close

Eastern Sun Federal School၊

close

April 11, 2023

ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်း ၃ ကျောင်းစာရင်း NUG ထုတ်ပြန်

ကြားကာလအခြေခံပညာ ပြည်သူ့ပညာရေးကျောင်း ၃ ကျောင်းကို ထပ်မံအသိအမှတ်ပြု လိုက်တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ဧပြီ ၁၀ ရက်စွဲနဲ့ ကြေညာပါတယ်။

အဆိုပါ ကျောင်း ၃ ကျောင်းကတော့ Eastern Sun Federal School၊ မြန်မာ့ရတနာ ဖက်ဒရယ်ကျောင်းနဲ့ မြနန္ဒာဖက်ဒရယ်ကျောင်းတွေဖြစ်ပြီး ဖေဖော်ဝါရီ ၁၃ ရက်တုန်းကလည်း ကြားကာလအခြေခံပညာပြည်သူ့ပညာရေးကျောင်းတွေအဖြစ် NUG အစိုးရက အသိအမှတ်ပြုကြောင်း ထုတ်ပြန်ခဲ့ပါသေးတယ်။

ခုလို အသိအမှတ်ပြုလိုက်တဲ့ ကျောင်းတွေဟာ ပြည်သူ့ပညာရေးကျောင်း အသိအမှတ်ပြု မူဝါဒ ၁၁ ချက်နဲ့ Information and Technology Security Guideline တွေကို လိုက်နာဆောင်ရွက်မယ်လို့ ဝန်ခံကတိပြုထားတဲ့ အွန်လိုင်းကျောင်းတွေ ဖြစ်ပါတယ်။

စိစစ်ဆဲ အွန်လိုင်းကျောင်းတွေကိုလည်း အသိအမှတ်ပြုကြောင်း ဆက်လက် ထုတ်ပြန် ပေးသွားမှာဖြစ်ကာ မြေပြင်ပြည်သူ့ပညာရေးကျောင်းတွေကို အသိအမှတ်ပြုလက်မှတ် ထုတ်ပေးရေးကိစ္စတွေကိုလည်း ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

NUG အစိုးရ ပညာရေးဝန်ကြီးဌာနအနေနဲ့ ပညာသင်ယူခွင့် ဆုံးရှုံးနေတဲ့ ကျောင်းသားကျောင်းသူတွေအတွက် ကြားကာလ ပြည်သူ့ပညာရေးကျောင်းတွေ ဖွင့်လှစ်ကာ စဉ်ဆက်မပြတ် ပညာသင်ကြားရေးကို အကောင်အထည်ဖော်ဆောင်ရွက်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် NUG အစိုးရဟာ အဆင့်မြင့်ပညာကဏ္ဍက ကျောင်းသား၊ ကျောင်းသူတွေအတွက် ပညာရေးအစီအစဉ်တခုဖြစ်တဲ့ မြန်မာ့နွေဦးတက္ကသိုလ်၊ Myanmar Nway-Oo University (MNOU) ကိုလည်း ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလဆန်းမှာ ဖွင့်လှစ်ထားပါတယ်။

မြန်မာနိုင်ငံမှာတော့ အကြမ်းဖက်စစ်အုပ်စုက မတရား အာဏာသိမ်းယူထားခဲ့တဲ့ ကာလဟာ ၂ နှစ်ကျော် ကြာမြင့်လာခဲ့ပြီဖြစ်ကာ ဒီကာလတွေအတွင်း နိုင်ငံရေး မတည်ငြိမ်မှုတွေနဲ့အတူ စီးပွားရေး၊ လူမှုရေး၊ ကျန်းမာရေး၊ ပညာရေး ကဏ္ဍတွေ အသီးသီးမှာ အဘက်ဘက်က ကျဆင်းနေခဲ့တာပါ။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကတော့ တိုင်းပြည်အေးချမ်းတည်ငြိမ်နေတာကို ပြသချင်တာကြောင့် ပညာရေးနဲ့ပတ်သက်ပြီး တက္ကသိုလ် မဟာဘွဲ့သင်တန်းတွေကစပြီး ဖွင့်လှစ်ခဲ့ကာ အခုနောက်ပိုင်း တက္ကသိုလ်ဝင်စာမေးပွဲ ကျင်းပပြီးတဲ့နောက်မှာတော့ တက္ကသိုလ်နဲ့ကောလိပ် သင်တန်းတွေနဲ့ အဝေးသင်သင်တန်းတွေ အားလုံးကိုဖွင့်လှစ်ဖို့ လုပ်ဆောင်နေပါတယ်။

NUG ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကတော့ စစ်ကောင်စီဟာ ပညာရေးကို လက်နက်လိုသုံးပြီး မြန်မာပြည်သူတွေ ဒုက္ခရောက်အောင် ပြုလုပ်နေတဲ့ နည်းတမျိုးဖြစ်တာကြောင့် စစ်ကောင်စီက ကျင်းပတဲ့ စာမေးပွဲတွေမှာ ဝင်ရောက်ဖြေဆိုသူတွေဟာ အကြမ်းဖက်စစ်ကောင်စီကို ထောက်ခံပံ့ပိုးတဲ့သူ ဖြစ်တဲ့အတွက် ပြည်သူ့တော်လှန်ရေးနဲ့ အနာဂတ်နိုင်ငံတော်ကို သစ္စာဖောက်တဲ့သူတွေ ဖြစ်တယ်လို့ ပြောထားပါတယ်။

11 mins Ago
Up