close

CNA

close

March 22, 2023

ဖလမ်းနှင့် မတူပီမြို့နယ်တို့တွင် စစ်ကောင်စီစစ်ကြောင်းများ နေ့စဉ်ရက်ဆက် တိုက်ခိုက်ခံနေရ

ချင်းပြည်နယ် ဖလမ်းမြို့နယ်မှာ မတ် ၁၂ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး သေဆုံးဒဏ်ရာရရှိသူ များပြားကာ လက်နက်ခဲယမ်းတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ချင်းအမျိုးသားအဖွဲ့ချုပ် (CNO) က မတ် ၂၁ ရက်မှာ ထုတ်ပြန်ပါတယ်။

ကလေးမြို့နယ်ကနေ ချင်းပြည်နယ် ဖလမ်းမြို့နယ်ကို တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို မတ် ၁၂ ရက်နေ့က ဗာလုံကျေးရွာအကျော်မှာ တိုက်မိုင်းနဲ့ တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၁ ယောက်သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CNO ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီစစ်ကြောင်းကို မတ် ၁၄ ရက်နေ့မနက်ကလည်း ဇောင်လေးကျေးရွာအလွန်မှာ ၂ ကြိမ် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၄ ယောက်လွင့်ထွက်သွားပြီး ၁၂ ဘီကား ၁ စီးလည်း သုံးမရအောင်ပျက်စီးသွားလို့ လမ်းမှာချန်ထားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဇောင်လေးကျေးရွာနဲ့ ထင်ရှူးစခန်းကြားမှာလည်း မတ် ၁၄ ရက် ညနေ ၅ နာရီလောက်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၄၅ မိနစ်လောက်ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်က ၈ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ပါရ်သဲကျေးရွာနားမှာလည်း မတ် ၁၇ ရက်နေ့ ညနေ ၄ နာရီ ၄၅ မိနစ်လောက်က စစ်ကောင်စီစစ်ကြောင်းကို ချုံခိုတိုက်ခိုက်ခဲ့သလို ည ၇ နာရီလောက်မှာလည်း ထပ်မံတိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၃ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

ပါရ်သဲ ကျေးရွာအကျော်မှာ မတ် ၁၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၄၀ မိနစ်လောက်ကနေ ညနေ ၄ နာရီခွဲအထိ ၃ ကြိမ်ဖြတ်တောက်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ၅ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီစစ်ကြောင်းကို ကြောင်ဟဲနဲ့ စီဇာမွာလ်ကျေးရွာကြားမှာလည်း မတ် ၁၉ ရက်နေ့က ပဒေသာရှေ့ထွက်မိုင်း ၇ လုံးအပြင် လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့လို့ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးသူရှိနိုင်ပေမယ့် အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီတိုက်ပွဲတွေအတွင်းကနေ စစ်ကောင်စီစစ်ကြောင်းဆီက ကျည်ဆန် ၁၇၀ တောင့်၊ လက်ပစ်ဗုံး၊ နင်းမိုင်နဲ့ အီနာဂါဗုံးသီးတွေ သိမ်းဆည်းရရှိခဲ့တယ်လို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုတွေကို ချင်းအမျိုးသားတပ်ဦး (CNA) နဲ့ CDF Hualngorm တို့နဲ့အတူ ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆိုပါတယ်။

အဲဒီစစ်ကြောင်းဟာ ကလေး-ဖလမ်းလမ်းမကြီးတလျှောက်က ကျေးရွာတွေကို ဝင်ရောက်မွှေနှောက်ပြီး အဖိုးတန်ပစ္စည်းတွေနဲ့ ငွေကြေးတွေကို ခိုးယူကာ အိမ်မွေးတိရစ္ဆာန်တွေကိုလည်း စိတ်ကြိုက် သတ်ဖြတ်စားသောက်ခဲ့ကြတယ်လို့ ပြောပါတယ်။

ဖလမ်း-ဟားခါးလမ်းမကြီးမှာလည်း မတ် ၂၁ ရက်နေ့ကစပြီး တိုက်ပွဲတွေ ထပ်မံဖြစ်ပွားလာနိုင်တာကြောင့် ပြည်သူတွေအနေနဲ့ အဲဒီလမ်းပိုင်းကို လုံးဝအသုံးမပြုကြဖို့ သတိပေး တားမြစ်ထားပါတယ်။

