close

COP26

close

November 6, 2021

ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံတွင် မြန်မာ့သစ်တောအကြောင်း မှတ်တမ်းရုပ်ရှင်ပြ (ရုပ်သံ)

ယူကေနိုင်ငံမှာ ကျင်းပနေတဲ့ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုင်ရာထိပ်သီးညီလာခံ (COP26 )မှာ မြန်မာနိုင်ငံရှိ ဒေသခံတိုင်းရင်းသားတွေရဲ့ သစ်တောများ ကာကွယ်စောင့်ရှောက်ရေးလုပ်ငန်းစဉ် အကြောင်း ရိုက်ကူးထားတဲ့ မှတ်တမ်းရုပ်ရှင်တိုကို  နိုဝင်ဘာ ၅ ရက်က ပြသခဲ့တယ်လို့ ယူကေ သံရုံးကနေ သိရပါတယ်။

အဆိုပါ ရုပ်ရှင်ဟာ ယခင်စစ်အစိုးရလက်ထက်က ဖြစ်ပွားခဲ့တဲ့ ပမာဏကြီးမားတဲ့ သစ်တောပြုန်းတီးမှုတွေကြောင့်  သစ်တောတွေကို ပြန်လည်စီမံခန့်ခွဲထိန်းသိမ်းရာမှာ ဒေသခံတိုင်းရင်းသားအသိုက်အဝန်းတွေရဲ့ အခန်းကဏ္ဍအရေးပါပုံကို မီးမောင်းထိုးပြထားပြီး အမျိုးသားညီညွတ်ရေးအစိုးရမှ ဒေါက်တာတူးခေါင်နဲ့ ကရင်အမျိုးသား သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးပညာရှင် စောပေါလ်စိန်ထွားတို့က သူတို့ရဲ့ အတွေးအမြင်တွေကို ဝေမျှခဲ့ကြတယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝန်း လူပေါင်း ၁ ဒသမ ၆ ဘီလီယံကျော်ဟာ ၎င်းတို့ရဲ့ အသက်မွေးဝမ်းကျောင်းအတွက် သစ်တောတွေကို မှီခိုအားထားနေရတာဖြစ်ပြီး COP26 ညီလာခံမှာ ယူကေနဲ့ တခြားမိတ်ဖက်အလှူရှင်တွေက ဒေသခံတိုင်းရင်းသားပြည်သူတွေရဲ့ သစ်တောမြေအခွင့်အရေးကို ပံ့ပိုးကူညီဖို့နဲ့ သစ်တောဆုံးရှုံးမှုနဲ့ မြေယာပျက်စီးမှုကို ၂၀၃၀ ခုနှစ် နောက်ဆုံးထားပြီး ရပ်တန့်ဖို့ ကမ္ဘာ့နိုင်ငံပေါင်း ၁၀၀ ကျော်က နိုင်ငံခေါင်းဆောင်တွေက ကတိပြုခဲ့ကြတယ်လို့ သိရပါတယ်။

ကမ္ဘာ့ရာသီဥတုဆိုင်ရာထိပ်သီးညီလာခံ COP 26 ကို   အောက်တိုဘာ ၃၁ ကစပြီး နိုဝင်ဘာ ၁၂ ရက်အထိ ယူကေနိုင်ငံက အိမ်ရှင်အဖြစ် စကော့တလန်၊ ဂလပ်စ်ဂေါမြို့မှာ ကျင်းပနေတာဖြစ်ပါတယ်။

ဒီညီလာခံ တက်ရောက်ဖို့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့ဟာ စကော့တလန်၊ ဂလပ်စ်ဂေါမြို့ကို ရောက်လာပေမဲ့ ညီလာခံကျင်းပရေး ကော်မတီက အစည်းအဝေး တက်ခွင့်မပေးခဲ့ဘူးလို့ NUG သယံဇာတနဲ့သဘာဝပတ်ဝန်း ကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဒေါက်တာတူးခေါင်က ပြောပါတယ်။

