close

DSI

close

March 23, 2022

ထိုင်းသရုပ်ဆောင်တိုင်မို သေဆုံးမှု အထူးအမှုအနေဖြင့် စစ်ဆေးပေးရန် DSI အဖွဲ့သို့ လျှောက်ထား

ထိုင်းသရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါး ပြီးခဲ့တဲ့လကုန်ပိုင်းက နွန်ထပူရီခရိုင် ကျောက်ဖယားမြစ်ထဲ ရေနစ်သေဆုံးရတာနဲ့ပတ်သက်ပြီး အထူးမှုခင်းတရပ်အနေနဲ့ စုံစမ်းစစ်ဆေးဖို့ ဘန်ကောက်မြို့တော်ဝန်အဖြစ် ဝင်အရွေးခံခဲ့သူ ခွန်ရို့စနားနဲ့ ရှေ့နေတဦးတို့က မတ် ရက်က ထိုင်း အထူးစုံစမ်းစစ်ဆေးရေးဌာန (DSI) ရုံးကို သွားရောက်လျှောက်ထားခဲ့ပါတယ်။ 

တိုင်မိုနိဒါး သေဆုံးမှုဟာ သာမန်မတော်တဆမဖြစ်နိုင်ဘဲ လူသတ် အလောင်းဖျောက်ဖျက်မှုလို့ ယူဆကြောင်း၊ ဒီအမှုမှာ သံသယဖြစ်စရာတွေ အများကြီးရှိနေကြောင်း၊ လှေပေါ်ပါသူတွေဟာ လူ ၁ ယောက်လုံး ပြုတ်ကျတာကို ဘာကြောင့် မသိကြလဲ၊ ဘာကြောင့် ချက်ချင်းမကယ်တင်တာလဲ၊ ပြည်သူတွေရဲ့ သံသယတွေရှင်းသွားအောင် အထူးမှုခင်းအနေနဲ့ စုံစမ်းဖို့ လျှောက်ထားရတာလို့ လျှောက်ထားသူ ခွန်ရို့စနားက သတင်းထောက်တွေကို ပြောပါတယ်။ 

လျှောက်ထားချက်ထဲမှာ အထူးမှုခင်းအဖြစ် စစ်ဆေးစေလိုတဲ့ အကြောင်းပြချက် ၁၁ ချက် ရှိကြောင်း၊ သူမရဲ့ ရုပ်အလောင်း ဒီအန်အေ စစ်ဆေးမယ့်နေရာကို ဘာကြောင့် ရုတ်တရက် ပြောင်းခဲ့သလဲ၊ အလောင်းမှာ ဒဏ်ရာတွေ အများကြီးရှိပါလျက်နဲ့ အကုန်လုံးကို မစစ်သေးဘဲ ရဲက ဘာကြောင့် မတော်တဆသေဆုံးမှုလို့ အလျင်စလို ကောက်ချက်ချသလဲ၊ ဘယ်လိုလုပ်ပြီး ရေထဲ ကျသလဲ၊ လှေပေါ်ပါသူတွေအားလုံးရဲ့ ဖုန်းအပလီကေးရှင်းတွေ ဘာကြောင့် မစစ်လဲ၊ စပိတ်ဘုတ်တွေကို ဘာကြောင့် ၁ စီးပဲ စစ်သလဲ စတဲ့အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။ 

DSI တာဝန်ရှိသူကတော့ ဒီအမှုဟာ အထူးစုံစမ်းစစ်ဆေးရမယ့် မှုခင်းအမျိုးအစားထဲ မပါဝင်ကြောင်း၊ လျှောက်ထားချက်ကိုလည်း ပြင်ပအဖွဲ့အစည်းတွေနဲ့ပါ ဆွေးနွေးတိုင်ပင်ရဦးမယ်လို့ ပြောပါတယ်။ 

တိုင်မိုနိဒါးသေဆုံးတာ ၁ လလောက် ရှိသွားပြီဖြစ်ပြီး ရဲတပ်ဖွဲ့ကလည်း မကြာခင် အမှုပိတ်သိမ်းမယ်လို့ ထုတ်ပြန်ကြေညာထားပေမယ့် ပရိသတ်တွေက သာမန်မတော်တဆ သေဆုံးမှုဆိုတာကို လက်မခံနိုင်ဘဲ နောက်ထပ်သက်သေတွေ ဆွဲထုတ်ပြီး လူမှုကွန်ရက်မှာ ထောက်ပြနေကြပါတယ်။ 

နွန်ထပူရီ လွှတ်တော်အမတ် တေ့မုန်းခုံးကစ်သီ ဆိုသူကလည်း တိုင်မို အလောင်းတွေ့တဲ့ နေရာနားက လှေဆိပ်မှာတွေ့တဲ့ သွေးစတွေ လိုက်ကောက်ကာ စရိတ်အကုန်ခံပြီး ဒီအန်အေ စစ်ခဲ့သလို ပျောက်ဆုံးနေတဲ့ တိုင်မိုရဲ့ ဂါဝန်အဖြူကိုလည်း အမှိုက်ပုံထဲထိ သွားပြီးမွှေနှောက်ရှာဖွေခဲ့ပါတယ်။