ချင်းပြည်နယ် မတူပီမြို့နယ်မှာလည်း မတ် ၂၀ ရက်နဲ့ ၂၁ ရက်နေ့တွေမှာ ရိက္ခာတွေလာပို့တဲ့ စစ်ကောင်စီစစ်ကြောင်း တိုက်ခိုက်ခံရပြီး ၁၂ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီကနေ သိရပါတယ်။

မတူပီ-ပလက်ဝလမ်းပေါ်က ထယ်ဘွေးစခန်းကို စားနပ်ရိက္ခာလာဖြည့်တဲ့ စစ်ကောင်စီ ခလရ ၃၀၄ တပ်ရင်းက ကား ၃ စီးနဲ့ အင်အား ၈၀ လောက်ပါတဲ့ စစ်ကောင်စီစစ်ကြောင်းကို မတူပီ-ပလက်ဝလမ်း ၆ မိုင်မှာ မတ် ၂၀ ရက် မနက် ၁၀ နာရီလောက် စောင့်ကြို တိုက်ခိုက်ခဲ့တယ်လို့ CDF-မတူပီရဲ့ ပြန်ကြားရေးတာဝန်ခံ ဆလိုင်းချင်းက ဒီဗွီဘီကို ပြောပါတယ်။

ဒါ့အပြင် အဲဒီစစ်ကြောင်းကို မွန်းလွဲ ၁ နာရီလောက်က ၇ မိုင်နဲ့ ၈ မိုင်ကြားမှာ ၁ ကြိမ်တိုက်ခိုက်ခဲ့ ပြီး မတ် ၂၁ ရက် မနက် ၉ နာရီခွဲလောက်ကလည်း ၉ မိုင်နဲ့ တွီရှစ်ရွာအဝင်မှာ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုတွေအတွင်းမှာ စစ်ကောင်စီဘက်က ၁၂ ယောက် သေဆုံးခဲ့ကာ CDF-မတူပီက ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ ဆလိုင်းချင်းက ပြောပါတယ်။

မတူပီ-ဟားခါးလမ်းပေါ်မှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီရဲ့ ဗျူဟာတပ်စခန်းက လက်နက်ကြီးတွေနဲ့ ရမ်းကားပစ်ခတ်တာကြောင့် မတူပီ-ပလက်ဝ လမ်းပေါ်က ဝလီပီကျေးရွာကို ကျရောက်ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

မတူပီမြို့နယ်မှာ မတ် ၁၄ ရက်နေ့ ညနေပိုင်းကလည်း စစ်ကောင်စီစစ်ကြောင်းတိုက်ခိုက်ခံရပြီး ၁၀ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ CDF-မတူပီကနေ သိရပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်တွေမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေအနေကို ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်ထားတာ မတွေ့ရသေးပါဘူး။

1 min Ago

February 4, 2022

“ပြည်သူလူထုသာ အင်အားအကြီးမားဆုံး စွမ်းအားပါ။” ကုလအထူးကိုယ်စားလှယ် နိုလင်းဟေဇာ

CNA အင်တာဗျူးနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုချက်တွေအပေါ် ကုလသမဂ္ဂအ ထူးကိုယ်စားလှယ်ရဲ့   တုံ့ပြန်ဖြေကြားချက်။ 

စစ်ကာပူအခြေစိုက် ချန်နယ်နယူးအေးရှား (CNA) ရုပ်သံနဲ့ အမေးအဖြေ တွေ့ဆုံမေးမြန်းရာမှာ ပြောကြားခဲ့တဲ့  အငြင်းပွားစရာ မှတ်ချက်စကားတွေအပေါ် ကန့်ကွက်ဝေဖန်ပြောဆိုမှုတွေ ထွက်ပေါ်နေပါတယ်။ ဒါနဲ့ ပတ်သက်ပြီး DVB သတင်းဌာန ပေးပို့ထားတဲ့ မေးခွန်းတချို့ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့  မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ် ဒေါက်တာ နိုလင်းဟေဇာက ရှင်းလင်း ဖြေကြားထားပါတယ်။

