close

ICJ တရားရုံး ပယ်ချ

close

July 22, 2022

မြန်မာတင်သွင်းသည့် ကနဦးကန့်ကွက်လွှာအားလုံးကို ICJ တရားရုံး ပယ်ချ

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ) မှာ တရားစွဲထားတာနဲ့ ပတ်သက်ပြီး မြန်မာစစ်ကောင်စီက တင်သွင်းခဲ့တဲ့ ကနဦး ကန့်ကွက်လွှာ (Preliminary Objections) အားလုံးကို တညီတညွတ်တည်း ပယ်ချကြောင်း  အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) တရားရုံးက ဆုံးဖြတ်လိုက်ပါတယ်။

နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံးမှာ ဒီနေ့ ဇူလိုင် ၂၂ ရက် မြန်မာစံတော်ချိန် ည ၇ နာရီခွဲလောက်က  တရားရုံးအမိန့်ဖတ်ကြားပွဲကျင်းပရာမှာ တရားသူကြီး Joan Donoghue က မြန်မာရဲ့လျှောက်ထားချက်တွေကို ပယ်ချကြောင်း ဆုံးဖြတ်ချက်ကို ဖတ်ကြားသွားတာဖြစ်ပါတယ်။

မြန်မာစစ်ကောင်စီက တင်သွင်းခဲ့တဲ့ ကနဦး ကန့်ကွက်လွှာ ၃ ခုကို  ICJ တရားသူကြီးတွေ အားလုံးးက တညီတညွတ်တည်း ပယ်ချလိုက်ပြီး   လေးခုမြောက် ကန့်ကွက်လွှာ ကိုတော့ တရားသူကြီး ၁၅ ဦးက ပယ်ချပြီး တရားသူကြီး ၁ ဦးက ထောက်ခံခဲ့တယ်လို့လည်းဆိုပါတယ်။

အခုလို ဆုံးဖြတ်ချက်အမိန့်ချမှတ်လိုက်တာကြောင့်   မူလတရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ICJ တရားရုံးအနေနဲ့ တရားစီရင်ပိုင်ခွင့် ရရှိသွားပြီဖြစ်ပါတယ်။ 

ကိုဗစ်ကပ်ရောဂါ ကန့်သတ်ချက်ကြောင့် ဒီနေ့တရားခွင်ကို နှစ်ဖက်ကိုယ်စားလှယ်တွေနဲ့ တရားသူကြီးတွေ၊ ရုံးအဖွဲ့ဝင်တွေ၊ ခွင့်ပြုထားတဲ့ သတင်းမီဒီယာတချို့ပဲ တက်ရောက်ခွင့်ရှိမှာဖြစ်ပေမဲ့  ICJ ဝက်ဘ်ဆိုက်ကနေ တိုက်ရိုက်ထုတ်လွှင့်ပေးခဲ့တာဖြစ်ပါတယ်။

အမိန့်ဖတ်ကြားပွဲကို စစ်ကောင်စီခန့် ဝန်ကြီး ဦးကိုကိုလှိုင်ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ တရားရုံးမှာ လာရောက်နားထောင်ခဲ့ကြပါတယ်။

၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကိုတားဆီးဖို့နဲ့ ပြစ်ဒဏ်ပေးရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ် (Convention on the Prevention and Punishment of the Crime of Genocide)ကို ကျူးလွန်ဖောက်ဖျက်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့  မြန်မာကို ဂမ်ဘီယာဘက်က တရားစွဲဆိုထားတာ လည်းဖြစ်ပါတယ်။

စစ်ကောင်စီကိုယ်စားလှယ်အဖွဲ့ကတော့ ဂမ်ဘီယာနိုင်ငံက မြန်မာကိုတရားစွဲတဲ့ ဒီအမှုကို ICJ အပြည်ပြည်ဆိုင်ရာတရားရုံးက စစ်ဆေးစီရင်ခွင့်မရှိဘူးလို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၅ ရက်နေ့မှာ ပြုလုပ်တဲ့ ကြားနာပွဲမှာ ကန့်ကွက်ထားတာဖြစ်ပါတယ်။

10 hours Ago
Up