close

G7 နိုင်ငံ

close

June 28, 2022

တရုတ်ခေတ်သစ်ပိုးလမ်းမစီမံကိန်းကိုတုံ့ပြန်ရန် G7 နိုင်ငံများ ကန်ဒေါ်လာဘီလီယံ ၆၀၀ သုံးမည်

ကမ္ဘာ့စီးပွားရေး အင်အားကြီး ၇ နိုင်ငံအဖွဲ့ G7 ရဲ့ နိုင်ငံ့ခေါင်းဆောင်တွေဟာ တရုတ်ရဲ့ ခေတ်သစ်ပိုးလမ်းမစီမံကိန်းကို တုံ့ပြန်ဖို့ အမေရိကန်ဒေါ်လာ ဘီလီယံ ၆၀၀ သုံးရေး ရည်မှန်းဆုံးဖြတ်ခဲ့ကြပါတယ်။  

ဂျာမနီနိုင်ငံတောင်ပိုင်း အယ်လ်မောင်ရဲတိုက်ထဲမှာ ကျင်းပတဲ့ အစည်းအဝေး နောက်ဆုံးအကျော့အတွင်း ဆုံးဖြတ်ချက်ကို ကြေညာခဲ့တာပါ။ 

အခြေခံအဆောက်အဦနဲ့ ရေရှည်တည်တံ့တဲ့ ဖွံ့ဖြိုးတိုးတက်ရေး အစပျိုးမှုတရပ်အတွက် G7 ဟာ ဒေါ်လာ ၆၀၀ ဘီလီယံကို ၂၀၂၇ ခုနှစ်မှာ စသုံးမယ်လို့ ကြေညာခဲ့တာပါ။  

“ဒီမိုကရေစီနိုင်ငံတွေ အတူတကွ ပူးပေါင်းဆောင်ရွက်တဲ့အခါ ကျနော်တို့ရဲ့ ပြည်သူတွေနဲ့ ကမ္ဘာသူ ကမ္ဘာသား အားလုံးအတွက် ရလဒ်များပေးဆောင်ရာမှာ တခုတည်းသော အကောင်းဆုံးလမ်းကြောင်းကို ပေးဆောင်တယ်ဆိုတာ  ကမ္ဘာကို ပြချင်တယ်” လို့ ဥရောပသမဂ္ဂ EU ကော်မရှင်ဥက္ကဋ္ဌ အာဆူလာ ဗွန်ဒါလေယန်က ပြောပါတယ်။ 

ရုရှက ယူကရိန်းကို ကျူးကျော်ပြီး လေးလအကြာမှာ ဥရောတခွင် စည်းလုံးခဲ့တာဟာ သေးငယ်တဲ့ အစိတ်အပိုင်း မဟုတ်ဘဲ ဒါဟာ ဂျာမန်အဓိပတိ အော့လော့ဖ် ရွှိုက်ဇ်ကြောင့်လို့ အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က လူသိရှင်ကြား ချီးကျူးခဲ့ပါတယ်။ 

ရေငုပ်သင်္ဘောတွေ အရေး၊ ဝက်အူချောင်းတွေ တင်ပို့ရေးနဲ့ ပတ်သက်လို့ မနှစ်က ပဋိပက္ခ ဖြစ်ခဲ့တဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်နဲ့ ပြင်သစ် သမ္မတ အီမန်နျူယယ် မက်ခရွှန်တို့လည်း ထိပ်သီးညီလာခံမှာ ပြုံးရွှင်နေခဲ့ကြပါတယ်။

အပြန်အလှန် ဆွေးနွေးပွဲတွေဟာ ယူကရိန်းအရေးကို အာရုံစိုက်ထားလို့ ဥရောပသမဂ္ဂကနေ ဗြိတိန်နိုင်ငံ နုတ်ထွက်လို့ ဖြစ်လာတဲ့ အငြင်းပွားစရာ ကိစ္စတွေကို မဆွေးနွေးခဲ့ကြပါဘူး။

