ကိုလံဘီယာသမ္မတ အီဗန်ဒူကေး လိုက်ပါလာတဲ့ ရဟတ်ယာဉ်ကို မကြာသေးမီက ပစ်ခတ်မှုနဲ့ အတူ ပြီးခဲ့တဲ့ဇွန်လက နိုင်ငံအရှေ့မြောက်ပိုင်း ကူကူတာမြို့ရှိ စစ်စခန်းတစ်ခုကို ဗုံးခွဲ တိုက်ခိုက်ခဲ့မှုအတွက် FARC သူပုန်တပ်မှူး တယောက်က တာဝန်ခံ ပြောဆိုပါတယ်။
သူတို့ကို ခပ်ပြင်းပြင်းလေး ထိသွားအောင် ကိုယ့်နည်းကိုယ်ဟန်နဲ့ လုပ်နိုင်ခဲ့တယ်လို့ ဂျွန်မီချက်စ်လို့ သူ့ကိုယ်သူ နာမည်သုံးစွဲတဲ့ တပ်မှူးတယောက်က ပြောပါတယ်။
သူ့နာမည်အရင်းက ဟာဗီရာအလွန်ဆိုဗီလိုဆာဖြစ်ပြီး ခွဲထွက်ရေး အတိုက်အခံတွေဟာ သာမန်စစ်သားတွေကို သူတို့ရဲ့ရန်သူလို့ မယူဆထားဘဲ စစ်အာဏာရှင်စနစ်ရဲ့ စက်ယန္တရားတွေကို တော့ တိုက်သွားမှာဖြစ်တယ်လို့ ပြောဆိုပါတယ်။
ဗုံးဖောက်ခွဲတိုက်ခိုက်မှုဟာ မြောက်အမေရိကအကြံပေးတွေနဲ့ တပ်ရင်းခေါင်းဆောင်တွေကို ဦးတည်လုပ်ဆောင်တာလို့ ဂျွန်မီချက်စ်က ဒေသခံသတင်းထောက်ကို ပြောကြားပါတယ်။
စစ်တပ်ရဲ့တပ်မ ၃၀ အခြေစိုက်ရာ စစ်စခန်းမှာ ကားဗုံးပေါက်ကွဲမှုကြောင့် အမေရိကန် စစ်တပ်အကြံပေးနှစ်ဦး အပါအ၀င် လူ ၄၄ ဦး ဒဏ်ရာရရှိခဲ့တာပါ။
ဇွန်လနှောင်းပိုင်းမှာတော့ သမ္မတ ဒူကေးနဲ့ တခြားအရာရှိတွေကို တင်ဆောင်လာပြီး မြို့ကို ချဉ်းကပ်လာတဲ့ ရဟတ်ယာဉ်တစ်စင်းကို ကျည်ဆန်မိုး ရွာပေးလိုက်တယ်လို့ ဆိုပါတယ်။
ဇူလိုင်လတုန်းက မော်တီဒီဆန်တန်ဒါပြည်နယ်မှာ ဒီတိုက်ခိုက်မှုမှာ ပါဝင်ပတ်သက်မှု အတွက် လူ ၁၀ ယောက်ကို ဖမ်းဆီးခဲ့ပါတယ်။
သူတို့အားလုံးဟာ ၂၀၁၆ ငြိမ်းချမ်းရေးသဘောတူညီချက်ကို ငြင်းပယ်ပြီး ခွဲထွက်ရေးတပ်ရင်း ၃၃ ကို ပိုင်ဆိုင်တဲ့ ကိုလံဘီယာ တော်လှန်ရေး တပ်မတော် (FARC) သူပုန်ဟောင်းတွေဖြစ်တယ်လို့ ရှေ့နေချုပ်က အဲ့ဒီအချိန်မှာ ပြောကြားခဲ့ပါတယ်။
နှစ်ပေါင်း ၅၀ ကျော် ပဋိပက္ခအတွင်း ဖွဲ့စည်းခဲ့တဲ့ FARC အဖွဲ့ဟာ ငြိမ်းချမ်းရေး သဘောတူညီချက်အရအဖွဲ့ကို ဖျက်ပစ်လိုက်ရပြီး FARC အဖွဲ့ဝင် ၁၃၀၀၀ လောက်ဟာ စုစည်းမှု မရှိတော့ပါဘူး။
FARC အဖွဲ့ဝင်ဟောင်းတွေဟာ Comunes လို့ခေါ်တဲ့ တရားဝင် နိုင်ငံရေးပါတီတစ်ခုကို ဖွဲ့စည်းခဲ့ပြီး၊ လူသတ်မှု၊ ပြန်ပေးဆွဲမှုနဲ့ တခြားရာဇဝတ်မှုတွေအတွက် အသွင်ကူးပြောင်းရေးကာလ တရားမျှတရေးလုပ်ငန်းစဉ်တွေမှာ ပါ၀င်နေကြပါတယ်။
လက်နက်ကိုင်တပ်ဖွဲ့တွေအဆိုအရ တစ်နိုင်ငံလုံးမှာ FARC အတိုက်အခံ ၂၅၀၀ လောက် ရှိနေပါတယ်။ ငြိမ်းချမ်းရေးသဘောတူညီချက်ကို အကောင်အထည်ဖော်ဖို့ တာဝန်ရှိတဲ့ ကိုလံဘီယာ ကာကွယ်ရေး၀န်ကြီးနဲ့ အရာရှိတွေဟာ မှတ်ချက်ပေးဖို့ တောင်းဆိုမှုတွေကို ချက်ချင်း မတုံ့ပြန်ခဲ့ပါဘူး။