close

DMO-Local PDF

close

September 20, 2022

ဒီးမော့ဆို PDF ဆေးမှူး ရဲမေ ၁ ဦး မိုင်းနင်းမိပြီး ကျဆုံး

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဆောင်ဒူရွာသစ်ကျေးရွာရှေ့တန်းသို့ ဆေးကုသသွားရင်း စစ်ကောင်စီဘက်က ထောင်ထားတဲ့ မိုင်းနင်းမိလို့ ဒီးမော့ဆို (DMO-Local PDF)တပ်ရင်း (k) မှ ဆေးမှူး ရဲမေ တယောက် ကျဆုံးသွားခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့က ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF) တပ်ရင်း(K)မှ ဆေးမှူးတာဝန်ထမ်းဆောင်တဲ့ ရဲမေ မဇယ်ရာမီးနာ (အသက် ၁၈ နှစ်)ဟာ ဦးလေးဖြစ်သူနဲ့အတူ ဆေးကုသသွားရင်း အပြန်မှာ စစ်ကောင်စီတပ်က ထောင်ထားတဲ့ မိုင်းနင်းမိပြီး  ကျဆုံးသွားတာ ဖြစ်ပါတယ်။

ဦးလေးဖြစ်သူ ‌ဦးပေါလူခွန်း (အသက် ၅၀ နှစ်)မှာလည်း ဘယ်ဘက်ခြေနဲ့ လက်နှစ်ခုထိ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့တယ်လို့  (DMO-Local PDF) က သတင်းထုတ်ပြန်ထားပါတယ်။

ဒီးမော့ဆို ပြည်သူ့ကာကွယ်ရေးတပ် ပြောခွင့်ရသူက  “သူက မြေပြင်တနေရာမှာ ဆေးသွားကုရင်း သူ့ဦးလေးနဲ့အတူသွားပြီး အပြန်လမ်းမှာ စစ်ကောင်စီက ထောင်ထားတဲ့မိုင်းကို နင်းမိပြီး ပွဲချင်းဆုံးသွားတာပေါ့နော်။ အဲဒီ ဆောင်ဒူရွာသစ်ကျေးရွာနားမှာ ဆေးကုသသွားရင်း အပြန်မှာ မိုင်းနင်းမိသွားတာ” လို့ ဒီပြောပါတယ်။

တာဝန်ထမ်းဆောင်ရင်း ကျဆုံးသွားခဲ့ရသော ရဲမေ မဇယ်ရာမီးနာရဲ့ ဈာပနအခမ်းအနားကို စက်တင်ဘာ ၁၈ ရက်နေ့မှ ၂၀ ရက်ထိ ကျင်းပခဲ့ပြီး  ဒီနေ့မနက် ၇ နာရီ ကက်သလစ် ခရစ်ယာန်ထုံးတမ်းအစဉ်အလာအရ  ဂူသွင်းသင်္ဂြိုဟ်ပေးခဲ့ပါတယ်။

စက်တင်ဘာ ၁၈ ရက်နေ့တုန်းကလည်း လွိုင်ကော်မြို့အထွက် နွားလဝိုးနဲ့ ပဒါးညေးကျေးရွာအနီး တိုက်ပွဲမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦး ကျဆုံးသွားခဲ့သလို့ မနေ့က ရှမ်း-ကရင်နီ (ကယား)နယ်စပ် မိုးဗြဲမြို့တွင်း ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ပြည်သူ့ကာကွယ်ရေးတပ်သား ၂ ဦး ကျဆုံးခဲ့ရပါတယ်။

2 mins Ago

May 5, 2022

တိုက်ပွဲအတွင်း ၄ ရက်ကြာ ပျောက်ဆုံးသွားသည့် PDF ရဲဘော်ကို ဒဏ်ရာများဖြင့် ပြန်တွေ့

ကရင်နီ (ကယား) ပြည်နယ် ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါး​ကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒီးမော့ဆို Local PDF တပ်အဖွဲ့အပါအဝင် ပူးပေါင်းတပ်တို့ ဧပြီ ၃၀ ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့ပြီး ဒီးမော့ဆို Local PDF A မှ တပ်ဖွဲ့ဝင် ရဲဘော် မောင်ဇော်ဝင်းထွဋ် ပျောက်ဆုံးခဲ့ပါတယ်။

ပျောက်ဆုံးသွားတဲ့ ရဲဘော်ဇော်ဝင်းထွဠ်ကို ၄ ရက်တိတိရှာဖွေခဲ့ပြီး  မေ ၄ ရက်နေ့ ညနေ ၅ နာရီအချိန်မှာ ဒဏ်ရာတွေနဲ့အတူ ပြန်လည်တွေ့ရှိခဲ့တယ်လို့ ဒီးမော့ဆို Local PDF က  ထုတ်ပြန်ပါတယ်။