မေး - ပထမဆုံးအနေနဲ့ ဖေဖေါ်ဝါရီလ၂ရက်နေ့ကထုတ်လွှင့်တဲ့ ချန်နယ်နယူးအေးရှားမှာ ရုပ်သံမေးမြန်းသူ မေဝမ်ကို ဖြေကြားခဲ့တဲ့ အာဏာခွဲဝေမှုဆိုတဲ့ မှတ်ချက်စကားအပေါ်မှာ ရှင်းလင်းပြောပြပေးစေချင်ပါတယ်။​ ရုပ်သံမေးခွန်းမေးသူက အာဏာခွဲဝေမှုဆိုတဲ့ အယူအဆကို စတင်သုံးနှုန်းလိုက်တာကိုလဲ တွေ့ရပါတယ်။ ပြီးတော့ ဒေါက်တာ နိုလင်းဟေဇာကလည်း အာဏာခွဲဝေမှုဆိုတာ ဘယ်လိုပုံမျိုးဖြစ်လာနှိုင်မလဲဆိုတာ ညှိနှိုင်းဆွေးနွေးကြဖို့ သက်ဆိုင်သူ အစုအဖွဲ့တွေအားလုံးကို ရည်ညွှန်း ဖြေဆိုခဲ့ပါတယ်။ ဒါဟာ အာဏာခွဲဝေမှုဆိုတဲ့အယူအဆအပေါ် မတော်တဆ အရိပ်အမြွက်ပြောဆိုမိတာမျိုးလား။ 

ဖြေ - မြန်မာနိုင်ငံတွင်း အခြေအနေက အသည်းအသန်စိုးရိမ်စရာ အနေအထား ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်မှုတွေ ချက်ခြင်းရပ်တန့်ဖို့လိုနေပါတယ်။ ဒီလိုအခြေအနေမျိုးမှာ အာဏာခွဲဝေမှု စကားလုံးဟာ ပြင်းထန်တဲ့ တုံ့ပြန်မှုတွေ ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် စစ်အာဏာသိမ်းပြီး တနှစ်အကြာမှာ ယိုယွင်းကျဆင်းလာနေတဲ့အခြေအနေနဲ့ ဆက်လက်ဖြစ်ပေါ်နေတဲ့ သတ်ဖြတ်မှုတွေနဲ့ ဆိုင်ပါတယ်။  

ရုပ်သံမေးခွန်းတခုထဲမှာ နိုင်ငံရေးပြဿနာကိုဖြေရှင်းမှုအနေနဲ့ အာဏာခွဲဝေမှုဆိုတဲ့စကားလုံးကို ကျမက အစပျိုးခဲ့ အကြံပြုတင်ပြခဲ့ဖူးသလိုလို လက်ရှိအခင်းအကျင်းနဲ့ အစပ်အဟပ် ကင်းကွာသွားသလိုမျိုး ထင်မှတ်စရာဖြစ်ခဲ့တာက ကံမကောင်းအကြောင်းမလှတာတခုပါ။ ကျမရှင်းပြပါရစေ။ 

ပြီးခဲ့တဲ့ ၂၀၂၁ ဖေဖေါ်ဝါရီလနှောင်းပိုင်း စစ်အာဏာသိမ်းပြီးခါစအချိန် ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ အထူးကိုယ်စားလှယ်အဖြစ် ကျမကို မခန့်အပ်ခင်အချိန်မှာ အာရှငြိမ်းချမ်းရေးနဲ့ ရင်ကြားစေ့ရေးကောင်စီ APRC က ဉီးဆောင်ကျင်းပတဲ့ အွန်လိုင်းဆွေးနွေးပွဲတခုမှာ​တုန်းက စစ်တပ်ဟာ အရပ်သားအစိုးရဆီက အာဏာသိမ်းလိုက်တဲ့အခြေအနေကနေ ဖြစ်နိုင်ခြေရှိမယ့် ထွက်ပေါက်တွေ အကြောင်း ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။ အဲဒီချိန်က အာဏာခွဲဝေမှုဆိုတာ ရွေးချယ်စရာတွေထဲက တခုအဖြစ် ကျမအပါအဝင် ဆွေးနွေးပွဲတက်ရောက်သူတွေ အကြားမှာ ဆွေးနွေးတင်ပြခဲ့ကြဖူးပါတယ်။ မြန်မာနိုင်ငံအကျပ်အတည်းအတွက် အဖြေရဖို့ ဗျုဟာတွေကို လွတ်လပ်စွာရှာဖွေကြတဲ့အချိန်မှာ လွန်ခဲ့တဲ့ ၁၂ လလောက်တုန်းက အာဏာခွဲဝေမှုဆိုတဲ့စကားလုံးကို ကိုယ့်ပုဂ္ဂလိကသဘောထားအနေနဲ့ သုံးစွဲခဲ့ဖူးပါတယ်၊​ အဲဒီချိန်မှာ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် အနေနဲ့မဟုတ်သေးဘူးဆိုတာကို မီးမောင်းထိုး အထူးပြုပြောချင်ပါတယ်။      