10 mins Ago

June 7, 2021

ကမ္ဘာ့အကြီးဆုံးကုမ္ပဏီများ အခွန်ဆောင်ရေး G7 နိုင်ငံများသဘောတူ

 ကမ္ဘာ့အကြီးဆုံး ကုမ္ပဏီတချို့က သုံးနေတဲ့ နယ်စပ်ဖြတ်ကျော် အခွန်ရှောင်တဲ့ ဟာကွက်တွေကို ပိတ်ဖို့ အထင်ကရ ဆုံးဖြတ်ချက် တရပ်ကို ကမ္ဘာ့အချမ်းသာဆုံးနိုင်ငံတွေအုပ်စု G7 က ဇွန်လ ၅ ရက်မှာ သဘောတူ လိုက်ကြပါတယ်။

ကမ္ဘာလုံးဆိုင်ရာ ကော်ပိုရေးရှင်းတွေဟာ သူတို့ လုပ်ငန်းတွေ လည်ပတ်နေတဲ့ တိုင်းပြည်တွေထဲမှာ အခွန်တွေပေးတာ သေချာစေရေး လုပ်ဆောင်ချက် ချမှတ်ဖို့နဲ့ အနည်းဆုံး ၁၅ ရာခိုင်နှုန်းကို ကော်ပိုရိတ်အခွန်အဖြစ်ပေးဖို့ အစီအစဉ်ကိုလဲ ကျောထောက်နောက်ခံ ပေးမယ်လို့ ကမ္ဘာ့ အတိုးတက်ဆုံး ခုနှစ်နိုင်ငံ အုပ်စု G7 က ပြောပါတယ်။

ကိုဗစ်-၁၉  ကပ်ရောဂါ စတည်းက ပထမဆုံး အနေနဲ့ G7 အဖွဲ့ဝင် နိုင်ငံတွေက နိုင်ငံခြားရေး ဝန်ကြီးတွေ ဗြိတိန်နိုင်ငံ မြို့တော် လန်ဒန်မှာ မျက်နှာချင်းဆိုင် တွေ့ဆုံ ဆွေးနွေးခဲ့တာပါ။ 

သဘာဝပတ်ဝန်းကျင်အပေါ် သက်ရောက်မှုတွေကို ပိုပြီး အဆင့်ရှိတဲ့ နည်းလမ်းတွေနဲ့ ကုမ္ပဏီတွေကို ကြေညာခိုင်းဖို့ကိုလည်း ဝန်ကြီးတွေက သဘောတူခဲ့ပါတယ်။

ဒါမှသာ ရင်းနှီးမြှုပ်နှံသူတွေက သူတို့ကို ရန်ပုံငွေ ထုတ်ပေးမလားဆိုတာ ဆုံးဖြတ်ရ ပိုလွယ်စေမယ် ဒါဟာ ဗြိတိန်ရဲ့ အဓိက ပန်းတိုင်လည်းဖြစ်တယ်လို့ ရိုက်တာသတင်းဌာနကရေးပါတယ်။

ချမ်းသာတဲ့ နိုင်ငံတွေဟာ အမေဇုံ ဖေ့စ်ဘွတ်ခ်နဲ့  ဂူဂလ်လိုမျိုး အကြီးစား နိုင်ငံပေါင်းစုံ ပါတဲ့ ကုမ္ပဏီတွေဆီက ငွေပိုရရေး နည်းလမ်းတွေကို သဘောတူဖို့ နှစ်ချီ ကြိုးစားရုန်းကန် ခဲ့ရတာပါ။ ဒီလုပ်ငန်းကြီးတွေဟာ အကျိုးအမြတ်အများကြီး ရနေပေမယ့် အခွန်နည်းနည်းသာ ဆောင်ရပြီး တချို့က လုံးဝကို မပေးသလောက်ပဲလို့လည်း မီဒီယာတွေမှာ ဖော်ပြပါတယ်။

1 year Ago
Up