လက်ရှိမြန်မာနိုင်ငံမှာ အကြမ်းဖက်စစ်ကောင်စီက ဖမ်းဆီးထားတဲ့ သတင်းသမား ၅၃ ယောက်ရှိနေပြီး အဲဒီထဲမှာ ဒီဗွီဘီ သတင်းထောက် ၃ ယောက် အပါအဝင် ထောင်ဒဏ်အသီးသီး ချမှတ်ခံရတဲ့ သတင်းသမား ၄ ယောက်ရှိတယ်လို့ Myanmar Press Freedom In-Depth(MPFI-D)က ထုတ်ပြန်ထားပါတယ်။
စစ်ကောင်စီအကြမ်းဖက်အဖွဲ့ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က စတင်ကာ နိုင်ငံတော်အာဏာကို တရားမဝင် သိမ်းယူပြီးနောက် သတင်းမီဒီယာ ၈ ခုကို သတင်းလုပ်ငန်း လုပ်ပိုင်ခွင့်ပိတ်သိမ်းလိုက်ပြီး သတင်းသမားတွေကို ဖမ်းဆီးတရား စွဲဆိုတာ၊ သတင်းလွတ်လပ်ခွင့်ကို ဆက်လက် ဖိနှိပ် ချိုးဖောက်နေတာ ဖြစ်ပါတယ်။
လတ်တလော ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သတင်းသမားတွေထဲမှာတော့ ဒီဗွီဘီ၊ မဇ္ဈိမနဲ့ တခြားသတင်းဌာနတွေ အသီးသီးက ပါဝင်ပြီး သူတို့ကို ရာဇသတ်ကြီး ပုဒ်မ ၅၀၅ (က) အပါအဝင် ပုဒ်မအမျိုးမျိုးတပ် တရားစွဲဆိုခံထားရပါတယ်။
ထောင်ဒဏ်ချမှတ်ခံထားရသူတွေထဲမှာတော့ ဒီဗွီဘီသတင်းထောက် ၃ ယောက်ဖြစ်ကြတဲ့ ကိုမင်းညို၊ ကိုသက်နိုင်ဝင်းနဲ့ ကိုအောင်ကျော်တို့ ပါဝင်ပြီး ထောင်ဒဏ် ၃ နှစ်နဲ့ ၂ နှစ်စီ အသီးသီး ချမှတ်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ဓာတ်ပုံသတင်းထောက်တယောက်ဖြစ်တဲ့ ကိုသက်ထွန်းအောင်ကိုလည်း ထောင်ဒဏ် ၃ နှစ်ချမှတ်ထားတာ ဖြစ်ပါတယ်။
MPFI-D အနေနဲ့ မတရားဖမ်းဆီး သတင်းသမားတွေ၊ ဂျာနယ်လစ်တွေကို ခြွင်းချက်မရှိ ချက်ချင်း ပြန်လွှတ်ပေးဖို့နဲ့ သတင်းလွတ်လပ်ခွင့် အပြည့်အ၀ အာမခံပေးဖို့၊ သတင်းမီဒီ ယာတွေအားလုံးကို သတင်းလုပ်ငန်းတွေ လွတ်လပ်စွာ လုပ်ကိုင်ခွင့်ပေးဖို့ တောင်းဆို လိုက်ပါတယ်။
မြန်မာနိုင်ငံမှာတော့ လက်ရှိ အကြမ်းဖက်စစ်အုပ်စုက မတရားအာဏာသိမ်းထားတဲ့ ကာလဟာ ၈ လကျော်ကြာမြင့်ခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း အကြမ်းဖက်နှိမ်နင်း ဖြိုခွင်းမှုတွေကြောင့် ကျဆုံးပြည်သူတွေ ထောင်ချီရှိနေခဲ့ပြီး မတရားဖမ်းဆီးထောင်ချခံရ သူတွေထဲ သတင်းမီဒီယာသမားတွေရော၊ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တဲ့ သာမန်အရပ်သား ပြည်သူတွေပါ ပါဝင်နေတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံဟာ နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ထုတ်ပြန်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့် အညွှန်းကိန်းမှာ နိုင်ငံပေါင်း ၁၈၀ အနက် အဆင့် ၁၄၀ မှာ ရပ်တည်နေ တာ ဖြစ်ပါတယ်။