အဲဒီရုပ်သံမေးခွန်းကို ပြန်ဖြေဆိုခဲ့မိတာအတွက် စိတ်မကောင်းလဲဖြစ်ရပါတယ်၊ တောင်းပန်ပါတယ်။ ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ်တယောက်အနေနဲ့ ကျမဟာ အာဏာခွဲဝေမှုဆိုတဲ့ စကားလုံးကို ဘယ်တုန်းကမှ မသုံးစွဲခဲ့ဖူးဘူးဆိုတာကိုတော့ အလေးအနက် တင်ပြချင်ပါတယ်။  

မေး- ချန်နယ်နယူးအေးရှားရုပ်သံအင်တာဗျူးမှာ မြန်မာစစ်တပ်က ထိန်းချုပ်ထားနိုင်တဲ့အကြောင်းလဲ ပြောခဲ့သေးတယ်နော်။​ လေ့လာသုံးသပ်သူတွေ ချေပပြောဆိုနေကြတာက စစ်တပ်ဟာ ထိန်းချုပ်နိုင်တဲ့ အခြေအနေမပြောနဲ့ ထိန်းမနိုင်သိမ်းမရဖြစ်နေတယ်၊​ အရင်ထက် ပိုထိန်းချုပ်နိုင်စွမ်းကင်းမဲ့လာနေတယ်။ စစ်တပ်ဟာ ထိန်းချုပ်နိုင်နေတယ်လို့ ပြောလိုက်တာဟာ ဘယ်လို အနက်အဓိပ္ပာယ်မျိုး ဆိုလိုချင်တာပါလဲ။ 

ဖြေ - ကျမရည်ရွယ်ပြောလိုရင်းက စစ်တပ်ဟာ စစ်လက်နက်ပစ္စည်းတွေအသုံးပြုမှု အပါအဝင် စစ်တပ်အင်အားတွေကို ထိန်းချုပ်ထားတယ်ကို ရှင်းပြချင်တာပါ။ ဒါကြောင့်လဲ ကြမ်းကြုတ်ရက်စက်မှုတွေ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို မြန်မာပြည်သူလူထု ရင်ဆိုင်နေရတာပါ။ စစ်တပ်ကို တရားဝင် အသိအမှတ်ပြုမှုပေးအပ်သလိုမျိုး ခုခံတော်လှန်ရေးလှုပ်ရှားမှုရဲ့ အရှိန်အဟုန်ကို မသိကျိုးကျွန်ပြုတာမျိုး ဆိုလိုချင်တာမဟုတ်ပါဘူး။​ 

စစ်တပ်ရဲ့ ဖိနှိပ်မှု အကြမ်းဖက်မှုတွေကို ရပ်ဆိုင်းစေဖို့လိုအပ်ပါတယ်။ စစ်တပ်ရဲ့ တရားဝင် အခန်းကဏ္ဍဟာ ပြည်သူ့ဆန္ဒကို အခြေခံပြီး ပြည်သူလူထု အသက်မွေးမှုနဲ့ ပြည်သူ့ဘဝတွေကို ကာကွယ်စောင့်ရှောက်ဖို့ပါ။  

