တောင်ကိုရီးယားအလုပ်အကိုင် ကျွမ်းကျင်မူစာမေးပွဲ (EPS-Topik)ရဲ့ စိုက်ပျိုးရေးနဲ့ မွေးမြူရေးအတွက် အောင်စာရင်းကို ဒီနေ့ထုတ်ပြန်ခဲ့ရာ အောင်မြင်သူ ၃၀၀၀ ကျော်ရှိတယ်လို့ စစ်ကောင်စီလက်အောက်ခံ အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) ရဲ့ ကြေညာချက်အရ သိရပါတယ်။
စက်တင်ဘာလကုန်ပိုင်းက စပြီးပြုလုပ်ခဲ့တဲ့ အဲဒီလုပ်ငန်းနှစ်ခုအတွက် စာမေးပွဲမှာ ဖြေဆိုသူ ၁၀၀၀၀ နီးပါးရှိခဲ့ပြီး ၃၁၀၄ ဦးအောင်မြင်ခဲ့တာ ဖြစ်ပါတယ်။
အဲဒီအောင်မြင်တဲ့အရေအတွက်ဟာ မူလက အောင်ချက်ပေးဖို့ ခန့်မှန်းထုတ်ပြန်ထားတာရဲ့ နှစ်ဆလောက်ပိုများပါတယ်။
တောင်ကိုရီးယားနိုင်ငံက လာမယ့်နှစ်မှာ လုပ်သားတိုးခေါ်ဖို့ရှိတာကြောင့် အောင်မြင်မှုအရေအတွက် တိုးပေးလိုက်တာဖြစ်နိုင်တယ်လို့ အဲဒီစာမေးပွဲဖြေဆိုခဲ့သူတွေက သုံးသပ်ပါတယ်။
"အောင်ချက်ကိုကြည့်ရင် အလုပ်သမားတွေအတွက် မျှော်လင့်ချက်အကြီးကြီးထားလို့ရတယ်လို့ ခန့်မှန်းရတယ်" လို့ ကုန်ထုတ်လုပ်ငန်းအတွက် စာမေးပွဲဖြေဖို့စောင့်နေသူတဦးက ပြောပါတယ်။
စာမေးပွဲအောင်မြင်သူတွေအတွက် အလုပ်လျှောက်လွှာထုတ်ပေးတာ၊ လက်ခံတာတွေနဲ့ပတ်သက်လို့ သီးခြားထပ်ထုတ်ပြန်မယ်လို့ POEA က ဆိုပါတယ်။
EPS-Topik စာမေးပွဲကို စိုက်ပျိုးရေးနဲ့မွေးမြူရေး၊ ကုန်ထုတ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် စစ်ဆေးအကဲဖြတ်တာလုပ်တာဖြစ်ပါတယ်။
လက်ရှိမှာ ကုန်ထုတ်နဲ့ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် စာမေးပွဲတွေကို နောက်နှစ် လယ်ပိုင်းအထိ အသုတ်လိုက်ဆက်ပြီး ပြုလုပ်သွားဖို့ရှိတယ်လို့ သိရပါတယ်။
အဲဒီလုပ်ငန်းအားလုံးအတွက် ဖြေဆိုမယ့်သူ ၃၇၀၀၀ ကျော်ရှိပြီး ဦးရေ ၁၀၀၀၀ နီးပါးကို အအောင်ပေးသွားမယ်ဆိုပြီး POEA က မူလကထုတ်ပြန်ထားပါတယ်။
EPS-Topik စာမေးပွဲအောင်မြင်သူတွေထဲက အလုပ်ရှင်က ရွေးချယ်ခံရသူဟာ တောင်ကိုရီးယားနိုင်ငံကို သွားရောက်ရမှာဖြစ်ပြီး အောင်မြင်သူအားလုံးအလုပ်ရဖို့ စာမေးပွဲကျင်းပရေးအဖွဲ့က အာမမခံထားပါဘူး။
တောင်ကိုရီးယားနိုင်ငံမှာ လက်ရှိ မြန်မာလုပ်သား ၄၀၀၀၀ ကျော် ရောက်ရှိလုပ်ကိုင်နေပြီး ဆက်တိုက်လည်း ထပ်ပြီးခေါ်ယူနေပါတယ်။
တောင်ကိုရီးယား အလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲ (EPS) ကို စက်တင်ဘာလကုန်ပိုင်းက စပြီးကျင်းပသွားမယ်လို့ စစ်ကောင်စီလက်အောက်ခံ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA-EPS) က ထုတ်ပြန်ပါတယ်။
အဲဒီစာမေးပွဲကို သြဂုတ် ၁၆ ရက်မှာ ပြုလုပ်ဖို့စီစဥ်ခဲ့ပြီး ၁ လကျော်ကြာတဲ့အထိ မကျင်းပဖြစ်ခဲ့ဘဲ ဒီနေ့မှ အချိန်စာရင်းအသစ်ကို ပြန်လည်ထုတ်ပြန်တာပါ။
အခု ထုတ်ပြန်လိုက်တဲ့ အချိန်စာရင်းအရ စိုက်ပျိုးရေးနဲ့မွေးမြူရေးလုပ်ငန်းအတွက် စာမေးပွဲကို စက်တင်ဘာ ၂၉ မှ အောက်တိုဘာ ၂၇ အထိ၊ ကုန်ထုတ်လုပ်ငန်းအတွက် ပထမအသုတ်စာမေးပွဲကို အောက်တိုဘာ ၃၁ မှ ဒီဇင်ဘာ ၂၉ အထိ၊ ကုန်ထုတ်လုပ်ငန်းဒုတိယအသုတ်အတွက် စာမေးပွဲကို ၂၀၂၃ ဇန်နဝါရီ ၃ ရက်မှ ဧပြီ ၃ ရက်အထိ၊ ဆောက်လုပ်ရေးလုပ်ငန်းအတွက် စာမေးပွဲကို ဧပြီ ၁၇ မှ မေ ၁၅ အထိ ကျင်းပမယ်လို့ သိရပါတယ်။
ဖြေဆိုရမယ့် နေ့ရက်၊ အချိန်နဲ့ ခုံနံပါတ်တွေကို ထပ်မံကြေညာပေးသွားမှာဖြစ်ပြီး ကုန်ထုတ်နဲ့ ဆောက်လုပ်ရေးလုပ်ငန်းတွေအတွက် ကျင်းပမယ့်ရက် အပြောင်းအလဲရှိနိူင်တယ်လို့ POEA က ဆိုပါတယ်။
EPS စာမေးပွဲဖြေဆိုဖို့ စောင့်ဆိုင်းနေသူတစ်ဦးက “စာမေးပွဲက နောက်နှစ်လယ်ပိုင်းလောက်အထိ ကူးသွားတယ်။ ပြင်ဆင်ချိန်ရတော့ ရသွားတယ်။ အချိန်တော့ ထပ်ဖင့်သွားတာပေါ့” လို့ ပြောပါတယ်။
EPS စာမေးပွဲဖြေဆိုခွင့် လျှောက်ထားတာကို ဇူလိုင်လက အွန်လိုင်းစနစ်နဲ့ လက်ခံခဲ့တာဖြစ်ပြီး လျှောက်ထားသူ ၃၇၀၀၀ ကျော်ရှိတယ်လို့ POEA က ထုတ်ပြန်ထားပါတယ်။
အဲဒီစာမေးပွဲကို ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ၂၀၂၀ က မလုပ်ဖြစ်ခဲ့ဘဲ အခုမှ ပြန်လည်ကျင်းပဖို့ စီစဥ်နေတာ ဖြစ်ပါတယ်။