ရခိုင်ပြည်နယ်ထဲမှာ အကြမ်းဖက်စစ်ကောင်စီက NGO/ INGO ဝန်ထမ်းတွေကို ခရီးသွားလာခွင့်ပိတ်ပင်ကန့်သတ်လိုက်တဲ့ မြို့နယ် ၈ မြို့နယ်အထိ ရှိလာပြီဖြစ်တယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA)က ဒီကနေ့ ထုတ်ပြန်ပါတယ်။
စစ်ကောင်စီတပ်နဲ့ ရက္ခိုင့်တပ်တော်(အေအေ) တို့ကြား တကျော့ပြန် တိုက်ပွဲတွေ ပြင်းထန်လာပြီးနောက် မောင်တော၊ ရသေ့တောင်၊ ဘူးသီးတောင်၊ မင်းပြား၊ မြောက်ဦး၊ မြေပုံမြို့နယ် ၆ မြို့နယ်ကို စစ်ကောင်စီက လုံခြုံရေးအကြောင်းပြပြီးတော့ စက်တင်ဘာ ၁၆ ရက်က စတင်ကာ အကန့်အသတ်မရှိ ပိတ်ပင်လိုက်တာဖြစ်ပြီးတော့ ခုနောက်တိုးမြို့နယ် ၂ ခုအနေနဲ့ ပေါက်တောနဲ့ ကျောက်တော်မြို့နယ်တွေ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။
ပေါက်တောမြို့နယ်ကို လူသားချင်းစာနာမှုအကူအညီပေးဖို့အတွက် သွားလာဝင်ရောက်ခွင့်တွေမရတော့တဲ့အပြင် ကျောက်တော်မြို့နယ်ကိုလည်း မြို့ပေါ်မှာသာ ဝင်ရောက်ခွင့်ရပြီး ရခိုင်ပြည်နယ် ဘူးသီးတောင်၊ ကျောက်ဖြူ၊ ကျောက်တော်၊ မင်းပြားနဲ့ တောင်ကုတ်အပါအဝင် မြို့နယ်အများအပြားမှာလည်း ရှာဖွေဖမ်းဆီးတာတွေ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် လက်နက်ကိုင်တိုက်ပွဲတွေနဲ့အတူ လုံခြုံရေးတင်းကျပ်မှုတွေ၊ သွားလာဝင်ရောက်ခွင့် ကန့်သတ်ချက်တွေနဲ့ အကူအညီပေးရေးလုပ်သားတွေအပေါ် ခြိမ်းခြောက်မှုတွေဟာ မြန်မာနိုင်ငံတဝန်း လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးလုပ်ငန်းတွေကို ဆက်လက်အဟန့်အတားပြုနေတယ်လို့လည်း UNOCHA က ပြောပါတယ်။
နောက်ဆုံးထုတ်ပြန်ထားတဲ့ စာရင်းတွေအရ မြန်မာနိုင်ငံတဝန်း အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ ၁ ဒသမ ၄ သန်းကျော် ရှိလာပြီး ဒီအထဲကမှ လူဦးရေ ၁ သန်းကျော်ဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ စစ်တပ် အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့်ဖြစ်တယ်လို့ ကုလသမဂ္ဂ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်တောင်ပိုင်းမှာတော့ တကျော့ပြန် စစ်ရေးပဋိပက္ခကြောင့် ပြီးခဲ့တဲ့ သြဂုတ်လကစပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူ ၁၆,၀၀၀ ကျော်ရှိလာပြီး အရင်ကတည်းက ရှိနေသူတွေနဲ့ပါဆိုရင် နေရပ်စွန့်ခွာထွက်ပြေးရသူ စုစုပေါင်း ၉၀,၀၀၀ ကျော်အထိရှိလာပြီလို့ သိရပါတယ်။
ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် တရိန်း(မြို)ရွာနဲ့ ရခိုင်ကျေးရွာတွေမှာ တာဝန်ထမ်းဆောင်နေတဲ့ ကျန်းမာရေးနဲ့ INGO ကျန်းမာရေးလုပ်သားတဦး သြဂုတ် ၂၉ ရက်နေ့ ညနေပိုင်းက မိုင်းနင်းမိပြီး ခြေနှစ်ဖက်လုံး ပြင်းထန်စွာဒဏ်ရာရရှိသွားပြီး မောင်တောခရိုင် ပြည်သူ့ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။
ယခင်က စစ်ကောင်စီနဲ့ အေအေတို့ တိုက်ပွဲဖြစ်ပွားခဲ့ဖူးတဲ့ တရိမ်းကျေးရွာရဲ့ ၂ မိုင်ကျော် အကွာမှာ ဝါးသွားခုတ်စဥ် အခုလို မိုင်းနင်းမိခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
မိုင်းနင်းမိပြီးဒဏ်ရာရရှိသူမှာ Malteser inter အဖွဲ့မှ အသက် ၂၉ နှစ်အရွယ် ကိုစိန်ကြက်ဖြစ်ပြီး တရိန်းမြိုရွာနဲ့ ရခိုင်ရွာမှာ ကျန်းမာရေးဝန်ထမ်းအဖြစ် တာဝန်ပေးခံထားရသူလည်း ဖြစ်ပါတယ်။
မိုင်းနင်းမိပြီး ဒဏ်ရာရရှိခဲ့တဲ့ ကိုစိန်ကြက်က “တောင်ယာမှာ တဲဆောက်နေတော ဝါးမလုံလောက်ဘူး။ ဝါးသွားခုတ်တဲ့အခါ လမ်းမှာ မိုင်းနင်းမိတာပါ။ ဒီဒေသခံဆိုတော့ ဒီလိုတခါမှ မကြုံဖူးဘူး။ ရွာနဲ့ ၂ မိုင်ခွဲ ၃ မိုင်လောက်မှာ နင်းမိတာ။ မိုင်းနင်းမိတော့ သတိမေ့သွားတယ်။ အရင်တနေ့ကလည်း မိုင်းတလုံး ပေါက်တယ်။ နွားတကောင် ထိသွားတယ်။ အခုတဖန် နောက်တလုံး ပေါက်တာ။ ဆရာဝန်ကတော့ အရိုးအကြောတွေ ဘာမှမဖြစ်ဘူး၊ အသားတွေအားလုံး ကြွေမွသွားတယ်လို့ ပြောတယ်။ ဓာတ်မှန်ရိုက်ထားတယ်” လို့ ပြောပါတယ်။
ကျေးရွာအနီး မိုင်းနင်းမိပြီး ထိခိုက်ဒဏ်ရာရရှိခဲ့တာကြောင့် ဒေသခံရွာသားတွေ တောင်ယာမသွားဝံ့ ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
“ဒေသခံအများစုက တောင်ယာနဲ့ အသက်မွေးကြတာဆိုတော့ အခုအချိန်မှာ ရွာပြင်တောင် မသွားရဲကြတော့ဘူး။ စိုးရိမ်မှုတွေ များသွားကြတယ်။”
ရခိုင်ပြည်နယ်မှာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ ဩဂုတ်လအထိ စစ်ကျန်လက်နက်နဲ့ မိုင်းပေါက်ကွဲမှုတို့ကြောင့် သေဆုံးသူ ၇ ဦးနဲ့ ဒဏ်ရာရရှိသူ ၂၂ ဦးအထိ ရှိလာပြီလို့ အရပ်ဘက် အဖွဲအစည်းတွေရဲ့ စာရင်းတွေအရ သိရပါတယ်။