ တထောင့်တနေရာကနေ ပံ့ပိုး ကူညီမှုတွေ တစိုက်မတ်မတ် လုပ်ဆောင်နေတာ ဖြစ်ပါတယ်။
Photo Credit- Clean Yangon