ဒါ့အပြင် ပြင်သစ်နိုင်ငံအခြေစိုက် နယ်စည်းမခြားသတင်းထောက်များအဖွဲ့(RSF)က ထုတ် ပြန်တဲ့ စာနယ်ဇင်းလွတ်လပ်ခွင့်ကို တိုက်ခိုက်ခြိမ်းခြောက်နေသူတွေစာရင်းမှာ မြန်မာအကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်နဲ့အတူ ထည့်သွင်း ဖော်ပြထားပါတယ်။
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့အခြေစိုက် DVB သတင်းထောက် ကိုအောင်ကျော်ကို စစ်ကောင်စီတရားရုံးက ဇွန်လ ၂ ရက်နေ့မှာ ထောင်ဒဏ် ၂ နှစ်ချမှတ်လိုက်ပါတယ်။
မတ်လ ၁ ရက်နေ့မှာ ကိုအောင်ကျော်ကို မြိတ်မြို့နေအိမ်မှာ စစ်တပ်က အကြမ်းဖက် ဝင်ရောက်ဖမ်းဆီးပြီး ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခဲ့တာဖြစ်ပါတယ်။
ကိုအောင်ကျော်က သူ့ကို စစ်ကောင်စီတရားရုံးက ထောင် ၂ နှစ်ချလိုက်ပေမယ့် အယူခံဝင်ဖို့ အစီအစဉ်မရှိ တော့ဘူးလို့ပြောပါတယ်။
စစ်ကောင်စီလက်အောက်ခံ တရားစီရင်ရေးကို လုံးဝအယုံအကြည်မရှိတဲ့အတွက် ကျနော်အယူခံ မဝင်တော့ပါဘူးလို့ ကိုအောင်ကျော်က စီရင်ချက်ချပြီးချိန်မှာ ပြောပါတယ်။
ကိုအောင်ကျော်ကို ထောင် ၂ နှစ်ချလိုက်တာနဲ့ပတ်သက်ပြီး သူ့ရဲ့ဇနီးမနေခြည်မိုးထက်က စစ်ကောင်စီတရားရုံးရဲ့ဆုံးဖြတ်ချက်ဟာ လုံးဝမတရားဘူးလို့ မှတ်ချက်ပေးပါတယ်။
ကိုအောင်ကျော်အမှုကို မြိတ်မြို့က ရှေ့နေတွေမလိုက်ရဲအောင် စစ်ကောင်စီက ဖိအားတွေ ပေးခဲ့တဲ့အတွက် ကိုအောင်ကျော်ဟာ မီဒီယာဥပဒေကိုကိုင်ပြီး တရားရုံးမှာ ကိုယ်တိုင်ပဲ ချေပခဲ့ရပါတယ်။
မြိတ်မြို့မှာ ပြည်သူတွေအပေါ် စစ်တပ်ရဲ့ အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး သတင်းအဖြစ်မှန်အတိုင်း တိုက်ရိုက်တင်ဆက်ခဲ့တဲ့အတွက် စစ်တပ်က ဖမ်းဆီးတရားစွဲ ထောင်ချခဲ့တာဖြစ်ပါတယ်။
အလားတူ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်ဆီးတရားစွဲခံနေရတဲ့ Mizzima သတင်းဌာနရဲ့ အလွတ်တန်းသတင်းထောက် ကိုဇော်ဇော်ကိုလည်း ဒီနေ့ ရုံးချိန်းမှာ ထောင်ဒဏ် ၂ နှစ် ချမှတ်လိုက်ပါတယ်။
ပြည်မြို့အခြေစိုက် DVB သတင်းထောက် ကိုမင်းညိုကိုလည်း အကြမ်းဖက်စစ်အုပ်စုက ထောင် ၃ နှစ်ချမှတ်ထားပါတယ်။