close

International Holocaust Remembrance Day

close

January 29, 2022

အသက် ၁၀၀ နှစ်ရှိ အဘွားအို နာဇီသတ်ဖြတ်မှုမှရှင်ကျန်ရစ်သည့် အတွေ့အကြုံ အီးယူပါလီမန်တွင် ပြောပြ

ဘယ်လ်ဂျီယံနိုင်ငံ ဘရပ်ဆဲလ်မြို့မှာ ဥရောပသမဂ္ဂက ကြီးမှူးကျင်းပတဲ့ ဂျူးလူမျိုးများ အစုလိုက် အပြုံလိုက် အသတ်ခံရမှု အောက်မေ့ဖွယ်နေ့ (International Holocaust Remembrance Day) မှာ နာဇီသတ်ဖြတ်မှုမှ ရှင်ကျန်ရစ်သူ အသက် ၁၀၀  နှစ်ရှိ ဂျူးဂျာမန်လူမျိုး မာဂေါ့ဖရီးဒ်လန်ဒါ  တက်ရောက်ခဲ့ပါတယ်။

အဘွားအို မာ‌ဂေါ့က သူကိုယ်တိုင် ကြုံတွေ့ခဲ့ရတဲ့ ထိတ်လန့်ဖွယ်ဖြစ်ရပ်တွေကို ဥရောပပါလီမန်မှာ  ဂျာမန် ဘာသာစကားနဲ့ ပြောပြခဲ့တာပါ။

“ကျမ ကျောင်းကနေ အိမ်ကိုပြန်လာတော့ အိမ်တံခါးပိတ်ထားပြီး၊ အမေနဲ့ အစ်ကိုကို မတွေ့ရတော့ပါဘူး၊ သူတို့ ဘေးအိမ်မှာ စာလေးရေးထားခဲ့တယ်၊ ‘မာဂေါ့ မင်း အသက်ရှင်ဖို့ ကြိုးစားပါ’ ဆိုတဲ့စာပါ၊ ကျွန်မ နားထဲ ဘယ်တော့မှ မထွက်ဘူး။ ၁၉၄၅ ဧပြီလကုန်မှာ တခြားသူတွေနဲ့အတူ ကျမတို့ကို  ဂျာမန်စစ်သားတွေက ခေါ်သွားပြီး နွားတွေတင်တဲ့ ရထားနဲ့ မောင်းသွင်းခဲ့တယ်။ ရထားတံခါး ဖွင့်လိုက်တဲ့အခါမှာတော့ ကျမတသက် ဘယ်တော့မှ မေ့မရတဲ့ မြင်ကွင်းပါ၊ အထဲက လူတွေဟာ လူရုပ်တောင် မပေါက်တော့ပါဘူး၊ အားလုံးအထဲမှာ ပြည့်ကြပ်ညပ် လဲပြိုနေပြီး ခက်ခက်ခဲခဲ အသက်ရှင်ကြရတာပါ။ ရထားက ဂျူးတွေကို မီးလောင်တိုက်သွင်းတဲ့ အော့ဇဝက်စ်စခန်းက ပြန်လာတာပါ။ ကျမ အမေနဲ့ အစ်ကိုကို ပြန်မတွေ့ရတော့ဘူးလို့ ကျမ သိလိုက်တယ်။ ကျမတော့ ဆက်အသက်ရှင်ချင်တယ်။  ဒီလိုနဲ့ ကံကောင်းထောက်မစွာ အသတ်ခံရတဲ့စာရင်းမှာမပါဘဲ ရှင်သန်ခဲ့ပါတယ်။”

မာဂေါ့ အဓိကပြောတာကတော့ “နာဇီတွေဟာ ဂျူးတွေကို လူသားတွေလို့ သဘောမထားနိုင်ခဲ့ဘူး၊ ဒါကြောင့် မဖြစ်သင့်တာတွေ ဖြစ်ကုန်တယ်၊ ဒီကနေ့ အားလုံး လူလို့ သဘောထားကြပါ၊ ဘယ်သူမဆို တယောက်ကို တယောက် မချစ်နိုင်ပါဘူး၊ ဒါပေမဲ့ တခြားသူရဲ့ ရှင်သန်ခွင့်ကို လေးစား အသိအမှတ်ပြုကြရမယ်။ ခရစ်ယာန်၊ မွတ်ဆလင်၊ ဂျူး ဘယ်သူတွေဖြစ်ဖြစ် လူ့သွေးသားတွေနဲ့ပါ။ အားလုံးအတူတူပဲ၊ ဒီဖြစ်ရပ်မျိုး နောက်တကြိမ် ဘယ်တော့မှ ဘယ်တော့မှ မကျူးလွန်မိပါစေနဲ့” လို့ ပြောခဲ့ပါတယ်။

1 min Ago
Up