မတ် ၂၂ ရက်နေ့ကလည်း ကျောက်ဖရားမြစ်ထဲမှာ တိုင်မို ရေကူးနေတဲ့ပုံလို့ ယူဆရတဲ့ စီစီတီဗွီကင်မရာထဲက ဗွီဒီယိုဖိုင်တခုကို ဖွင့်ပြပြီး သတင်းစာရှင်းခဲ့ပါသေးတယ်။ 

အဆိုပါပုံ လူမှုကွန်ရက်မှာပြန့်သွားကာ လှေတစီးက အနားကို လှော်ခတ်သွားပြီး မကယ်တင်ဘဲ ပြန်လှည့်လာတဲ့အပေါ် အဆိုပါလှေပေါ်က လူကို ဝိုင်းဝန်ပြစ်တင်ဆဲဆိုနေကြပါတယ်။ 

ဒါကြောင့် အဆိုပါလှေပေါ်ကလူက ရဲစခန်းမှာ ဒီကနေ့မနက် လာရောက်ဖြေရှင်းခဲ့ပါတယ်။ လွှတ်တော်အမတ် ဖွင့်ပြတဲ့ မြစ်ထဲကအရာဟာ လူမဟုတ်ဘဲ သစ်တုံးသာ ဖြစ်ကြောင်း၊ သူက အဲဒီနေရာမှာ ငါးဖမ်းဖို့ ပိုက်ကွန်ချထားတာဖြစ်ပြီး ပိုက်နဲ့သစ်တုံး ငြိနေလို့ လာဖြည်တာ ဖြစ်ကြောင်း၊ သူ့အနေနဲ့ ရေထဲမှာ ဘယ်သူ့ကိုမှ မတွေ့ရဘဲ တကယ်ရေနစ်သူတွေ့ရင် မကယ်တင်ဘဲတော့ နေမှာမဟုတ်ကြောင်း၊ လတ်တလော လူမှုကွန်ရက်မှာ အထင်လွဲ အဆဲခံနေရတဲ့ကိစ္စ စိတ်မချမ်းသာဖြစ်ရပြီး လွှတ်တော်အမတ်ကို အသရေဖျက်မှုနဲ့ ပြန်ပြီး တရားစွဲရေး၊ မစွဲရေးတော့ ပြန်စဉ်းစားဦးမယ်လို့ ပြောပါတယ်။ 

လွှတ်တော်အမတ်ကတော့ သံသယမပြေသေးကြောင်း၊ အဲဒါဟာ တိုင်မို မဟုတ်ဘဲ သစ်တုံးလို့ ဆိုရင် သစ်တုံးကို တစုံတယောက်က ဖက်တွယ်ထားတာလို့ ပြန်ချေပထားပါတယ်။ 

တိုင်မိုရဲ့ မိခင် နန်းဖနိဒါးကတော့ သူ့သမီးအမှုကို အထူးအမှုအနေနဲ့ ပြန်စစ်ဖို့ DSI ကို လျှောက်ထားတဲ့အပေါ် သဘောမတူကြောင်း၊ ရဲက ပို့ပေးတဲ့ သက်သေအားလုံးကို ကြည့်ရှုခဲ့ပြီး ဖြစ်ပြီး သံသယဖြစ်စရာမရှိ၊ သူ့အနေနဲ့ ရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက်ချက်တွေအပေါ် လုံးဝ ယုံကြည်မှုရှိတယ်၊ မကြာခင်လည်း အမှုပိတ်တော့မယ်၊ အဲဒီတော့ နောက်ထပ်အမှုကို ရှုပ်ထွေးအောင် မလုပ်ကြဖို့ မေတ္တာရပ်ခံတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။ 

တိုင်မို ရေနစ်သေဆုံးမှုမှာ လိုင်စင်သက်တမ်းကုန် လှေအသုံးပြုမှု၊ လှေမောင်းလိုင်စင်မရှိဘဲ မောင်းနှင်မှုနဲ့ ကနဦး အရေးယူခံထားရတဲ့ ဟိုက်စိုးပေါ နဲ့ ရောဘတ်တို့ကတော့ လောလောဆယ် တရားရိပ်သာတခုမှာ ဒုလ္လဘရဟန်းဝတ်လျက်ရှိပါတယ်။ ထိုင်း ထိပ်တန်းသရုပ်ဆောင်မင်းသမီး တိုင်မိုနိဒါး ဖတ်ချရဝီရဖုန်း (၃၇ နှစ်) ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက်နေ့က အဖော် ၅ ဦးနဲ့အတူ နွန်ထူပူရီခရိုင် ကျောက်ဖယားမြစ်ထဲမှာ စပိဘုတ်လှေစီးရကာ လှေပေါ်က ပြုတ်ကျပြီး သေဆုံးခဲ့ပါတယ်။

57 seconds Ago
Up