အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ မြန်မာစစ်ကောင်စီကိုယ်စားလှယ်တွေရဲ့ လျှောက်လဲချက်တွေနဲ့ ပတ်သက်ပြီး ပယ်ချပေးဖို့ ဂမ်ဘီယာဘက်က တောင်းဆိုတိုက်တွန်းလိုက်ပါတယ်။
ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ မြန်မာနိုင်ငံအပေါ်တရားစွဲထားတဲ့အမှုနဲ့ ပတ်သက်ပြီး ဂမ်ဘီယာနိုင်ငံရဲ့ ကိုယ်စားလှယ်တွေက နယ်သာလန်နိုင်ငံ၊ သည်ဟိဂ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)မှာ ဖေဖော်ဝါရီ ၂၃ ရက်က တင်ပြလျှောက်လဲရာမှာ ပြောသွားတာပါ။
ပြီးခဲ့ရက်က မြန်မာဘက်က တင်သွင်းခဲ့တဲ့ ကနဦးကန့်ကွက်လွှာဆိုင်ရာလျှောက်လဲချက်တွေကို ပယ်ချဖို့နဲ့ ဒီအငြင်းပွားမှုနဲ့ ပတ်သက်ပြီး ICJ တရားရုံးအနေနဲ့ ဆက်လက်တရားစီရင် အဆုံးအဖြတ်ပေးဖို့ ဂမ်ဘီယာ ရှေ့နေချုပ် တရားရေးဝန်ကြီး ဒေါဒါဂျဲလိုးက ဒီကနေ့ တရားရုံးမှာ တိုက်တွန်း လျှောက်လဲသွားပါတယ်။
ဂမ်ဘီယာဘက်က လိုက်ပါဆောင်ရွက်ပေးနေတဲ့ နိုင်ငံတကာရှေ့နေ ပေါလ်ရီချလာကလည်း မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်က စစ်အာဏာသိမ်းခဲ့သူတွေဟာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့ရာမှာ ခေါင်းဆောင်ခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့၊ ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်းတို့ဖြစ်တယ်လို့ပြောပါတယ်။
ဒါကြောင့် ဒီအမှုဟာ ပိုပြီး အရေးကြီးလာပြီဖြစ်တယ်၊ တရားရုံးရဲ့ တရားစီရင်မှုကနေသူတို့ လွတ်မြောက်ခဲ့မယ်ဆိုရင် သူတို့ ဘယ်သူ တဦးတယောက်ကမှ တာဝန်ခံမှာမဟုတ်ဘူး၊ သူတို့ရဲ့ကျူးလွန်မှုတွေအတွက် ဖိအားပေးလို့ရမှာမဟုတ်သလို ရိုဟင်ဂျာတွေကို အဆုံးစွန်ထိ ပျက်စီးရာပျက်စီးကြောင်းဖြစ်စေလိမ့်မယ်လို့လည်း သတိပေး ပြောပါတယ်။
ဒီအမှုနဲ့ပတ်သက်ပြီး အခု ဒုတိယအကြိမ် ကြားနာပွဲကို ဖေဖော်ဝါရီ ၂၁ ရက်မှ ၂၈ ရက်အထိ ပြုလုပ်နေရာမှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ ၂၁ ရက်ကတော့ မြန်မာဘက်က စစ်ကောင်စီ အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်တဲ့ အဖွဲ့က တက်ရောက် လျှောက်လဲခဲ့ကြပါတယ်။
စစ်ကောင်စီကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီငှားထားတဲ့ နိုင်ငံတကာရှေ့နေတွေက လျှောက်လဲရာမှာတော့ ဒီအမှုနဲ့ ပတ်သက်ပြီး ICJ တရားရုံးမှာ စီရင်ခွင့်မရှိကြောင်းနဲ့ ဂမ်ဘီယာနိုင်ငံအနေဖြင့်လည်း တရားစွဲဆိုခွင့်မရှိကြောင်း အဓိကထား ခုခံလျှောက်လှဲခဲ့ ကြတာဖြစ်ပြီး ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး ငြင်းဆိုခဲ့တာ မရှိပါဘူး။