ဒီညီလာခံမှာ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိစ္စတွေကို  ကိုင်တွယ်ဖြေရှင်းဖို့ နိုင်ငံတကာခေါင်းဆောင်တွေ၊ ရာသီဥတုဆိုင်ရာ ကျွမ်းကျင်သူတွေနဲ့ တက်ကြွလှုပ်ရှားသူတွေ တက်ရောက်ကြပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညှိနှိုင်းပူးပေါင်းဆောင်ရွက်မှုကို သဘောတူညီဖို့ ဆွေးနွေးခဲ့ကြတာပါ။

3 days Ago

ကုလရာသီဥတုညီလာခံသို့ တက်ကြွလှုပ်ရှားသူများက ကီလို ၄၀၀၀ ရှိ ရေခဲတုံးပေးပို့

စကော့တလန်နိုင်ငံ Glasgow မှာ ကျင်းပမယ့် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ COP 26 အတွက် 4000 ကီလိုဂရမ် အလေးချိန်ရှိတဲ့ ရေခဲတုံးကြီးကို Arctic Basecamp လို့ အမည်ရတဲ့ သိပ္ပံနည်းကျ တက်ကြွလှုပ်ရှားသူအဖွဲ့ကနေ ပေးပို့လိုက်ပါတယ်။ 

အနီးနားရှိ အစည်းအဝေးခန်းတွေမှာ အမြဲပူနွေးနေတဲ့ အပူချိန်ကို ရပ်တန့်ဖို့ သဘောတူညီချက် ရရှိအောင် ကြိုးစားနေတဲ့ ညှိနှိုင်းဆွေးနွေးသူတွေဆီ ကမ္ဘာလုံးဆိုင်ရာ မိုးလေဝသစနစ်တွေအတွက် အာတိတ်ရေခဲတွေရဲ့ အရေးပါမှုကို မီးမောင်းထိုးပြတဲ့အနေနဲ့ ပေးပို့တာလို့ ဆိုပါတယ်။ 

အဲ့ဒီအတွက် သတင်းစကားကတော့ ရာသီဥတု အရေးပေါ်အခြေအနေအရ ဒီရေခဲတုံးကြီးဟာ တကယ့်အခြေအနေအစစ်အမှန်ရဲ့ ထိပ်ပိုင်းလေးလောက်သာ ရှိသေးကြောင်း ပြောချင်တာလို့ ဆိုပါတယ်။ 

ဒီရေခဲတုံးကို အိုက်စလန်ကိုဖြတ်ပြီး ဂရင်းလန်းကနေ အင်္ဂလန်အရှေ့ဘက်ကမ်းရိုးတန်းကို သင်္ဘောတတန်၊ စကော့တလန်အထိ ထရပ်ကားနဲ့ ပို့ခဲ့တာဖြစ်ပါတယ်။ 

အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ အာတိတ်ဒေသဟာ ပိုလာဝက်ဝံတွေအတွက် သတင်းဆိုးတစ်ခုတင်မဟုတ်ဘဲ နိုင်ငံတွေနဲ့ နေရာတိုင်းမှာရှိတဲ့ လူ့အဖွဲ့အစည်းတွေအတွက် သတင်းဆိုးဖြစ်တယ်လို့ Arctic Basecamp တည်ထောင်သူ ပရော်ဖက်ဆာ Gail Whiteman က ရိုက်တာကို ပြောပါတယ်။ 

အာတိတ်မှာ ဆီးနှင်းနဲ့ ရေခဲတွေ ဆုံးရှုံးခဲ့မယ်ဆိုရင် ကမ္ဘာကြီးပူနွေးလာမှုကို ၂၅ ရာခိုင်နှုန်းကနေ ၄၀ ရာခိုင်နှုန်းအထိ တိုးမြင့်လာစေမှာ ဖြစ်ပါတယ်။ 

ဒါကြောင့် ဒါဟာ ကြီးမားတဲ့ တွန်းအားတွေ ထုပ်ပိုးထားတဲ့ ဂေဟဒေသတစ်ခုဖြစ်ပြီး ဒီနေရာက စေ့စပ်ညှိနှိုင်းသူတွေဟာ အာတိတ်နဲ့ အမှန်တကယ် မျက်နှာချင်းဆိုင်ရမယ်လို့ ခံစားခဲ့ရတာကြောင့် ရေခဲတုံးကို ယူလာခဲ့တာလို့လည်း ဆိုပါတယ်။ 

