Frontier Myanmar သတင်းဌာနရဲ့ မန်နေးဂျင်း အယ်ဒီတာ အမေရိကန် ဂျာနယ်လစ် ဒန်နီဖှန်စတာဟာ သတင်းထောက်အလုပ်ထက်ကျော်လွန် လုပ်ထားတာတွေရှိလို့ ဖမ်းဆီးထိန်းသိမ်းထားတာဖြစ်တယ်လို့ အကြမ်းဖက် စစ်ကောင်စီရဲ့ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
ဒီနေ့ နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ VOA သတင်းဌာနက မေးမြန်းတာကို ပြန်ဖြေခဲ့တာ ဖြစ်ပါတယ်။
“သတင်းထောက်က သတင်းထောက်အလုပ်လုပ်ပြီး မျှမျှတတလုပ်တယ်ဆိုရင် ဖမ်းဆီးစရာ အကြောင်းမရှိပါဘူး။ သူ့မှာ သတင်းထောက်အလုပ်ထက် ကျော်လွန်ပြီး လုပ်ထားတာတွေ ရှိပါတယ်။ ပုဒ်မတွေလည်း တပ်ထားပါတယ်။ ကျနော်တို့ ထိန်းသိမ်းစရာရှိလို့ ထိန်းသိမ်းထားတာ ပါ” လို့ပြောပါတယ်။
သတင်းထောက်က မေးမြန်းထားပေမဲ့ ဘာတွေ စစ်ဆေးတွေ့ရှိတယ်ဆိုတာနဲ့ ဖှန်စတာကို ဘာပုဒ်မတွေနဲ့ စွဲဆိုထားတယ်ဆိုတာကိုတော့ ဗိုလ်ချုပ်ဇော်မင်းထွန်းက မပြောသွားပါဘူး။
အမေရိကန်နိုင်ငံသား ဒင်နီဖှန်စတာကို မေ ၂၄ ရက်နေ့က ရန်ကုန်ကနေ မလေးရှားကို သွားဖို့ ရန်ကုန်လေဆိပ်ကိုရောက်နေတုန်း ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
ဒင်နီဖှန်စတာရဲ့ ကျန်းမာရေး ကောင်းမွန်ပြီး အကျဉ်းအချုပ်သားတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးပေမဲ့ ထိုးတာ မထိုးတာကတော့ သူ့ရဲ့ သဘောပဲဖြစ်တယ်လို့လည်း ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ၈ လအတွင်း သတင်းထောက်နဲ့ မီဒီယာအမှုထမ်း ၁၀၂ ယောက် ဖမ်းဆီးခံရတယ်လို့ Reporting ASEAN က စက်တင်ဘာ ၂၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။ ဒီထဲက တချို့ ပြန်လွတ်လာပြီး ၄၈ ယောက်ကတော့ အကျဉ်းထောင်အသီးသီးမှာ ဆက်လက်ဖမ်းဆီးခံထားရဆဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံ အင်းစိန်အကျဉ်းထောင်တွင်းမှာ ၄ လလောက် ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန်ဂျာနယ်လစ် ဒန်နီဖှန်စတာကို စက်တင်ဘာ ၂၀ ရက်က တရားရုံးထုတ် ကြားနာမှုမှာ စိတ်ပျက်အားလျော့နေပုံပေါက်နေတယ်လို့ သူ့ရဲ့ရှေ့နေက ပြောပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုအခြေအနေကြောင့် အကျဉ်းထောင်တွင်း အထူးတရားရုံးအစား မြို့နယ်တရားရုံးတစ်ခုမှာ ရုံးထုတ်ကြားနာခဲ့တာပါ။
