close

DVB သတင်းထောက် ကိုအောင်စံလင်း

close

July 7, 2022

ဒီဗွီဘီသတင်းထောက် အောင်စံလင်း အလုပ်ကြမ်းနှင့် ‌ထောင်ဒဏ် ၆ နှစ် ချမှတ်ခံရ

ဒီဗွီဘီသတင်းထောက် အောင်စံလင်းကို ဝက်လက်မြို့နယ် တရားရုံးကနေ ဒီကနေ့ ဇူလိုင် ၇ ရက်နေ့မှာ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၆ နှစ် ချမှတ်လိုက်ပါတယ်။

အသက် ၄၇ နှစ်အရွယ် သတင်းထောက် အောင်စံလင်းကို ပုဒ်မ ၅၀၅(က) နဲ့ ထောင်ဒဏ် ၂ နှစ်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၂-ခ နဲ့ ထောင်ဒဏ် ၄ နှစ်၊ စုစုပေါင်း ၆ နှစ် ချမှတ်လိုက်တာပါ။

အောင်စံလင်းကို စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်ရှိ ပင်းဇင်းကျေးရွာက သူ့အိမ်မှာ ၂၀၂၁ ခုနှစ် ဒီဇင်ဘာ ၁၁ ရက် ညသန်းခေါင်ကျော်အချိန်က ဝရမ်းမပါဘဲနဲ့ လာဖမ်းသွားတာ ဖြစ်ပါတယ်။ ဖမ်းဆီးသွားပြီးနောက် အဆက်အသွယ်မရတော့ဘဲ တလလောက် ပျောက်ဆုံးသွားခဲ့ရတာကြောင့် လိုက်ပါဆောင်ရွက်ပေးခဲ့တဲ့ ရှေ့နေတွေက လူပျောက်ဆုံးမှုနဲ့ ထပ်ဆင့်တိုင်ကြားခဲ့ပြီးနောက် ဇန်နဝါရီ ၁၃ ရက်မှာ ရွှေဘိုအကျဉ်းထောင်ကို ပြောင်းရွှေ့ကာ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ထားကြောင်း မိသားစုနဲ့ ရှေ့နေထံကို အကြောင်းကြားခဲ့ကြတာလည်း ဖြစ်ပါတယ်။

ပထမဆုံး ရုံးထုတ်စစ်ဆေးမှုကို ရွှေဘိုထောင်တွင်းတရားရုံးမှာပဲ ဇန်နဝါရီ ၂၆ ရက်မှာ ပြုလုပ်မယ်လို့ ရှေ့နေတွေကို အကြောင်းကြားခဲ့ပေမဲ့ ရုံးထုတ်စစ်ဆေးခဲ့ခြင်း မရှိပါဘူး။ အဲဒီနောက် မေလပိုင်းမှာ ဝက်လက်မြို့နယ်ရဲစခန်းကို လွှဲပြောင်းပေးခဲ့ပြီး တရားရုံးထုတ် စစ်ဆေးကာ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ပါ ထပ်တိုးတရားစွဲဆိုခံခဲ့ရကာ ဝက်လက်မြို့နယ် တရားရုံးမှာပဲ ရုံးထုတ်စစ်ဆေးခဲ့ကြတာ ဖြစ်ပါတယ်။

ဖမ်းဆီးခံရပြီး ၇ လအကြာမှ အောင်စံလင်းကို ဝက်လက်မြို့နယ် တရားရုံးက အလုပ်ကြမ်းနဲ့ထောင်ဒဏ် စုစုပေါင်း ၆ နှစ် အမိန့်ချမှတ်ခဲ့တာပါ။ သူ့ကို ရွှေဘိုအကျဉ်းထောင် ပို့ဆောင်သွားမယ်လို့လည်း သိရပေမဲ့ ဘယ်အချိန်မှာ ပို့ဆောင်သွားမယ် ဆိုတာကိုတော့ မသိရသေးပါဘူး။

စစ်တပ်အာဏာသိမ်းပြီးနောက် ဒီဗွီဘီသတင်းထောက်တွေ အပါအဝင် သတင်းသမားပေါင်း ၁၂၀ ကျော် ဖမ်းဆီးခံခဲ့ရပြီး အကျဉ်းထောင်အသီးသီးကနေ လွတ်ငြိမ်းချမ်းသာခွင့် အပါအဝင် ပြန်လည်လွတ်မြောက်လာသူ သတင်းထောက် ၇၀ ကျော်ပဲ ရှိပါသေးတယ်။

လက်ရှိ အကျဉ်းထောင်တွေထဲမှာ သတင်းထောက် အယောက် ၃၀ လောက်ကတော့ ဆက်လက်ဖမ်းဆီးခံထားရဆဲဖြစ်ပြီး ဓာတ်ပုံသတင်းထောက်တယောက်ကတော့ စစ်ကြောရေးမှာ သေဆုံးခဲ့ပါတယ်။

