ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဆုံဆည်းမြိုင် DKBA စစ်ဌာနချုပ်မှာရှိတဲ့ DKBA စစ်ဦးစီးချုပ်ရဲ့နေအိမ်ကို စက်တင်ဘာ ၆ ရက် ည ၁၂ နာရီလောက်က KNLA ပူးပေါင်းတပ်ဘက်မှ ၈၁ မမ လောင်ချာနဲ့ ပစ်ခတ်ခဲ့လို့ အိမ်အနည်းထိခိုက် ပျက်စီးသွားတယ်လို့ ဆုံဆည်းမြိုင်ဒေသခံက ပြောပါတယ်။
ဝေါလေမြိုင်ဘက်မှ သေ့ဘောဘိုးဘက်ကို ကျူးကျော်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့ တမ ၄၄ လက်အောက်ခံ တပ်ရင်းတပ်ဖွဲ့တွေကို ချေမှုန်းဖို့ ကြိုကာပစ်ခတ်ရာတွင် DKBA စစ်ဦးစီးချုပ် ဒုတိယဗိုလ်ချုပ်ကြီး စောစတီးလ်ရဲ့ နေအိမ် ထိမှန်သွားတာဖြစ်တယ်။
KNLA ဘက်က လက်နက်ကြီးနဲ့ ညနေ ၆ နာရီတစ်ကြိမ် ည ၁၁ နာရီမှ ၁၂ နာရီအထိ မကြာခဏ ဆိုသလို ပစ်ခတ်ခဲ့တယ်လို့ ဒေသခံက ဆိုပါတယ်။
စစ်ကောင်စီတပ်ကတော့ ဆုံဆည်းမြို့ရွာအတွင်းမှာ ပြည်သူတွေကို ဒိုင်းသဖွယ် အကာအကွယ်ယူထားပြီး ပြည်သူတွေရဲ့ နေအိမ်မှာ နေထိုင်နေကြသလို ဘုရားကျောင်းတချို့မှာ မှီခို စားသောက် နေထိုင်ကြတယ်လို့ ထွက်ပြေးလာတဲ့ စစ်ဘေးရှောင်ရွာသားက ပြောပါတယ်။
KNLA ပူးပေါင်းတပ်နဲ့ စစ်ကောင်စီတပ် နှစ်ဘက်တပ်ဖွဲ့ဝင်တွေ ကိုက် ၇၀၀ လောက်သာ ကွာဝေးပြီး စစ်ရေးတင်းမာနေပါတယ်။
မြဝတီမြို့တောင်ဘက် သုံးထပ်ကွေ့အနီး ကျော်ဝါးဖိုးဘုရားကုန်းကနေ စစ်ကောင်စီဘက်က လက်နက်ကြီးပဲ့ ပစ်ခတ်လို့ ကော်ဘရာတပ်သား နှစ်ယောက် ကျည်ဆန်စ ထိမှန်သွားတယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ထားပါတယ်။