စီးပွားရေးထိပ်သီး ကမ္ဘာ့နိုင်ငံများအဖွဲ့ (G7) ဟာ ယူကရိန်းကို ဒီနှစ်အတွက် စီးပွားရေးထောက်ပံ့မှု ဒေါ်လာ ၃၉ ဘီလီယံအထိ တိုးမြှင့်ခဲ့ပြီး ယူကရိန်းနိုင်ငံအတွက် IMF အစီအစဉ်ကို မတ်လကုန်မှာ လုပ်ဆောင်ဖို့ တိုက်တွန်းခဲ့ကြောင်း အစုအဖွဲ့ရဲ့ လက်ရှိဥက္ကဋ္ဌ ဂျပန်က ပြောလိုက်ပါတယ်။
G7 အနေနဲ့ ရုရှားအပေါ် နောက်ထပ်အရေးယူမှုတွေကို မဆုံးဖြတ်ခင်မှာ လက်ရှိ ဒဏ်ခတ်ပိတ်ဆို့ထားမှုတွေရဲ့ ထိရောက်မှုကို အကဲဖြတ်ဖို့လိုအပ်ကြောင်း ဂျပန် ဘဏ္ဍာရေးဝန်ကြီး ရှူနိချိ ဆူဇူကီးက သတင်းထောက်တွေကို ပြောပါတယ်။
ဒီဆုံးဖြတ်ချက်ဟာ ရုရှားရဲ့ ယူကရိန်းကို ကျူးကျော်စစ် နှစ်ပတ်လည်နေ့မတိုင်ခင် အကြိုနေ့မှာ အစုအဖွဲ့ရဲ့ ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ် အုပ်ချုပ်ရေးမှူးတွေ အစည်းအဝေးအပြီးမှာ ဆုံးဖြတ်ခဲ့တာပါ။
အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေဟာ ရုရှားရဲ့ “အထူးစစ်ဆင်ရေး” အတွက် ငွေကြေးထောက်ပံ့မှုကို ထိခိုက်စေဖို့ ရည်ရွယ်ထားပေမဲ့ စစ်ပွဲတွေက ဆက်ဖြစ်နေတာပါ။
ယူကရိန်းနိုင်ငံဟာ ချက်ချင်းလက်ငင်း ဘဏ္ဍာရေးအကူအညီ လုံလောက်စေပြီး စစ်ပွဲအလွန် ပြန်လည်တည်ဆောက်ရေးမှာ စနစ်တကျ ပြုပြင်ပြောင်းလဲမှုတွေကို ပံ့ပိုးကူညီရာမှာ အထောက်အကူဖြစ်စေမယ့် အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ရဲ့ ဒေါ်လာ ၁၅ ဘီလီယံ အစီအစဉ်ကို ရယူထားနိုင်ဖို့ မျှော်လင့်နေပါတယ်။
ကမ္ဘာ့စီးပွားရေးဟာ မျှော်မှန်းထားတာထက် ပိုပြီး ခံနိုင်ရည်ရှိတယ်လို့ G7 နိုင်ငံတွေက ယုံကြည်ထားပေမဲ့ ငွေကြေးဖောင်းပွမှု မြင့်မားနေဆဲဖြစ်ကြောင်း ဂျပန်ဘဏ်အုပ်ချုပ်ရေးမှူး ဟာရုဟိကို ကူရိုဒါက ပြောပါတယ်။
G7 ရဲ့ ဘဏ္ဍာရေးခေါင်းဆောင်တွေဟာ G20 နိုင်ငံများ ဘဏ္ဍာရေးအကြီးအကဲတွေရဲ့ အစည်းအဝေးမတိုင်ခင် အိန္ဒိယနိုင်ငံ ဘန်ဂါလူရူမှာ စုဝေးခဲ့ကြတာ ဖြစ်ပါတယ်။
ယူကရိန်းသမ္မတ ဗိုလိုဒီမာဇလန်းစကီးက သူ့အစိုးရကို နောက်ထပ် သဘာဝဓာတ်ငွေ့ ကုဗမီတာ နှစ်ဘီလီယံ ပေးဖို့နဲ့ လက်နက်တွေ၊ ခေတ်မီတင့်ကားတွေ၊ အမြောက်တပ်တွေနဲ့ တာဝေးပစ်အမြောက်တွေ ထောက်ပံ့ကူညီဖို့ နိုင်ငံ ၇ နိုင်ငံအုပ်စု G7 ကို ဒီဇင်ဘာ ၁၂ ရက်က တိုက်တွန်းလိုက်ပါတယ်။
ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပတဲ့ G7 ဗီဒီယိုကွန်ဖရင့်မှာ အဝေးကနေ စကားပြောဆိုရာမှာ ဇလန်းစကီးက ယူကရိန်းစစ်ပွဲအတွက် သံတမန်ရေးရာဆုံးဖြတ်ချက် တခုအတွက် ခိုင်မာတဲ့ ခြေလှမ်းတခုလုပ်ဖို့ ရုရှားကို တောင်းဆိုခဲ့ပြီး ခရစ္စမတ်မှာ ရုရှားအစိုးရက သူ့ရဲ့တပ်တွေကို ရုပ်သိမ်းသင့်တယ်လို့ အကြံပြုခဲ့ပါတယ်။
“ရုရှားက ယူကရိန်းကနေ သူ့ရဲ့တပ်ဖွဲ့တွေကို ဆုတ်ခွာပေးမယ်ဆိုရင် ပစ်ခတ်တိုက်ခိုက်မှုတွေကို စိတ်ချလက်ချ အဆုံးသတ်ဖို့ သေချာစေလိမ့်မယ်” လို့ ဇလန်းစကီးက ပြောပါတယ်။
ရုရှားဟာ ဖေဖော်ဝါရီမှာ ယူကရိန်းကို ကျူးကျော်ခဲ့ပြီး နိုင်ငံတောင်ဘက်နဲ့ အရှေ့ဘက်မှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။
မကြာသေးမီ သီတင်းပတ်တွေအတွင်း ရုရှားအစိုးရက ယူကရိန်း စွမ်းအင်အခြေခံ အဆောက်အအုံကို ဒုံးကျည်တွေ အတွဲလိုက် ပစ်လွှတ်တိုက်ခိုက်ခဲ့ပါတယ်။