close

DVF ဆု

close

November 19, 2021

တက်ကြွလှုပ်ရှားသူ မဝေဝေနု နှင့် CNN သတင်းထောက် Clarissa Ward တို့ DVF ဆု ချီးမြှင့်ခံရ

ရိုဟင်ဂျာအရေးနဲ့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူ မဝေဝေနုနဲ့ စစ်အာဏာသိမ်းကာလ မြန်မာနိုင်ငံကိုလာရောက်သတင်းရယူခဲ့တဲ့ CNN အမျိုးသမီးသတင်းထောက် Clarissa Ward တို့အပါအဝင် အမျိုးသမီး ၄ ဦး အခုနှစ်အတွက်   Diane von Furstenberg awards(DVF) ဆုတွေ အသီးသီး ချီးမြှင့်ခံခဲ့ရပါတယ်။

ဒီဆုကတော့ ကမ္ဘာတဝန်းက လူနည်းစုနဲ့ အမျိုးသမီးတွေကိုယ်စား တက်တက်ကြွကြွ ဦးဆောင်လှုပ်ရှားနေကြသူတွေကို ရွေးချယ်ချီးမြှင့်တာဖြစ်ပြီး လွန်ခဲ့တဲ့ ၂၀၁၀ ပြည့်နှစ်က တည်းက နှစ်စဉ်ချီးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ DVF ဆုတွေကိုတော့ The Lifetime Leadership DVF Award ၊ The International DVF Award ၊ The Inspiration DVF Award နဲ့ The Next Generation DVF Award စတဲ့ ကဏ္ဍတွေ အသီးသီးခွဲကာ ပေးအပ်ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ DVF ဆုရွေးချယ်ချီးမြှင့်ခံရတာနဲ့ ပတ်သက်ပြီး မဝေဝေနုက “ခုလို ဆုမျိုး ချီးမြှင့်ခံရချိန်မှာ ကျမသိလိုက်တာက ကျမတခုခုလုပ်လိုက်တယ်၊ ကျမရဲ့ လုပ်ရပ် တွေ မှန်ကန်တယ်လို့ တကယ်သိလာခဲ့ပါတယ်။ အထူးသဖြင့် လူနည်းစုအသိုက်အဝန်းထဲက အမျိုးသမီးတယောက်ကို အသိအမှတ်ပြုခံရဖို့ဆိုတာ တကယ့်ကို ခက်ခဲပါတယ်။ ခုလို ဆုချီးမြှင့်ခံရတဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်”လို့ ရိုက်တာသတင်းမှာ ပြောပါတယ်။

မဝေဝေနုဟာ နိုင်ငံရေးအကျဉ်းသူဟောင်းအဖြစ် ထောင်ဒဏ် ၇ နှစ်ကျခံခဲ့ရပြီးနောက် သမ္မတ ဦး သိန်းစိန် အစိုးရလက်ထက် ၂၀၁၂ ခုနှစ် ဇန်နဝါရီလမှာ ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်၊ ဦးခွန်ထွန်းဦး စသူတို့နဲ့အတူ လွတ်ငြိမ်းချမ်းသာခွင့်နဲ ပြန်လည် လွတ်မြောက်လာခဲ့သူ ဖြစ်ပါတယ်။

အဲဒီအချိန်ကတည်းက သူဟာ အမျိုးသမီးနဲ့ ရိုဟင်ဂျာလူနည်းစုအခွင့်အရေးတွေ အပါအဝင် လူ့အခွင့်အရေးအတွက် တစိုက်မတ်မတ် လှုပ်ရှားဆောင်ရွက်နေခဲ့တာ ဖြစ်ပါတယ်။

မဝေဝေနုရဲ့ဖခင် ဦးကျော်မင်းဟာ ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတုန်းက ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မဲဆန္ဒနယ် အမှတ် (၁)မှာ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တဦး အဖြစ် ဝင်ပြိုင်ခဲ့သူဖြစ်ပါတယ်။

အဲဒီနောက် အလုပ်သမားအခွင့်အရေးတွေကို ရှေ့နေတဦးအဖြစ် လိုက်ပါ ဆောင်ရွက်ရင်း၂၀၀၅ ခုနှစ်မှတော့ ဦးကျော်မင်းအပါအဝင် မိသားစုဝင် ၅ ယောက် ဖမ်းဆီးခံခဲ့ရပြီး ရုံးတင်စစ်ဆေးချိန်မှာ မှတ်ပုံတင်ပြုလုပ်ရာမှာ မမှန်မကန်ဖေါ်ပြမှုနဲ့ တရားစွဲဆိုပြီး ဦးကျော်မင်းကို ထောင်ဒဏ် ၄၇ နှစ်၊ ကျန်မိသားစုဝင် ၄ ယောက်ကို ထောင်ဒဏ် ၁၇ နှစ်စီ ချမှတ်ခံခဲ့ရတာ ဖြစ်ပါတယ်။

မဝေဝေနုဟာလည်း ဖခင်ဖြစ်သူအမှုမှာ ဖမ်းဆီးထိန်းသိမ်း ထောင်ချခံခဲ့ရပြီး အင်းစိန်အကျဉ်းထောင်သို့ ပို့ဆောင်ခံခဲ့ရတာ ဖြစ်ပါတယ်။

အခုနှစ်ရဲ့ The International DVF Award ဆုချီးမြှင့်ခံရသူတွေထဲမှာ မဝေဝေနုနဲ့တူ တက်ကြွလှုပ်ရှားသူတဦးဖြစ်တဲ့ ဆီးရီးယား-လက်ဘနွန်အမျိုးသမီး Dr Rouba Mhaissen လည်းပါဝင်ခဲ့ပြီး The Inspiration DVF Award ဆုကိုတော့ မြန်မာနဲ့ အာဖဂန်အရေး သတင်းတင်ဆက်ခဲ့သူ CNN သတင်းဌာနက အမျိုးသမီးသတင်းထောက် Clarissa Ward ကို ချီးမြှင့်ခဲ့ပါတယ်။

The Lifetime Leadership DVF Award ဆုကိုတော့ Microsoft ကုမ္ပဏီ ပူးတွဲတည် ထောင်သူ Bill Gates ရဲ့ ဇနီးဟောင်း၊ Bill & Melinda Gates Foundation အဖွဲ့က Melinda Gates ကို ချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၂၄ နှစ် အရွယ် ယူဂန်ဒါနိုင်ငံက သဘာဝပတ်ဝန်းကျင်အရေးလှုပ်ရှားသူ Vanessa Nakate ကတော့ The Next Generation DVF Award ဆုချီးမြှင့်ခံခဲ့ရပါတယ်။

ကိုးကား- ရိုက်တာ

3 mins Ago
Up