close

Disney+

close

October 12, 2020

ဂျေမီဖောက်စ် ပါဝင်သည့် အဲန်နီမေးရှင်းရုပ်ရှင်- Soul ကို Disney+ မှ ပြသမည်(နမူနာ)

ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသားကြီး ဂျေမီဖောက်စ် ပါဝင်တဲ့ ကွန်ပျူတာ အဲန်နီမေးရှင်းရုပ်ရှင်- Soul ကို Disney+ ကနေ ဦးဦးဖျားဖျား ပြသသွားမယ်လို့ သိရပါတယ်။ Walt Disney Pictures နဲ့ Pixar Animation Studios တို့က ပူးပေါင်းတင်ဆက်လိုက်တဲ့ ဒီကားကိုတော့ Up (2009)၊ Inside Out (2015) စတဲ့ နာမည်ကြီး အဲန်နီမေးရှင်း ရုပ်ရှင်တွေနဲ့ အော်စကာဆုတွေ ရရှိထားခဲ့တဲ့ ဟောလိဝုဒ်ရုပ်ရှင်ဒါရိုက်တာ Pete Docter က တာဝန်ယူရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဂျိုးဟာ အလယ်တန်းကျောင်းတကျောင်းက ဂီတဆရာတယောက်ဖြစ်ပြီး သူ့အိပ်မက်ကတော့ စတိတ်ဂျ်ပေါ်မှာ ဂျက်ဇ်ဂီတနဲ့ ခမ်းခမ်းနားနား ဖျော်ဖြေနိုင်ဖို့ စိတ်အားထက်သန်မှုတွေနဲ့ ဖြတ်သန်းနေသူတယောက်ပါ။ ဒါပေမဲ့ ထင်မှတ်မထားတဲ့ မတော်တဆမှုတခုကြောင့် သူ့ခန္ဓာကိုယ်ထဲက ဂီတစိတ်ဝိညာဉ်က လွင့်ထွက်သွားချိန်မှာ ဘာတွေ ဆက်ဖြစ်လာမလဲ၊ ဒါကို ပြန်ခေါ်နိုင်ပါ့မလား၊ ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ရဦးမလဲဆိုတာတွေနဲ့အတူ ထူးခြားတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေနဲ့ ဒီကားထဲမှာ ပုံဖော်ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ အသံသရုပ်ဆောင်တွေအနေနဲ့ ဟောလိဝုဒ်စတား သရုပ်ဆောင်မင်းသားကြီး ဂျေမီဖောက်စ်က ဂျိုး နေရာမှာ ပါဝင်ထားခဲ့ပြီး သူနဲ့အတူ တခြား သရုပ်ဆောင် မင်းသား မင်းသမီးတွေ ဖြစ်ကြတဲ့ Tina Fey၊ Questlove၊ Phylicia Rashad၊ Daveed Diggs နဲ့ Angela Bassett တို့ကလည်း ပါဝင်ထားကြတာပါ။ ဒီကားထဲမှာ ပါဝင်တဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား ဒိုင်ယာလော့ဂ်တွေက ကလေးတွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကိုကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG အဆင့် သတ်မှတ်ထားပါတယ်။ လတ်တလောမှာတော့ ဒီရုပ်ရှင်ကားဟာ IMDb မှာ Rating 8.3 ထိ ရရှိထားတဲ့ ဇာတ်ကား ဖြစ်ပါတယ်။ ဘတ်ဂျက်အမေရိကန်ဓေါ်လာ သန်း ၁၅၀ ကျော် အကုန်အကျခံရိုက်ကူးထားတဲ့ ဒီ ရုပ်ရှင်ကို အောက်တိုဘာ ၁၁ ရက်နေ့က BFI London Film Festival မှာ ကနဦးပြသခဲ့တာ ဖြစ်ပါတယ်။ ကြာမြင့်ချိန် မိနစ် ၁၀၀ ရှိတဲ့ ဒီရုပ်ရှင်ကိုတော့ အစက ဇွန်လထဲမှာ ရုံတင်ပြသသွားဖို့ စီစဉ်ခဲ့ပေမယ့် လတ်တလော ကမ္ဘာ့နိုင်ငံအနှံ့ဖြစ်ပွားနေတဲ့ ကိုဗစ်-၁၉ ကပ်ဘေးကြောင့် ရက်ရွှေ့ဆိုင်းလိုက်ရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီကားကို Disney+ ကနေ Digital Streaming ပလက်ဖောင်းကနေ လာမယ့် ဒီဇင်ဘာလ ၂၅ ရက်နေ့မှာ ပြသသွားဖို့ ထုတ်ပြန်ထားခဲ့တာ ဖြစ်ပါတယ်။
1 year Ago

August 5, 2020

နာမည်ကျော် Mulan ရုပ်ရှင်ကို Disney+ မှ ပြသမည်(ရုပ်သံ)