ဖမ်းဆီးခံ သတင်းထောက်တွေကို အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၀(က)(ခ)၊ မတည်ငြိမ်စေရန် လှုံ့ဆော်မှုဆိုင်ရာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က) စတဲ့ ပြစ်ဒဏ်ကြီးလေးတဲ့ ပုဒ်မတွေနဲ့ စစ်ကောင်စီက အမှုဖွင့်အရေးယူကာ ထောင်ဒဏ်တွေ ချမှတ်နေတာလည်း ဖြစ်ပါတယ်။

8 mins Ago

December 15, 2021

DVB သတင်းထောက် ကိုအောင်စံလင်းကို အမြန်ဆုံး ပြန်လွှတ်ပေးရန် CPJ တောင်းဆို

မြန်မာအာဏာသိမ်းစစ်တပ်အနေနဲ့ ဒီမိုကရက်တစ်မြန်မာ့အသံ DVB သတင်းထောက် ကိုအောင်စံလင်းကို အမြန်ဆုံးပြန်လွှတ်ပေးဖို့နဲ့ သူ့အပေါ် စွဲချက်တင်ထားတာတွေကနေ ပြစ်ဒဏ်လွတ်ကင်းပေးဖို့ နယူးယောက်ခ်အခြေစိုက် သတင်းသမားများကာကွယ်စောင့်ရှောက်ရေး ကော်မတီ CPJ က ဒီဇင်ဘာ ၁၄ ရက်က ထုတ်ပြန်တောင်းဆိုလိုက်ပါတယ်။ 

ဒီဇင်ဘာလ ၁၁ ရက် ညသန်းခေါင်အချိန်လောက်က စစ်ကိုင်းတိုင်း အနောက်မြောက်ဘက်ခြမ်း ဝက်လက်မြို့နယ်၊ ပင်းဇင်းကျေးရွာရှိ ကိုအောင်စံလင်းရဲ့နေအိမ်ကို စစ်သား ၂၀ လောက်က ဝင်ရောက်စီးနင်းပြီး ရိုက်နှက် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။

မြန်မာအာဏာပိုင်တွေအနေနဲ့ သတင်းထောက် ကိုအောင်စံလင်းကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးသင့်ပြီး သူ့ကို ကိုယ်ထိလက်ရောက် ကျူးလွန်တယ်လို့ စွပ်စွဲခံရသူတွေကို ဖော်ထုတ်အရေးယူသင့်ကြောင်း CPJ ရဲ့ အကြီးတန်း အရှေ့တောင်အာရှ ကိုယ်စားလှယ် Shawn Crispin က ပြောပါတယ်။  ဒါကို ရာဇ၀တ်မှုမြောက်တဲ့ ပြစ်မှုလို့ သတင်းဖော်ပြတာကို  မြန်မာစစ်အုပ်စုအနေနဲ့ ရပ်တန့်ပေးရမယ်လို့လည်း ဆိုပါတယ်။

စစ်သားတွေဟာ ကိုအောင်စံလင်းကို ဝက်လက်မြို့နယ် ရဲစခန်းကို ခေါ်ဆောင်သွားပြီး ဒီဇင်ဘာ ၁၂ ရက် ညနေ ၃ နာရီလောက်မှာတော့ ရွှေဘိုလေ့ကျင့်ရေးတပ် စစ်ကြောရေးစခန်းသို့ လွှဲပြောင်းပို့ဆောင် ချုပ်နှောင်ထားပါတယ်။

ဖမ်းဆီးခံနေရတဲ့ ကိုအောင်စံလင်းကို စစ်ကောင်စီက အမှုစွဲချက်တင်ထားခြင်းရှိ မရှိ မသိရသေးသလို မိသားစုကလည်း  အဆက်အသွယ်မရ သတင်းမကြားရလို့  စိုးရိမ်ပူပန်နေပါတယ်။

စစ်အာဏာသိမ်းပြီး စစ်ကောင်စီက မြန်မာနိုင်ငံမှာ လွတ်လပ်တဲ့သတင်းမီဒီယာတွေကို ပိတ်ပင်ခဲ့သလို  DVB သတင်းထောက်တွေအပါအဝင် သတင်းသမားတွေ ၁၀၀ လောက်ကို ဖမ်းဆီးခဲ့ပါတယ်။ 

နောက်ပိုင်းမှာ တချို့ကို ပြန်လွှတ်ပေးခဲ့ပေမဲ့ မြန်မာနိုင်ငံတဝန်း အကျဉ်းထောင်တွေမှာ လက်ရှိ ဖမ်းဆီးချုပ်နှောင်ခံနေရတဲ့ သတင်းသမားပေါင်း ၅၇ ယောက်ရှိတယ်လို့ RSF က ထုတ်ပြန်ထားပါတယ်။

7 months Ago
Up