မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (MICS-TUsf) ရဲ့ အထွေထွေအတွင်းရေးမှူးချုပ် ကိုသက်နှင်းအောင်ကို ခြွင်းချက်မရှိ လွှတ်ပေးဖို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ဒီဇင်ဘာ ၉ ရက်နေ့မှာ ထပ်မံတောင်းဆိုလိုက်ပါတယ်။
အလုပ်သမားအရေးဆောင်ရွက်သူ ကိုသက်နှင်းအောင်ဟာ မတရားအသင်းအက်ဥပဒေ ပုဒ်မ ၁၇/၁ နဲ့ မွန်ပြည်နယ်၊ ပေါင်မြို့နယ် အထူးတရားရုံးက ဒီဇင်ဘာ ၅ ရက်မှာ ထောင်ဒဏ် ၂ နှစ်နဲ့ ငွေဒဏ် ချမှတ်ခံထားရတာပါ။
ILO ညွှန်ကြားရေးမှူး ဟောင်ဘိုက “ကိုသက်နှင်းအောင်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးဖို့ အာဏာပိုင်တွေကို တိုက်တွန်းပါတယ်။ အလုပ်သမားအဖွဲ့အစည်း၊ အလုပ်ရှင် အဖွဲ့အစည်းတွေရဲ့ ရပိုင်ခွင့်တွေကို ကျင့်သုံးဖို့ဆိုတာ အဲဒီအဖွဲ့အစည်းခေါင်းဆောင်၊ အဖွဲ့ဝင်တွေအပေါ် မည်သည့်အကြမ်းဖက်မှု၊ ဖိအားပေးမှု၊ ခြိမ်းခြောက်မှုမှမရှိတဲ့ ဝန်းကျင်မှာပဲ ကျင့်သုံးလို့ရနိုင်ပါတယ်။ နိုင်ငံရေးဆန့်ကျင်သူတွေအပေါ် ဖိနှိပ်တာ၊ မြန်မာပြည်သူတွေအပေါ် အကြမ်းဖက်တာ၊ လူ့အခွင့်အရေးတွေကို မသိကျိုးကျွံပြုနေတာတွေကို ရပ်တန့်ရပါမယ်” လို့ ပြောပါတယ်။
စစ်တပ်အာဏာသိမ်းပြီးနောက် အလုပ်သမားအရေး လှုပ်ရှားသူတွေကို စစ်ကောင်စီက ဖမ်းဆီးတာတွေ လုပ်ဆောင်ခဲ့ပြီး ကိုသက်နှင်းအောင်ကို ၂၀၂၁ ခုနှစ်၊ နှစ်လယ်ပိုင်းက ကရင်ပြည်နယ်၊ မြဝတီမြို့မှာ ဖမ်းဆီးရမိခဲ့တာလို့ သိရပါတယ်။
မြန်မာနိုင်ငံဟာ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်တပ်ကအာဏာလွှဲယူပြီးနောက် ၁၈ လ ကြာကာလနဲ့ ကမ္ဘာ့ကပ်ရောဂါဖြစ်ပွားမှု တနှစ်ခွဲကြာကာလမှာ အလုပ်အကိုင်ဆုံးရှုံးမှုတွေနဲ့ အလွန်အမင်း ကြုံတွေ့နေရပြီး ၂၀၂၀ခုနှစ်နဲ့ နှိုင်းယှဉ်ပါက၊ အလုပ်ကိုင် ၁.၁ သန်း နည်းပါးသွားကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) က ခန့်မှန်းထားပါတယ်။
အိုင်အယ်(လ်)အို ဆက်သွယ်ညှိနှိုင်းရေးအရာရှိဖြစ်သူ Mr. Donglin Li က “စစ်တပ်ကအာဏာလွှဲယူပြီး ၁၈ လကြာတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အလုပ်အကိုင်အခြေအနေဟာ အရမ်းကို ခက်ခဲတဲ့ အခြေအနေမှာ ရှိနေပါတယ်။ အကန့်အသတ်ရှိနေတဲ့ အလုပ်အကိုင် တိုးတက်မှုလက္ခဏာတွေ ရှိနေပေမယ့်၊ လက်ရှိလုံးပါးပါးနေတဲ့ အလုပ်အကိုင်အခြေအနေဆိုးရွားမှုတွေနဲ့ အလုပ်အကိုင် အရည်အသွေးကျဆင်းမှုဟာ အလွန်အမင်းစိုးရိမ်ဖွယ်ရာ ကောင်းတဲ့ အခြေအနေမှာ ရှိနေပါတယ်” လို့ ပြောပါတယ်။
၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်မှာ အလုပ်အကိုင်အခြေအနေ အနည်းငယ်ပြန်လည်ကောင်းမွန်လာဖို့ ညွှန်ပြခဲ့ပေမဲ့ အလုပ်အကိုင်အရည်အသွေးတွေ ပိုမိုဆိုးရွားစွာ ကျဆင်းလာပြီး ကုန်ထုတ် စွမ်းအားလည်း ပိုမိုကျုံ့ဆင်းလာကာ၊ ၂၀၂၀ ခုနှစ် အချိန်ကာလ အလုပ်အကိုင်တွေထက် အဆင့်နိမ်ကျနေတယ်လို့လည်း ILO က ခန့်မှန်းထုတ်ပြန်ထားတာပါ။
အဲဒီကာလအတွင်း အမျိုးသမီးတွေက အမျိုးသာတွေထက် အဘက်ဘက်က ပိုမိုထိခိုက် ခံစားနေတယ်လို့ ဆိုထားပါတယ်။
ILO က ထုတ်ပြန်တဲ့ ခန့်မှန်းချက်အရ ၂၀၂၁ ခုနှစ်မှာ လုပ်သားကုန်ထုတ်စွမ်းအား ၈ ရာခိုင်နှုန်း ကျုံ့ဆင်းသွားခဲ့ကာ ၂၀၂၂ ခုနှစ်၊ ပထမနှစ်ဝက်မှာ နောက်ထပ် ၂ ရာခိုင်နှုန်း ထပ်မံကျုံ့ဆင်းသွားပြီး စစ်တပ်က အာဏာလွှဲယူမှု မတိုင်မီနှစ်တွေက ရရှိခဲ့တဲ့ ခိုင်မာတဲ့ အကျိုးအမြတ်များကို ပြောင်းပြန်ဖြစ်စေခဲ့တယ်လို့ ဆိုပါတယ်။
ဒါ့အပြင် အလုပ်သမားအခွင့်အရေး ဆိုးရွားစွာ ချိုးဖောက်ခံရမှုတွေကြောင့် အလုပ်သမားများစွာဟာ ဆိုးရွားလှတဲ့ အလုပ်အကိုင်အခြေအနေတွေနဲ့ ရင်ဆိုင်ကြုံတွေ့နေရကြောင်း၊ အဲဒီအခြေအနေဟာ အဓိကကျတဲ့ လုပ်ငန်းကဏ္ဍတွေက လုပ်ငန်းတွေနဲ့ အလုပ်သမားတွေကို ထိခိုက်နစ်နာစေခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ILO ရဲ့ လေ့လာ တွေ့ရှိချက်တွေအရ အထည်ချုပ်လုပ်ငန်းတွေမှာ နေ့စားအလုပ်လုပ်ကိုင်နေရတာ အလုပ်ချိန် ပုံမှန်မဟုတ်တာ၊ အလုပ်သမားတွေက နည်းပါးတဲ့ လုပ်အားခကိုသာ ရရှိအနေအထားတွေ ပိုမိုဖြစ်ပေါ်လာတယ်လို့ ဆိုပါတယ်။
အဲဒီအပြင် အလုပ်သမားတွေဟာ အလုပ်အကိုင်ရပ်စဲခံရတဲ့အခါမှာ ရရှိရမဲ့ အလုပ်ထုတ်နစ်နာကြေး အကျိုးခံစားခွင့်ကို မရရှိတဲ့ အခြေအနေတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်နေတယ်လို့ ILO က ထုတ်ပြန်အသိပေးထားပါတယ်။
ILO ဟာ ကုလသမဂ္ဂရဲ့ အထူးအေဂျင်စီတခုဖြစ်ပြီး အဖွဲ့ဝင်နိုင်ငံပေါင်း ၁၈၇ နိုင်ငံက အစိုးရတွေ အလုပ်ရှင်တွေနဲ့ အလုပ်သမားတွေ အတူတကွတွေ့ဆုံပြီး အလုပ်သမားရေးရာ စံချိန်စံညွှန်းတွေကို သတ်မှတ်တာနဲ့ မူဝါရေးဆွဲချမှတ်တာတွေကို ဆောင်ရွက်နေတာဖြစ်ပါတယ်။