ကိုဗစ်-၁၉ ကြောင့် ရုံတင်ရက် အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ရတဲ့ နာမည်ကျော်ရုပ်ရှင်- Mulan ကို Disney+ ကတဆင့် ပြသသွားမယ်လို့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။ ရုံမတင်ခင်ကတည်းက နာမည်ကြီးနေခဲ့တဲ့ Adventure Action Drama အမျိုးအစားရုပ်ရှင် Mulan ကို ပြီးခဲ့တဲ့ မတ်လ ၉ ရက်နေ့က ကနဦးမိတ်ဆက်ခဲ့တာဖြစ်ပြီး လတ်တလော ကိုရိုနာဗိုင်းရပ်စ်အန္တရာယ်ကြောင့် ရုံတင်မယ့်ရက်ကို အကန့်အသတ်မရှိ ရွှေ့ဆိုင်းထားခဲ့ရတာ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒီကားကို လာမယ့် စက်တင်ဘာလ ၄ ရက်နေ့မှာ အွန်လိုင်း Streaming အနေနဲ့ ပြသသွားမှာဖြစ်ကာ ပုံမှန်ရုံတင်ရက်အနေနဲ့ ရုပ်ရှင်ရုံတွေ ပြန်လည် ဖွင့်လှစ်ခွင့်ရမှသာ ရုံတင်ပြသသွားမယ်လို့ Disney ရဲ့ စီအီးအို Bob Chapek က ပြောပါ တယ်။ ကြည့်ရှုလိုသူတွေအနေနဲ့ အမေရိကန်နိုင်ငံမှာ Subscribe လုပ်ထားသူတွေဟာ အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၉၉ ပေးသွင်းရမှာဖြစ်ကာ တခြားနိုင်ငံတွေကတော့ ဒီဈေးနဲ့ ကွာဟမှု ရှိနိုင်တယ်လို့ ဆိုပါတယ်။ ဒီကားကိုတော့ နာမည်ကျော် Walt Disney Pictures ကနေ တင်ဆက်လိုက်တာ ဖြစ်ပြီး နယူးဇီလန် အမျိုးသမီးရုပ်ရှင်ဒါရိုက်တာ Niki Caro က ရိုက်ကူးပုံဖော်ပေးထား တာပါ။ Mulan လို့ ပြောလိုက်တာနဲ့ ပရိသတ်တွေက ၁၉၉၈ ခုနှစ်က ထွက်ရှိခဲ့တဲ့ နာမည်ကျော် ကာတွန်းကားကို ပြန်ပြီးတော့ အမှတ်ရမိကြမှာပါ။ ဒီတခါမှာတော့ ဒီကားကို ကာတွန်းရုပ်ရှင်အနေနဲ့ မဟုတ်တော့ဘဲ လူဇာတ်ကောင်တွေနဲ့ Live Action ရုပ်ရှင်ကားတကားအနေနဲ့ ရှုစားကြရမှာ ဖြစ်ပါတယ်။ တရုတ်မင်းနေပြည်တော်ကြီးမှာ မြောက်ပိုင်းက ကျူးကျော်လာသူတွေကို ပြန်ပြီးတော့ တိုက်ခိုက်ဖို့ အိမ်ထောင်စုတိုင်းက အမျိုးသားတယောက်စီ ထွက်ပြီး ဘုရင့်တပ်မတော်ထဲ စစ်မှုထမ်းဖို့ အမိန့်ထွက်လာပါတယ်။ Hua Mulan ဆိုတဲ့ ကောင်မလေးကတော့ မိသားစုမှာ သမီးအကြီးဆုံးလည်းဖြစ်ပြီး နာမကျန်းဖြစ်နေတဲ့ ဖခင်ရဲ့အစား တပ်ကို ယောက်ျားလေး အယောင်ဆောင်ပြီး ဝင်သွားခဲ့ချိန်မှာ ဘာတွေဖြစ်လာမလဲ၊ ဘယ်လိုတွေ ကြုံတွေ့ရမလဲ။ ဆုံးဖြတ်ချက်ခိုင်မာပြီး ပြတ်သားရဲရင့်တဲ့ Hua Jun ဆိုတဲ့ ‌အမျိုးသားအဖြစ်ဟန်ဆောင်ရင်း ဘုရင့်တပ်မတော်ထဲမှာ အမျိုးသားတွေနဲ့ ရင်ဘောင်တန်းပြီး တာဝန်ထမ်းဆောင်ရတဲ့ အကြောင်းအရာတွေနဲ့ ဒီကားထဲမှာ ပရိသတ်တွေက ရှုစားကြရမှာ ဖြစ်ပါတယ်။ ဒီကားထဲမှာတော့ ဂူဂူးလို့ ပရိသတ်တွေ သိကြတဲ့ သရုပ်ဆောင်မင်းသမီး Liu Yifei က အဓိကဇာတ်ကောင် Mulan နေရာက ပါဝင်ထားပါတယ်။ နာမည်ကြီး သရုပ်ဆောင်မင်းသမီး Gong Li ကတော့ ရုပ်ပြောင်းရုပ်လွှဲလုပ်နိုင်တဲ့ စုန်းမတယောက်အဖြစ် ပါဝင်ထားပြီး တခြားသရုပ်ဆောင်မင်းသားတွေ ဖြစ်ကြတဲ့ Donnie Yen ၊ Jet Li စတဲ့ သရုပ်ဆောင်တွေလည်း ပါဝင်ထားကြပါတယ်။ ဒီရုပ်ရှင်ကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တချို့ဇာတ်ဝင်ခန်းမြင်ကွင်းတွေ၊ ပြကွင်းပြကွက်တွေနဲ့ ပြောစကား Dialog တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူခွင့်ပြုချက် Guideline နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။ ဒီကားကိုတော့ ဘတ်ဂျက် အမေရိကန်ဒေါ်လာ သန်း ၂၀၀ အကုန်အကျခံ ရိုက်ကူးထားတာ ဖြစ်ပါတယ်။
2 years Ago
Up