လာမယ့်သီတင်းပတ်ကုန်မှာ စေ့စပ်ညှိနှိုင်းမှုတွေ ဘယ်လိုပဲရှိရှိ ဒီရေခဲတောင်ဟာ ဆက်လက် အရည်ပျော်သွားမှာဖြစ်ပြီး၊ သဘောတူညီချက်ကောင်းတစ်ခု ရခဲ့မယ်ဆိုရင်တော့ တခြား ရေခဲတောင်တွေ အရည်ပျော်တာကို ရပ်တန့်သွားမှာပါ လို့ Whiteman က ပြောပါတယ်။

သူတို့အုပ်စုဟာ အရည်ပျော်နေတဲ့ ရေခဲရေသန့်တစ်ဘူးကို တံဆိပ်တပ်ထားပြီး  bottled warning လို့ခေါ်တဲ့ သတင်းစကားတခုကိုလည်း COP ကို တင်ပြထားပါတယ်။ 

သုတေသနပြုထားချက်အရ ဂရင်းလန်းရေခဲလွှာကနေ တစ်စက္ကန့်မှာ ဒီပုလင်းပေါင်း သန်း ၇၀ လောက် အရည်ပျော်နေကြောင်းကို သတင်းစကားပါးတာ လို့ ဆိုပါတယ်။

3 days Ago

October 3, 2021

ရာသီဥတုပြောင်းလဲမှုဒဏ် အခံရဆုံးနိုင်ငံများကို တနှစ် ဒေါ်လာ ဘီလီယံ ၁၀၀ ကူညီရန် သဘောတူ

ဗြိတိန်နိုင်ငံ၊ ဂလပ်စ်ဂေါမြို့မှာ ကျင်းပတဲ့ COP26 ကုလသမဂ္ဂ ရာသီဥတုဆိုင်ရာ ထိပ်သီးညီလာခံကို တက်ရောက်လာမယ့် ကိုယ်စားလှယ်တွေက ရာသီဥတု ပြောင်းလဲမှုဒဏ် အခံရဆုံးနိုင်ငံတွေကို ကူညီဖို့ တနှစ်ကို အမေရိကန် ဒေါ်လာ ဘီလီယံ ၁၀၀ ပေးဖို့ ကတိကို သဘောတူလိုက်ကြပြီလို့ COP26 ရဲ့ ဥက္ကဋ္ဌ အားလက်ခ်ရှာမာက အောက်တိုဘာ ၂ ရက်မှာ ပြောပါတယ်။

COP26 ရာသီဥတု ညီလာခံမတိုင်ခင် အီတလီနိုင်ငံမှာ ကျင်းပတဲ့ အကြိုဆွေးနွေးပွဲတွေအပြီးမှာ ရှာမာက ပြောလိုက်တာပါ။

ကမ္ဘာ့အပူချိန် ၁ ဒသမ ၅ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပိုမပူလာရေး ထိန်းထားဖို့ လုပ်နိုင်တာတွေနဲ့ နိုင်ငံအဆင့် ရာသီဥတု စီမံကိန်းတွေအရ တစုတစည်းတည်း လုပ်ဖို့လိုတာတွေကို သဘောတူခဲ့ကြတယ်လို့လည်း ရှာမာက ပြောပါတယ်။

ဒီညီလာခံဟာ  စက်မှုခေတ်မတိုင်ခင်ကထက် အပူချိန် ၂ ဒီဂရီ ဆဲလ်စီးယပ်စ်ထက် ပိုမပူရေး ကမ္ဘာကြီးပူနွေးမှုကို ထိန်းချုပ်ကန့်သတ်ထားဖို့ ၂၀၁၅ ပါရီ သဘောတူညီချက်မှာ လက်မှတ်ရေးထိုးထားတဲ့ နိုင်ငံပေါင်း ၂၀၀ နီးပါးဆီက ရည်မှန်းချက်ကြီးတဲ့ လုပ်ဆောင်ချက်တွေ ပိုသေသေချာချာ လုပ်စေဖို့ ရည်မှန်းထားပါတယ်။

1 month Ago
Up