မနေ့က တရားရုံးကြားနာမှုအတွင်း ဗွီဒီယိုကွန်ဖရင့်နဲ့ စကားပြောတဲ့အခါ အမေရိကန် သတင်းထောက်ဟာ စိတ်ဓာတ်ကျနေပုံရတယ်၊ ဒါဟာ တစ်လကျော်အတွင်း သူ့ရဲ့ ပထမဆုံးအခွင့်အရေးပါလို့ ဖှန်စတာရဲ့ ရှေ့နေ ဦးသန်းဇော်အောင်က သတင်းထောက်တွေကို ပြောကြားပါတယ်။
“သူ့ဆံပင်က ပိုရှည်လာပြီး စိတ်ပျက်နေပုံလည်းရတယ်။ စိတ်ပျက်လက်ပျက် ဖြစ်နေတဲ့လေသံနဲ့ သူ့မှာ ပြောစရာ စကားမရှိဘူး" လို့လည်း ပြောကြောင်း ရှေ့နေက ပြန်ပြောပြပါတယ်။
“ထောင်အာဏာပိုင်တွေက ကာကွယ်ဆေးထိုးပေးထားလားလို့ မေးကြည့်တဲ့အခါမှာလည်း သူက No-လို့ ပြောပါတယ်။ သူ့စကားဟာ သူ နေမကောင်းဘူးဆိုတာ ပြနေတယ်။ ဘာမှလည်း မတောင်းဆိုဘူး”လို့ ရှေ့နေက ပြောပါတယ်။
မနေ့က ကြားနာမှုဟာ ဖှန်စတာရဲ့ရုံးချိန်းမတိုင်ခင် ချုပ်ရက်ကိုထပ်တိုးဖို့ ရမန်ထပ်ယူဖို့သာဖြစ်ပြီး သူ့ရဲ့နောက်ထပ်ရုံးချိန်းကို လာမယ့်အောက်တိုဘာလ ၄ ရက်မှာ သတ်မှတ်ထားပါတယ်။ သူ့ကို အာမခံနဲ့ပြန်လွှတ်ပေးဖို့ လျှောက်ထားခွင့် ပြုမလားဆိုတာလည်း ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
“ဖှန်စတာရဲ့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ကျနော်တို့အရမ်းစိုးရိမ်ပါတယ်” လို့ Frontier Myanmar အယ်ဒီတာချုပ် သောမတ်စ်ကီးန်က ပြောပါတယ်။
ဖှန်စတာဟာ အင်းစိန်ထောင်ထဲ ရောက်နေရတာ ၄ လလောက်ရှိနေပြီး အရမ်းကို စိတ်ပျက်နေမယ်ဆိုတာလည်း နားလည်ကြောင်းနဲ့ အာဏာပိုင်တွေဟာ သူ့ကို နောက်ထပ် တရက်လောက်တောင် ထပ်ပြီးထိန်းသိမ်းထားဖို့ အကြောင်းမရှိဘူးလို့လည်း ဆိုပါတယ်။ သူ့မိသားစုနဲ့ အမြန်ဆုံး ပြန်တွေ့နိုင်အောင် ပြန်လွှတ်ပေးသင့်တယ်လို့လည်း ပြောပါတယ်။
လွတ်လပ်တဲ့ အွန်လိုင်းသတင်းဌာန Frontier Myanmar ရဲ့ အုပ်ချုပ်မှုအယ်ဒီတာ ဖှန်စတာကို ထောင်ဒဏ် ၃ နှစ်အထိ ပြစ်ဒဏ်ချခံရနိုင်တဲ့ သတင်းတုတွေ ဖြန့်ဝေမှုအတွက် လှုံ့ဆော်မှုနဲ့ စွဲချက်တင်ထားတာဖြစ်ပေမဲ့ ဘယ်လိုရာဇဝတ်မှုကို ကျူးလွန်တယ်ဆိုတဲ့ စွဲချက်အသေးစိတ်တွေကို ဖော်ပြမထားပါဘူး။
သတင်းစာပညာဟာ ရာဇ၀တ်မှုမဟုတ်ကြောင်းနဲ့ ဒန်နီဖှန်စတာနဲ့ တခြား သတင်းထောက်တွေကို ဖမ်းဆီးထားတာဟာ မြန်မာနိုင်ငံရှိ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အပေါ် လက်မခံနိုင်စရာ တိုက်ခိုက်မှုတစ်ခုဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရ နက်ဒ်ပရိုက်စ်က ပြောဆိုထားပါတယ်။
ဖှန်စတာကို လွှတ်ပေးဖို့ အမေရိကန်အစိုးရ နည်းတူ ကမ္ဘာတဝန်းရှိ စာနယ်ဇင်းအသင်းတွေနဲ့ လွတ်လပ်စွာပြောဆိုခွင့် အဖွဲ့အစည်းတွေကလည်း တောင်းဆိုထားပါတယ်။