သေချာတာကတော့ အခုလိုချိန်မှာ ဘယ်သူကမှ အလုံးစုံ ထိန်းချုပ်နိုင်ပြီဆိုတဲ့ အနေအထားမဟုတ်ပဲ ပြည်သူလူထုသာ ဆက်လက် နာကျင်ခံစားနေကြရတာပါ။ ကိုဗစ် ၁၉ ရောဂါကူးစက်မှုတွေ မြင့်တက်လာနိုင်တဲ့အချိန်မျိုး နိုင်ငံသားတွေအားလုံး အတူတကွ ကူးစက်ရောဂါကို ဝိုင်းဝန်းတိုက်ဖျက်ကြရမယ့် အခြေအနေမျိုးမှာ ပြည်သူ့ကျန်းမာရေးစောင့်ရှောက်မှုက ပြိုကျပျက်စီးနေတယ် လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှုတွေ အပါအဝင် လက်ရှိစစ်ဆင်ရေး တိုက်ခိုက်မှုတွေကြောင့် လူသားချင်းစာနာမှု အကျပ်အတည်းက ပိုမိုဆိုးရွားလာတယ်။ အမျိုးသမီးတွေနဲ့ ကလေးတွေကို ဆိုးဆိုးရွားရွား ထိခိုက်စေပါတယ်။    

မေး - မြန်မာနိုင်ငံက အရပ်ဖက်အဖွဲ့အစည်းပေါင်း ၂၄၇ ဖွဲ့လောက်က CNA ရုပ်သံအင်တာဗျူးထဲက အဓိက အချက် ၃ ချက်လောက်ကို ဝေဖန်ကန့်ကွက်ကြပါတယ်။ စစ်တပ်နဲ့ စေ့စပ်ဆွေးနွေးဖို့ ဆိုတာရယ်၊ အာဏာခွဲဝေမှုဆိုတဲ့ စဉ်းစားချက်ရယ်၊ စစ်တပ်က ထိန်းချုပ်ထားတယ်ဆိုတဲ့ ဖေါ်ပြချက်တွေပါ။​ အဲဒီလို ချဉ်းကပ်မှုတွေက စစ်တပ်ကကျုးလွန်မှုတွေမှာ အပြစ်ကင်းလွတ်ခွင့် ဆက်လက်ရရှိစေတယ်။ မတရားကျူးလွန်ခံရသူပြည်သူလူထုရဲ့ တရားမျှတမှုရရှိရေးနဲ့ နစ်နာကြေးရရှိရေးတွေကို ကွယ်ပျောက်သွားစေတယ်လို့ အရပ်ဖက်အဖွဲ့အစည်းတွေက ထောက်ပြကြပါတယ်။ 

ဖြေ - လက်ရှိနိုင်ငံရေးပြဿနာ လူ့အခွင့်အရေးချိုးဖေါက်မှုပြဿနာ လူသားချင်းစာနာမှု အကျပ်အတည်းတွေအတွက် စစ်အစိုးရဟာအဖြေမဟုတ်ဘူးဆိုတာရယ်၊ စစ်အစိုးရဟာ ဆက်လက်ပြီး ရက်စက်ကြမ်းကြုတ်နေလိမ့်မယ်။ စစ်အစိုးရဟာ စေ့စပ်ဆွေးနွေးဖို့ထိ ယုံကြည်လောက်စရာမရှိဘူးဆိုတဲ့ စိုးရိမ်ချက်တွေကို ဖေါ်ပြထားတဲ့ ကြေညာချက်တွေကို ဖတ်ရပါတယ်။ အဲဒီတင်ပြချက်တွေကို ကျမ အလေးအနက် မှတ်သားပါတယ်။ တကယ်တော့ အရပ်ဖက်အဖွဲ့အစည်းတချို့က သူတို့ရဲ့ သုံးသပ်ရှုမြင်ချက်တွေကို ကျမဆီကိုလဲ တိုက်ရိုက်ပေးပို့ထားကြပါတယ်။ ကျမတကယ်ပဲ တန်ဖိုးထားပါတယ်။ သူတို့အသံတွေကို ပိုပြီးနားထောင်ဖြစ်ဖို့လဲ ရှိပါတယ်။ တချို့အဖွဲ့အစည်းတွေက ကျမနဲ့ဆွေးနွေးချင်ပါတယ်လို့ ပြောလာကြပြီး ကျမဘက်ကလဲသဘောတူထားပါတယ်။  