ရဲဘော်ဇော်ဝင်းထွဋ်ဟာ နယ်မြေခံမဟုတ်လို့ နယ်မြေမကျွမ်းကျင်သလို ရရှိထားတဲ့ ဒဏ်ရာကြောင့် ပုန်းအောင်းနေခဲ့ရာကနေ ရှာဖွေရင်း ပြန်လည်တွေ့ရှိခဲ့တာလို့ ဒီးမော့ဆို  Local PDF ပြောခွင့်ရသူက ပြောပါတယ်။ 

“ကျနော်တို့ သတင်းတင်တာက တယောက်ပဲ၊ အမှန်က နှစ်ယောက် ပျောက်နေတာ၊ ကျနော်တို့ ရဲဘော်တွေကို မေးတဲ့ခါကျတော့လည်း အကုန်လုံး တစစီ ပြေးကြတယ်။ လက်နက်ကြီးကျည်ကျတော့ တစစီပြေးကြတာ၊ နောက် ကျနော်တို့ ပြန်ရှာတာပေါ့နော်။ ပြန်ရှာတာ တယောက် ပြန်တွေ့တယ်။ သူကကျတော့ အမှန်ဆို နယ်မြေ မကျွမ်းကျင်တဲ့ထဲ မှာပါတယ်။ ရှင်းရှင်းပြောရရင် သူတို့က ပြည်မကနေလာတဲ့ ရဲဘော်ဖြစ်တဲ့အခါကျတော့ ချက်ချင်း ရဲဘော်တွေနဲ့ သွားပြီးရှာတာ ပထမရက်တော့ တယောက်ပြန်တွေ့ပေမယ့် ဒုတိယရက်လည်း ပြန်မတွေ့သေးဘူး။ ကျနော်တို့  ရှာရင်းနဲ့ မနေ့က ၅ နာရီအချိန်မှ ရှာတွေ့သွားတယ်။ ဒီရဲဘော်က ပြင်ထန်တဲ့ ဒဏ်ရာရတာပေါ့၊ ခြေထောက်မှာ လက်နက်ကြီး ကျည်ထားတာပေါ့နော်။ သူက ထမင်းလည်း မစားရဘူး၊ ရေလည်းမသောက်ရဘဲနဲ့ ဒီတိုင်း ပုန်းနေတာပေါ့နော်။ သူ ထွက်လာလို့ ကျနော်တို့ပြန်တွေ့တာပေါ့၊ မဟုတ်ရင် မတွေ့နိုင်ဘူး။”

ရဲဘော်ဇော်ဝင်းထွဋ်ကို ဒေါငံခါးကျေးရွာမှာပဲ ပုန်းနေရာကနေ ပြန်တွေ့ခဲ့တာဖြစ်ပြီး သူဟာ  အသက် ၁၉ နှစ်သာရှိပြီး ရရှိထားတဲ့ ဒဏ်ရာနဲ့တင်းခံပြီး အသက်ရှင်အောင် ကြိုးစားတဲ့အတွက် လေးစားစရာကောင်းတဲ့ ရဲဘော်ဖြစ်ကြောင်းလည်း ပြောပါတယ်။

“သူက သွားလည်း မသွားနိုင်တော့ဘူးလို့ ပြောလို့ရတာပေါ့၊ ဘာဖြစ်လို့လဲဆိုရင် ခြေထောက်အောက်ပိုင်းမှာ အရိုးကွဲသွားတယ်။ အရိုးလုံးဝ ကွဲသွားတော့ မလျှောက်နိုင်ဘူး။ နောက် သူက တော်တော်လေး လေးစားစရာကောင်းတဲ့ ရဲဘော်တဦး ဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ၄ ရက်မြောက်နေ့အထိ ဘာမှ အစာရေစာ စားသောက်ခြင်းမရှိဘဲ တောင့်ခံနိုင်ခဲ့တယ်ဆိုတော့ လေးစားဂုဏ်ယူတာပေါ့။ သူ ပြန်လာလည်း ကျနော်တို့ အရမ်းဂုဏ်ယူတာပေါ့နော်။ ” 

လက်ရှိမှာတော့ ရဲဘော်ဇော်ဝင်းထွဋ်ဟာ ဘေးကင်းရာမှာ ဆေးကုသမှုခံယူနေပါတယ်။

5 months Ago
Up