close

Happy KTV

close

April 24, 2023

ဖားကန့် Happy KTV ရှေ့တွင် ပြည်သူ ၂ ဦးကို စစ်တပ်က ပစ်သတ်

ကချင်ပြည်နယ်၊ ဖားကန့်မြို့၊ မရှီကထောင်ရပ်ကွက်  Happy KTV ကာရာအိုကေရှေ့မှာ ဧပြီ ၂၄ ရက် ဒီနေ့ မနက်ပိုင်းက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက   ပြည်သူနှစ်ယောက်ကို  သေနတ်နဲ့ ပစ်သတ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ပြီးခဲ့တဲ့ရက်က ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ Happy KTV အတွင်းမှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက အမျိုးသားနှစ်ယောက်ကို  သေနတ်နဲ့ ပစ်သတ်ခဲ့တာဖြစ်ပြီး သေဆုံးသွားသူတွေနဲ့ ပတ်သက်လို့ လတ်တလော အသေးစိတ်မသိရသေးပါဘူး။

ဒေသခံအမျိုးသားတစ်ဦးက "မနက် ၄ နာရီခွဲလောက်က  သေနတ်သံတွေကြားလိုက်ရတယ်။  မနက်မိုးလင်းတော့မှ အမျိုးသားနှစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရလို့ သေနေတာသိရတယ်။  အဲ့မှာ လုံခြုံရေးယူထားတဲ့အဖွဲ့က ပစ်တာ။ ဘာလို့ပစ်လဲတော့မသိရဘူး" လို့ ပြောပါတယ်။

မနေ့ မနက်ပိုင်းက  Happy KTV မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ အပေါင်းပါတွေ လာရောက်ပျော်ပါးနေစဉ် ကေအိုင်အေတပ်ဖွဲ့ဝင်တွေက ပစ်ခတ်ခဲ့တဲ့အတွက် စစ်ကောင်စီတပ် စစ်ကြောင်းမှူး ဗိုလ်မှူးဇော်မိုင်း အပါအဝင် လုပ်ငန်းရှင် ငါးဦး သေဆုံးခဲ့တဲ့အတွက် KTV မှာ စစ်ကောင်စီတပ်က လုံခြုံရေးယူထားတာဖြစ်ပါတယ်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအနီးမှာ ပြီးခဲ့တဲ့  မတ် ၁၈ ရက်က စစ်ကောင်စီတပ်နဲ့ ကေအိုင်အေတို့ တိုက်ပွဲဖြစ်ပြီး  အရပ်သားပြည်သူ ၅ ဦး သေနတ်ထိမှန် သေဆုံးခဲ့ပါသေးတယ်။

2 mins Ago
Up