မေး - အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအချင်းချင်းထဲမှာ အဓိကနိုင်ငံရေး အကျပ်အတည်းတွေကို ဘယ်တုန်းကမှ ပြေလည်အောင် ဖြေရှင်းမပေးနိုင်ခဲ့ဖူးတဲ့ အာဆီယံအဖွဲ့အစည်းကို မြန်မာ့အရေး ကယ်တင်ရှင်လို ရွေးချယ်ရတာက ဘယ်လိုဖြစ်ရတာပါလဲ။ တခြားအာဆီယံအဖွဲ့ဝင်နိုင်ငံတနိုင်ငံရဲ့ ပြည်တွင်းရေးရာကို ဝင်ရောက်ဖြေရှင်းပေးလိုစိတ်တွေဖြစ်လာတဲ့ထိ ဒီအဖွဲ့ကြီးထဲမှာ လတ်တလော အပြောင်းအလဲ တစုံတခုရှိနေပြီလား။​ 

ဖြေ - မြန်မာနိုင်ငံရဲ့ အကျပ်အတည်း အတိုင်းအဆနဲ့ ပြင်းထန်တဲ့ ဒေသတွင်းအရှုပ်အထွေးတွေကို ကျယ်ပြန့်လာစေတဲ့ နာကျင်ခံစားရမှုတွေက အင်အားကောင်းတဲ့ ဒေသတွင်းတုံ့ပြန်မှုတွေ လိုအပ်ပါတယ်။​ မြန်မာဟာ အာဆီယံအဖွဲ့ကြီးရဲ့ အရေးပါတဲ့ အဖွဲ့ဝင်နိုင်ငံတခုပါ။ ဒါကြောင့်လဲ အာဆီယံ ဉီးဆောင်နိုင်ငံတွေက တာဝန်ယူဖြေရှင်းဖို့ အချက် ၅ ချက်ပါသဘောတူညီချက်ကို ထုတ်ပြန်ခဲ့ကြတာပါ။ 

မြန်မာ့အကျပ်အတည်းကိုဖြေရှင်းဖို့ သူတို့ရဲ့ချဉ်းကပ်မှုကို ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေကလဲ အခိုင်အမာ ထောက်ခံခဲ့ကြပါတယ်။ လုံခြုံရေးကောင်စီအဖွဲ့ဝင်နိုင်ငံတွေရဲ့ နောက်ဆုံးကြေညာချက်မှာဆိုရင်လဲ မြန်မာနိုင်ငံသားတွေရဲ့ လူမှုဘဝနဲ့ အကျိုးစီးပွားအတွက် ငြိမ်းချမ်းစွာ ညှိနှိုင်းအဖြေရှာနှိုင်ရေးအတွက် အာဆီယံအဖွဲ့ကြီးရဲ့ အခန်းကဏ္ဍအပေါ် အပြည့်အဝထောက်ခံအားပေးမှုကို ထပ်လောင်းအတည်ပြုခဲ့ကြပါတယ်။ အာဆီယံအဖွဲ့ကြီးရဲ့ အချက် ၅ ချက်ပါ သဘောတူညီချက်ကို အပြည့်အဝ အလျင်အမြန် အကောင်အထည်ဖေါ်ဖို့ သူတို့ရဲ့တောင်းဆိုချက်ကိုလဲ ထပ်မံဖေါ်ပြခဲ့ကြပါတယ်။  

အဲဒီ လတ်တလောကြေညာချက်မှာပဲ မြန်မာနိုင်ငံရဲ့ သက်ဆိုင်သူအစုအဖွဲ့အားလုံးနဲ့ လေးလေးနက်နက် ထိတွေ့ဆက်ဆံဖို့ ကူးလူးဆက်သွယ်နေနိုင်ဖို့ ကျမရဲ့ အခန်းကဏ္ဍကိုလဲ အထူးအသားပေးဖေါ်ပြခဲ့ကြပါတယ်။ ကျမအနေနဲ့ အာဆီယံအဖွဲ့ကြီးနဲ့ ပူးပေါင်းဆောင်ရွက်ရေးကိုလဲ ထောက်ခံအားပေးခဲ့ကြပါတယ်။ ကျမ အထပ်ထပ်ပြောခဲ့ဖူးသလိုပါပဲ၊​ ဒါတွေဟာ မြန်မာပြည်သူတွေရဲ့ သဘောထားဆန္ဒနဲ့ တသားထဲထပ်တူကျဖို့လဲ လိုအပ်ပါတယ်။ 

