close

Dili ရုပ်ရှင်ပွဲတော်ဆု

close

October 19, 2021

“What Happened to the Wolf?” မြန်မာရုပ်ရှင် Dili ရုပ်ရှင်ပွဲတော်တွင် ဆုရရှိ

မြန်မာရုပ်ရှင်ကားတကားဖြစ်တဲ့ “What Happened to the Wolf?”ရုပ်ရှင်ဟာ နိုင်ငံတကာ ရုပ်ရှင်ပွဲတော်တခုဖြစ်တဲ့ Dili International Film Festival မှာ BEST NARRATIVE FEATURE AWARD ကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

ဒီကားကိုတော့ ဒါရိုက်တာ ဏကြီးက ရိုက်ကူးပြီး အိန္ဒြာကျော်ဇင်၊ ပိုင်ဖြိုးသုတို့နဲ့အတူ အမျိုးသားသရုပ်ဆောင်တွေဖြစ်ကြတဲ့ လွင်မိုး၊ အောင်မြင့်မြတ်တို့က ပါဝင်ထားကြကာ ကျော်ထက်အောင်၊ ထူးသာ၊ သီရိစိုး၊ အားကိုးရာတို့က ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ထားကြပါတယ်။

သိပ်မကြာခင်ကလည်း ဒီကားဟာ ဂျာမနီနိုင်ငံ Oldenburg International Film Festival မှာ ပြသဖို့ ရွေးချယ်ခံခဲ့ရပြီး အိန္ဒြာကျော်ဇင်က Seymour Cassel Award for Best Performance ဆု ဆွတ်ခူးရရှိထားခဲ့တာ ဖြစ်ပါတယ်။

လက်ရှိကာလ မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်ကောင်စီရဲ့ အာဏာသိမ်းမှုနဲ့အတူ အနုပညာလှုပ်ရှားမှုတွေလည်း ရပ်တန့်သွားခဲ့ရသလို နွေဦးတော်လှန်ရေးမှာ ပြည်သူ့ ဘက်တော်သားတွေအနေနဲ့ အမှန်တရားဘက်က မားမားမတ်မတ် ရပ်တည်ခဲ့ကြသူတွေကိုလည်း ဖမ်းဆီးအရေးယူမှုတွေနဲ့ ပိုမိုဆိုးရွားလာနေခဲ့တာပါ။

ဒီကားထဲမှာပါဝင်တဲ့ သရုပ်ဆောင်မင်းသမီး အိန္ဒြာကျော်ဇင်ဟာလည်း တော်လှန်ရေးမှာ ပါဝင်ခဲ့တာကြောင့် ခင်ပွန်းဖြစ်တဲ့ သရုပ်ဆောင် ပြေတီဦးနဲ့အတူ ဖမ်းဆီးခံထားရပြီး ဒါရိုက်တာ ဏကြီး၊ ပိုင်ဖြိုးသုတို့ဟာလည်း ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) နိုင်ငံတော် အကြည်ညိုပျက်စေမှုနဲ့ အမှုဖွင့်ထားတာမို့ တိမ်းရှောင်နေကြရပါတယ်။

ခုရက်ပိုင်းမှာတော့ အကြမ်းဖက်စစ်ကောင်စီက လွတ်ငြိမ်းချမ်းသာခွင့် ကြေညာပြီး ရာဇသတ်ကြီး ပုဒ်မ ၅၀၅-က အရ အရေးယူခံထားရတဲ့ အနုပညာရှင် ၂၄ ဦးနဲ့ လူမှုကွန်ရက်မှာ လူသိများသူ ၁၀ ဦးတို့အပေါ် အရေးယူထားတဲ့ အမှုတွေကို ပိတ်သိမ်းကြောင်း ထုတ်ပြန်ခဲ့ပေမဲ့ အကျဉ်းကျခံနေရတဲ့ ထင်ရှားတဲ့အနုပညာရှင်တွေဖြစ်ကြတဲ့ အကယ်ဒီ လူမင်း၊ အကယ်ဒမီ ပြေတီဦး၊ အကယ်ဒမီ အိန္ဒြာကျော်ဇင်၊ မော်ဒယ်သရုပ်ဆောင် ပိုင်တံခွန်၊ ပိုပို၊ ဝင်းမင်းသန်း စတဲ့သူတွေ မပါလာသေးပါဘူး။

12 mins Ago
Up