ဂမ်ဘီယာနိုင်ငံဟာ အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (အိုအိုင်စီ) အဖွဲ့ရဲ့ တာဝန်ပေးချက်အရ အိုအိုင်စီကိုယ်စား တရားစွဲပေးခြင်းဖြစ်လို့ အခုအမှုကို တရားရုံးက လက်မခံသင့်ကြောင်း၊ အိုအိုင်စီဟာ နိုင်ငံတကာ အဖွဲ့အစည်းတစ်ခုဖြစ်လို့ ICJ မှာ ဥပဒေအရ အငြင်းပွားမှု တင်သွင်းခွင့် မရှိသဖြင့် ကန့်ကွက်ကြောင်း ဂမ်ဘီယာနိုင်ငံဟာလည်း နစ်နာသူနိုင်ငံမဟုတ်လို့ တရားစွဲခွင့် မရှိကြောင်း မြန်မာဘက်က တင်ပြခဲ့ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ဒီကနေ့ ဂမ်ဘီယာဘက်က ပြန်လည်တုံ့ပြန်ရာမှာ ဒါဟာ ဂမ်ဘီယာနဲ့ မြန်မာအကြား အငြင်းပွားမှုဖြစ်တယ်၊ ဒီအမှုဟာ ဂမ်ဘီယာ တင်သွင်းတဲ့ အမှုဖြစ်ပြီး အိုအိုင်စီက တင်တဲ့အမှုမဟုတ်ဘူး၊ ဂမ်ဘီယာဟာ ဘယ်သူရဲ့ ကိုယ်စားမှလည်း မဟုတ်ဘူး၊ ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်ခံနေရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ငါနဲ့ မဆိုင်ဘူးဆိုပြီး ရှောင်လွှဲနေလို့မရဘူးလို့ ပြန်လည်လျှောက်လဲသွားခဲ့ကြပါတယ်။
ဂမ်ဘီယာကိုယ်စားလှယ်တွေရဲ့ ဒီနေ့ လျှောက်လဲမှုတွေအပေါ် မြန်မာဘက်က စစ်ကောင်စီဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ် ဒေါက်တာသီတာဦးတို့ တရားခွင်မှာ တက်ရောက်ကြားနာခဲ့ပေမဲ့ တန်ပြန်လျှောက်လဲမှုကိုတော့ လာမယ့် ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာ ပြုလုပ်မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံကို ဂမ်ဘီယာနိုင်ငံက အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၌ ၁၉၄၈ ခုနှစ် လူမျိုးသုဉ်းစေမှုကို တားဆီးရန်နှင့် ပြစ်ဒဏ်ပေးရန် နိုင်ငံတကာသဘောတူစာချုပ် ကို ကျူးလွန်ဖောက်ဖျက်သည်ဟု စွပ်စွဲချက်ဖြင့် တရားစွဲဆိုထားတာဖြစ်ပြီး ပထမအကြိမ် ကြားနာမှုကို ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်တုန်းက ပြုလုပ်ခဲ့ရာမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ခဲ့တာဖြစ်ပါတယ်။
ဒီအမှုမှာကြားနာခွင့်ရဖို့ စစ်ကောင်စီဘက်ကရော အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကပါ အပြိုင်အဆိုင်ကြိုးပမ်းခဲ့ကြရာမှာ စစ်ကောင်စီကိုယ်စားလှယ်တွေက ICJ တရားရုံးမှာ လာရောက် တရားရင်ဆိုင် လျှောက်လဲခွင့်ရခဲ့တာပါ။
ရိုဟင်ဂျာအမှုကိစ္စနဲ့ ပတ်သက်ပြီး အခုလို မြန်မာ အာဏာသိမ်း စစ်အုပ်စုကိုကိုယ်စားပြုသူတွေကို ICJ တရားရုံးက လျှောက်လဲခွင့်ပြုတာဟာ မဖြစ်သင့်ဘူးလို့ ကန့်ကွက်ကြသူတွေလည်းရှိပါတယ်။
ICJ တရားရုံးဘက်ကတော့ ဒီအမှုဟာ နိုင်ငံအပေါ် တရားစွဲထာတဲ့အမှုဖြစ်ပြီး တရားရုံးမှာ စစ်ကောင်စီကိုယ်စားလှယ်တွေကို လျှောက်လဲခွင့်ပြုတာဟာ သူတို့ကို တရားဝင်အစိုးရအဖြစ် အသိအမှတ်ပြုတာ မပြုတာနဲ့ သက်ဆိုင်ခြင်းမရှိကြောင်း ရှင်းရှင်းလင်းလင်း မှတ်ချက်ပြုထား ပါတယ်။
ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှု ကျုးလွန်တယ်ဆိုပြီး ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံအပေါ် တစွဲဆိုထားတဲ့အမှုအတွက် ဒီကနေ့ ဖေဖော်ဝါရီ ၂၁ ရက်က နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) မှာ ဒုတိယအကြိမ်မြောက် ကြားနာနေပါတယ်။
အခု ဒုတိယအကြိမ် ကြားနာပွဲကို ၄ ရက်ပြုလုပ်မှာဖြစ်ပြီး ဂမ်ဘီယာရော မြန်မာဘက်ကရော လျှောက်လဲချက်တွေ အပြန်အလှန်ပေးရမှာ ဖြစ်ကာ ဒီကနေ့ မြန်မာဘက်က စစ်ကောင်စီ ကိုယ်စားလှယ် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်က စတင် တင်လျှောက်လဲနေပါတယ်။
စစ်ကောင်စီက အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဦးကိုကိုလှိုင်နဲ့ ရှေ့နေချုပ် ဒေါ်သီတာဦးတို့ ဦးဆောင်တဲ့ အဖွဲ့ဝင် ၁၅ ယောက်ပါတဲ့ အဖွဲ့ကို အမှုကြားနာဖို့ နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့ကို စေလွှတ်ထားတာဖြစ်ပါတယ်။
ဒီကြားနာမှုမှာ မြန်မာနိုင်ငံကိုယ်စားပြုတက်ရောက်ခွင့်ရဖို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရော စစ်ကောင်စီဘက်ကပါ အပြိုင်ကြိုးစားခဲ့တာပါ။ တရားရုံးက NGU ဘက်ကို အကြောင်းပြန်တာမရှိသေးပေမယ့် ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲမှာရှိတဲ့ မြန်မာသံရုံးကိုတော့ ဆင့်ခေါ်စာပို့ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ နိုင်ငံခြားရေးဝန်ကြီးဌာန ဦးဝဏ္ဏမောင်လွင်က အွန်လိုင်းကနေ တက်ရောက်ဖို့ ရှိပါတယ်။ ဒီအမှုတွက် အရင် အရပ်သားအစိုးရတုန်းက ရှေ့နေလိုက်ပေးခဲ့တဲ့ ဝီလျံစ်ရှေးဘတ် နုတ်ထွက်သွားလို့ စစ်ကောင်စီက ရှေ့နေအသစ်တွေ ထပ်ငှားထားပါတယ်။
ဒီအမှုကို ၂၀၁၉ တုန်းက ပထမအကြိမ်ကြားနာစစ်ဆေးစဉ် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်ပြီး သည်ဟိတ်မြို့အထိ သွားရောက်ချေပခဲ့ရာမှာ ICJ တရားရုံးရဲ့ ဆုံးဖြတ်စီရင်ပိုင်ခွင့်နဲ့ ပက်သက်လို့ မြန်ဘာဘက်က ကနဦးကန့်ကွက်ချက် (Preliminary Objection) လုပ်ခဲ့ပါတယ်။
NUG အစိုးရကတော့ ကနဦး ကန့်ကွက်ချက်ကို ရုပ်သိမ်းကြောင်း ဒီနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တရားရုံးကို အကြောင်းကြားစာပို့ထားပေမဲ့ ICJ တရားရုံးဘက်က တုံ့ပြန်တာမရှိသေးပါဘူး။
ဒီကနေ့ အမှုကြားနာပွဲမစတင်ခင် ရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲတခုကို နယ်သာလန်နိုင်ငံ သည်ဟိတ်မြို့မှာ ကျင်းပခဲ့ရာ NUG နိုင်ငံခြားရေးဝန်ကြီး ဒေါ်ဇင်မာအောင်နဲ့ လူ့အခွင့်အရေးဆိုင်ရာ ဝန်ကြီး ဦးအောင်မျိုးမင်းတို့ တက်ရောက်ခဲ့ကြပြီး ရိုဟင်ဂျာတွေ တရားမျှတမှု ရရှိရေးအတွက် ရှင်းလင်းပြောကြားခဲ့ပါတယ်။