ဒေသတွင်းနိုင်ငံတွေရဲ့ တညီတညွတ်တည်း ကြိုးပမ်းမှုကို အခြေခံတဲ့ နိုင်ငံတကာတုံ့ပြန်မှု အင်အားကောင်းကောင်းလိုအပ်နေတယ်ဆိုတာ ပိုထင်ရှားလာအောင် ကျမတင်ပြနေခဲ့ပါတယ်။ ကနဉီးကတည်းက အာဆီယံခေါင်းဆောင်တွေနဲ့ ကျမ နီးနီးကပ်ကပ် အဆက်အသွယ်ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေ အထူးသဖြင့် ထိခိုက်ခံစားရဆုံးသူတွေ အသည်းအသန်လိုအပ်နေတာတွေကို ဖြေရှင်းပေးဖို့ မြန်မာပြည်တွင်းအခြေအနေ နောက်ထပ်ပိုမိုဆိုးရွားတဲ့အဆင့်မရောက်ရအောင် ပူးပေါင်းဆောင်ရွက်ဖို့ မဆိုင်းမတွအရေးယူဆောင်ရွက်ကြဖို့လဲ တိုက်တွန်းနေခဲ့ပါတယ်။ မြန်မာပြည်သူတွေရဲ့ ဆန္ဒသဘောထားနဲ့ ထပ်တူကျပြီး ပါဝင်သင့်သူအားလုံးပါဝင်မယ့် မြန်မာတွေပဲ ဉီးဆောင်တဲ့ လုပ်ငန်းစဉ်တွေကို အထောက်အကူပြုရာမှာ အာဆီယံအဖွဲ့ကြီးနဲ့ အနီးကပ်လက်တွဲ ဆောင်ရွက်ဖို့ကို ကုလသမဂ္ဂအဖွဲ့ကြီးကလဲ စိတ်ပိုင်းဖြတ်ထားပါတယ်။​    

မေး - ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်တယောက်အနေနဲ့ စစ်ပွဲတွေ စစ်ဘေးရှောင်ဘဝတွေ ငတ်မွတ်ခေါင်းပါးမှုတွေ COVID-19 ရောဂါကူးစက်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖေါက်မှုတွေကို ဆိုးဆိုးရွားရွားရင်ဆိုင်နေကြရတဲ့ မြန်မာပြည်သူတွေကို ဘယ်လိုသတင်းစကား ပြောပြချင်တာရှိမလဲ။ 

ဖြေ -နောက်ဆုံးတနေ့မှာတော့ ပြည်သူလူထုသာ အင်အားအကြီးမားဆုံး စွမ်းအားပါ။ တရားမျှတမှု ညီညွတ်မှု ဒီမိုကရေစီနဲ့ ငြိမ်းချမ်းရေးအတွက် မြန်မာပြည်သူတွေရဲ့ ပြင်းပြတဲ့ စိတ်ဆန္ဒကို ထောက်ပံ့အားပေးဖို့ကသာ အထူးကိုယ်စားလှယ်အနေနဲ့ ကျမရဲ့ အခန်းကဏ္ဍပါ။​ သူတို့အသံတွေကို နားထောင်ခွင့်ပြုကြဖို့ မြန်မာနိုင်ငံသားတွေကို ကျမရိုကျိုးစွာခွင့်တောင်းပါတယ်။ ရှင်တို့အတွက် ဘယ်လိုအကောင်းဆုံး​ ထောက်ပံ့ကူညီနိုင်မလဲဆိုတာ ကျေးဇူးပြုပြီး ပြောပြပေးကြပါ။​ 

Photo Credit- Bangkok Forum

1 year Ago
Up