စစ်တပ်ထောက်ခံချီတက်ပွဲကို သတင်းယူခဲ့ပြီးနောက်ဖမ်းဆီးခံနေရတဲ့ သတင်းထောက် ကိုသူရိန်ကျော်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့နဲ့ သူ့ကိုစွပ်စွဲထားတဲ့ စွဲချက်မှန်သမျှကို ရုပ်သိမ်းပေးဖို့ သတင်းထောက်များကာကွယ်စောင့်ရှောက်ရေး ကော်မတီ (CPJ)က ဖေဖော်ဝါရီ ၈ ရက်မှာ တောင်းဆိုလိုက်ပါတယ်။
လွတ်လပ်တဲ့ Media TOP 4 အွန်လိုင်းမီဒီယာကို တည်ထောင်သူ ကိုသူရိန်ကျော်ဟာ ရန်ကုန်မြို့မှာ ဖေဖော်ဝါရီ ၂ ရက်က သတင်းယူနေရင်း အမည်မသိ တိုက်ခိုက်သူတွေက ရိုက်နှက်ခြင်းကို ခံခဲ့ရတယ်လို့ သတင်းတွေက ဆိုပါတယ်။
နောက်တစ်နေ့မွန်းလွဲပိုင်းမှာ အင်းစိန်မြို့နယ် အာဏာပိုင်တွေက ကိုသူရိန်ကျော်ကို သူ့ရဲ့နေအိမ်မှာ ဖမ်းဆီးခဲ့ကြောင်းနဲ့ သူနဲ့အတူ တခြားအမည်မသိ လူနှစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း သတင်းတွေအရ သိရပါတယ်။
သတင်းထောက် ကိုသူရိန်ကျော်ကို ချက်ချင်းလွှတ်ပေးဖို့နဲ့ သတင်းရယူတဲ့အလုပ် လုပ်နေတဲ့ သတင်းထောက်တွေကို နှောင့်ယှက်တာကို အာဏာသိမ်း စစ်ကောင်စီအနေနဲ့ ရပ်ပစ်ရမယ်လို့ CPJ က ပြောပါတယ်။
ဒီဇင်ဘာလက CPJ ရဲ့ နောက်ဆုံးထုတ်ပြန်ခဲ့တဲ့ စာရင်းမှတ်တမ်းအရ ကမ္ဘာပေါ်မှာ သတင်းထောက်တွေကို အဆိုးရွားဆုံး ထောင်ချတဲ့နိုင်ငံတွေထဲမှာ တရုတ်က ထိပ်ဆုံးကဖြစ်ပြီး မြန်မာနိုင်ငံက ဒုတိယနေရာမှာ ရှိနေပါတယ်။
မြန်မာအာဏာသိမ်းစစ်တပ်အနေနဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းထောက် ကိုအောင်စံလင်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ သူ့အပေါ် စွဲချက်တင်ထားတာတွေကနေ ပြစ်ဒဏ်လွတ်ကင်းပေးဖို့ နယူးယောက်ခ်အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ က ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။
ဒီဇင်ဘာလ ၁၁ ရက် ညသန်းခေါင်အချိန်လောက်က စစ်ကိုင်းတိုင်း အနောက်မြောက်ဘက်ခြမ်း ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာရှိ ကိုအောင်စံလင်းရဲ့နေအိမ်ကို စစ်သား ၂၀ လောက်က ဝင်ရောက်စီးနင်းပြီး ရိုက်နှက် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။
မြန်မာအာဏာပိုင်တွေအနေနဲ့ သတင်းထောက် ကိုအောင်စံလင်းကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးသင့်ပြီး သူ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေကို ဖော်ထုတ်အရေးယူသင့်ကြောင်း CPJ ရဲ့ အကြီးတန်း အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။ ဒါကို ရာဇ၀တ်မှုမြောက်တဲ့ ပြစ်မှုလို့ သတင်းဖော်ပြတာကို မြန်မာစစ်အုပ်စုအနေနဲ့ ရပ်တန့်ပေးရမယ်လို့လည်း ဆိုပါတယ်။
စစ်သားတွေဟာ ကိုအောင်စံလင်းကို ဝက်လက်မြို့နယ် ရဲစခန်းကို ခေါ်ဆောင်သွားပြီး ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီလောက်မှာတော့ ရွှေဘိုလေ့ကျင့်ရေးတပ် စစ်ကြောရေးစခန်းသို့ လွှဲပြောင်းပို့ဆောင် ချုပ်နှောင်ထားပါတယ်။
ဖမ်းဆီးခံနေရတဲ့ ကိုအောင်စံလင်းကို စစ်ကောင်စီက အမှုစွဲချက်တင်ထားခြင်းရှိ မရှိ မသိရသေးသလို မိသားစုကလည်း အဆက်အသွယ်မရ သတင်းမကြားရလို့ စိုးရိမ်ပူပန်နေပါတယ်။
စစ်အာဏာသိမ်းပြီး စစ်ကောင်စီက မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ပိတ်ပင်ခဲ့သလို DVB သတင်းထောက်တွေအပါအဝင် သတင်းသမားတွေ ၁၀၀ လောက်ကို ဖမ်းဆီးခဲ့ပါတယ်။
နောက်ပိုင်းမှာ တချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ လက်ရှိ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ သတင်းသမားပေါင်း ၅၇ ယောက်ရှိတယ်လို့ RSF က ထုတ်ပြန်ထားပါတယ်။